Friday, April 25, 2008

မြန်မာသူပုန်များနှင့် သွေးစည်းရေးအတွက် ဘင်္ဂလား-မြန်မာ ချစ်ကြည်ရေး ဘောပွဲကျင်းပ

ဆော်လမွန် Friday, 25 April 2008
နယူးဒေလီ။ ။ မြန်မာ စစ်အာဏာရှင်များကို ဆန့်ကျင် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများနှင့် သွေးစည်း ညီညွတ်ကြောင်း ပြသရန်အတွက် ပထမဆုံးအကြိမ်အဖြစ် မြန်မာဘောလုံးအသင်း တသင်းနှင့် ချစ်ကြည်ရေး ကစားပွဲ ကစားမည်ဖြစ်ကြောင်း အိန္ဒိယပရီမီယာ ဘောလုံးအသင်း တသင်းဖြစ်သည့် အရှေ့ဘင်္ဂလား ဘောလုံးအသင်းက ထုတ်ဖေါ် ပြောကြားလိုက်သည်။

ဘင်္ဂါလီ-မြန်မာ ချစ်ကြည်ရေး ဘောပွဲအဖြစ် ဘင်္ဂလား ပြည်သူများ ကိုယ်စားပြု ကင်းဖစ်ရှာ အရှေ့ဘင်္ဂလား ဘောလုံးအသင်းနှင့် မြန်မာပြည်သူများ ကိုယ်စားပြု မဇ္ဈိမ ဘောလုံးအသင်းတို့သည် ဘင်္ဂါလီ-မြန်မာ ချစ်ကြည်ရေး ဘောပွဲကို ဧပြီလ (၂၆) ရက်နေ့တွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသွားပါသည်။

“ဒီပွဲကို ခုလို စီစဉ်ကျင်းပရတာ မြန်မာပြည်က အာဏာရှင်စနစ်အကြောင်း ဘင်္ဂလားပြည်သူတွေ သိရှိစေဘို့နဲ့ ကိုလ်ကာတာမြို့ ပရက်စီဒင်စီ ထောင်ကြီးမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာလူမျိုး ၃၄ ဦး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပါတယ်” ဟု ပွဲကို ပူးတွဲကျင်းပသူတဦး ဖြစ်သည့် အနောက်ဘင်္ဂလားပြည်နယ် အားကစားဌာန ပြည်သူ့ ဆက်ဆံရေးအရာရှိ Somitra Lahiri က ပြောဆိုသွားပါသည်။

ဤဘောပွဲကို အန်ဒမန်နှင့် နီကိုဘာကျွန်းစုတွင် ၁၉၉၈ ခုနှစ်က အဖမ်းခံခဲ့ရပြီး လောလောဆယ် ကိုလ်ကာတာမြို့ ပရက်စီဒင်စီ အကျဉ်းထောင်ကြီးအတွင်း ဆင်းရဲဒုက္ခ ခံစားနေရသည့် မြန်မာသူပုန် ၃၄ ဦး၏ အမှုကိစ္စကို အာရုံစိုက် သတိပြုမိလာကြစေရန်လည်း ရည်ရွယ်ကြောင်း Lahiri က ဆက်လက် ပြောဆို သွားခဲ့ပါသည်။

ရခိုင်နှင့် ကရင်တိုင်းရင်းသား အများစုပါဝင်သည့် မြန်မာသူပုန် ၃၄ ဦးကို အိန္ဒိယလုံခြုံရေး တပ်ဖွဲ့များက နီကိုဘာကျွန်းတွင် ၁၉၉၈ ခုနှစ် နှစ်ဆန်းပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဤသူပုန်များကို လက်နက်မှောင်ခိုမှုဖြင့် ပို့ဘလဲမြို့တွင် တရားမျှတသည့် တရားစွဲဆို တင်ပို့မှုမရှိဘဲ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော် အိန္ဒိယ လူ့အခွင့်အရေး တိုက်ပွဲဝင်သူများ၏ ပန်ကြား လျှောက်ထားမှုကြောင့် အိန္ဒိယနိုင်ငံ တရားရုံးချုပ်က ကိုလ်ကာတာမြို့သို့ ရုံးပြောင်းစစ်ဆေးရန် ၂ဝဝ၆ ခုနှစ် အောက်တိုဘာလတွင် အမိန့်ချမှတ်ခဲ့ပြီး နေ့စဉ် စစ်ဆေးရန်လည်း အမိန့် ဆင့်ထုတ်ခဲ့သည်။

လာဟီရီ (Lahiri) က မြန်မာသူပုန်များ၏ အခြေအနေကို မီးမောင်းထိုး ဖေါ်ပြနိုင်ရန်နှင့် ၁၉၆၂ ခုနှစ်ကတည်းက စစ်အာဏာရှင်စနစ် လက်အောက်သို့ ကျရောက်ခဲ့ရသည့် မြန်မာ့နိုင်ငံရေး အခြေအနေကို ပြည်သူများ နားလည် သဘောပေါက်ကြစေရန်လည်း ရည်ရွယ်ပါကြောင်း ပြောဆိုသွားခဲ့ပါသည်။

“ကျနော်တို့ မြန်မာအသင်းနဲ့ စနေနေ့မှာ ကစားမှာပါ” ဟု ဒတ်စ် Das ကပြောဆိုသွားပါသည်။ မြန်မာအသင်း နှင့် တခါမှ မကစားဖူးသေးသည့် သူတို့အသင်းအတွက် ဤပွဲသည် စိတ်လှုပ်ရှားစရာအတိ ဖြစ်လိမ့်မည်ဟုလည်း သူက ဆက်လက် ပြောဆိုလိုက်ပါသည်။

မြန်မာ စာနယ်ဇင်းသမားများ၊ ကျောင်းသားများ၊ လှုပ်ရှားတက်ကြွသူများနှင့် ဖွဲ့စည်းထားသည့် မြန်မာဘောလုံး အသင်းကလည်း ယခုပွဲသည် အိန္ဒိယအသင်းနှင့် ပထမဆုံး ကစားရမည့်ပွဲ ဖြစ်ပြီး အိန္ဒိယ ပြည်သူများနှင့် ဆက်ဆံရေး တည်ဆောက်ရန် အခွင့်အရေး တရပ်လည်း ဖြစ်သည်ဟု ပြောပါသည်။

ဤကင်းဖစ်ရှာ အရှေ့ဘင်္ဂလား အသင်းနှင့် ပွဲအပြင် မြန်မာအသင်းသည် Jadavpur တက္ကသိုလ် ဘောလုံးအသင်းနှင့်လည်း ဧပြီလ (၂၇) ရက်နေ့တွင် ကစားဦးမည် ဖြစ်သည်ဟု Lahiri က ထပ်မံ ပြောကြားသွားခဲ့ပါသည်။

ဘောလုံးပွဲကို အရှေ့ဘင်္ဂလား ဘောလုံးအသင်းတွင် ကစားမည် ဖြစ်ပြီး၊ အနောက် ဘင်္ဂလားပြည်နယ် လက်ဝဲတပ် ပေါင်းစု ဥက္ကဌ ဘီမန်းဘို့စ် Biman Bose က ဖွင့်လှစ်ပေးမည် ဖြစ်ပြီး၊ ဝန်ကြီးများ ဖြစ်ကြသည့် Subhas Chakraboty, Dr. Ashim Kr. Dasgupta, Kshiti Goswami, Pratim Chatterjee, Nandagopal Bhattacharya တို့လည်း တက်ရောက်ကြည့်ရှု အားပေးကြမည် ဖြစ်သည်။

Source

No comments: