ခေတ်ပြိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြည်သူလူထုအား ပြည်လုံးကျွတ် ဆန္ဒခံယူ ပွဲတွင် ပြတ်ပြတ်သားသား ကန့်ကွက်မဲပေးရန် ကြေညာခဲ့ပြီးသည့်နောက် အဖွဲ့ချုပ်ဝင်များက ပြည်သူများကြား ရှင်းလင်းပြောဆိုမှုများ စတင်လုပ်ဆောင်နေသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။
“ကျနော်တို့အဖွဲ့ဝင်တွေက ပြည်သူတွေကြားသွားပြီး ရှင်းလင်းပြောဆိုတာတွေ လုပ်နေပါတယ်။ နောက် ထွက်လာမယ့် ဥပဒေတို့ မဲရုံစနစ်တို့ ဒီဟာတွေအားလုံး သိလာရင် စဉ်ဆက်မပြတ် လေ့လာမယ်၊ လိုအပ်ချက်တွေကို ကျနော်တို့ ဖြည့်ဆည်းပြီးတော့ ကျနော်တို့အဖွဲ့ဝင်တွေကိုပို့မယ်။ သူတို့က ပြည်သူကြားမှာ သွားရောက်ရှင်းပြမယ်ပေါ့” ဟု ၎င်းက ပြောသည်။
လာမည့်မေလတွင် စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်ရန် ကြေညာထားသဖြင့် ယင်းဖွဲ့စည်းပုံမူကြမ်းသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက် ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခြင်းမဟုတ်ဘဲ နအဖစစ်အစိုးရက ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် ပုဂ္ဂိုလ်များဖြင့်သာ တဘက်သတ်ရေးဆွဲထားသည့် မူကြမ်းဖြစ်သည့်အတွက် ကန့်ကွက်မဲပေးကြရန် အန်အယ်လ်ဒီက ဧပြီလ (၂) ရက်တွင် ကြေညာချက်ထုတ်ကာ ပြည်သူများသို့ ပန်ကြားခဲ့သည်။
ထို့အပြင် အဖွဲ့ချုပ်ဗဟိုမှ အထူးကြေငြာချက် ၄/၀၃/၀၈ နှင့် ပြည်လုံးကျွတ်ဆန္ဒခံ့ယူပွဲနှင့် ပတ်သက်၍ သိထားရမည့်အချက်များ စသည့် ကြေညာချက်နှစ်ခုကိုလည်း တပြိုင်တည်း ထုတ်ပြန်ခဲ့သည်။
ယင်းသို့ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်များကို လက်တွေ့အကောင်အထည်ဖော်သွားရန် ပြီးခဲ့သည့် သောကြာနေ့ကလည်း အဖွဲ့ချုပ်ရုံးတွင် အစည်းအဝေးကျင်းပပြုလုပ်ပြီး အန်အယ်လ်ဒီလူငယ်အဖွဲ့ ၀င်များက ဆုံးဖြတ်ချက်များ ချခဲ့ကြောင်း ယင်းဆုံးဖြတ်ချက်ကို ဗဟိုအလုပ်အမှုဆေင်အဖွဲ့ထံ တင်ထားကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။
အဓိက ဆုံးဖြတ်ချက်များမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ပြည်သူလူထုဧ။် ဆန္ဒအစစ်အမှန် ဖော်ထုတ်နိုင်ရေးအတွက် အဖွဲ့ချုပ်လူငယ်များ အနေဖြင့် တရားဝင်ပူးပေါင်းဆောင်ရွက်နိုင်သည့် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ကို ဖော် ထုတ်နိုင်ရန် မသမာမှု၊ မတရားမှုများ မပေါ်ပေါက်ရန် လေ့လာစောင့်ကြည်ရေးအဖွဲ့များ ဖွဲ့၍ ပြည်သူလူထုအား ကူညီသွားရေးတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဖွဲ့ချုပ်ဗဟိုမှ ထုတ်ပြန်သည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် ကြေညာချက်များ ကိုလည်း ကြိုဆိုထောက်ခံကြောင်းနှင့် မဲဆန္ဒရှင် ပြည်သူလူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရန် ထပ်ဆင့်ဖြန့်ချိသွားမည်ဟုလည်း ဆုံးဖြတ်ချက်တွင်ပါရှိကြောင်း ရန်ကုန်တိုင်းမှ အန်အယ်လ်ဒီ လူငယ်တာဝန်ခံတဦးက ပြောသည်။
“စတိတ်မင့်ကို တပြည်လုံးအနေနဲ့ တပြိုင်တည်း၊ တချိန်တည်း ဖြန့်နိုင်အောင်ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ အန်အယ်လ်ဒီကြေညာချက်များကို ပြည်သူကြားသို့ စတင်ဖြန့်ချိရာတွင် မနေ့ကအထိ တောင်ကုတ်တွင်သာ ပြဿနာရှိသေးသည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။
“လောလောဆယ်တော့ တောင်ကုတ်ပြဿနာပဲရှိသေးတယ်၊ ကျနော်တို့ (၂) ရက်နေ့က ထုတ်တဲ့ စာရွက်စာတမ်းတွေ ယူသွားတဲ့ ကလေးကို သူတို့ဖမ်းခေါ်သွားတယ်။ လူကို လွှတ်လိုက်တယ် သူတို့ စာရွက်စာတမ်းတွေ ယူသွားတယ်။. ကျနော်တို့က စာရွက်စာတမ်းတွေက တရားဝင် ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် ပြန်ထုတ်ပေးဖို့ သူတို့ဆီကို စာတင်ထားတယ်” ဟု ပြောသည်။
နအဖကမူ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပျက်ပြားအောင် လုပ်သူအား ထောင်ဒဏ် (၃) နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ် (၁) သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မည်ဟု ကြေညာထားသည်။
No comments:
Post a Comment