Wednesday, April 9, 2008

လူထုအမေမာ ဈာပန ကျင်းပ

မောင်ဒီး
Wednesday, 09 April 2008
နယူးဒေလီ။ ။ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ နောက်ဆုံးခရီး ဈာပနပွဲကို ယနေ့ပြုလုပ်ပြီး အရိုးပြာကို ဧရာဝတီမြစ်ထဲ မျှောလိုက်ကြသည်။

ဈာပနပွဲကို နံနက် ၁ဝ နာရီတွင် စတင်ခဲ့ပြီး စာရေးဆရာမကြီး လူထုဒေါ်အမာ (၉၂ နှစ်) ကို ချစ်မြတ်နိုးသည့် သာမန်အရပ်သားများနှင့် ရန်ကုန်-မန္တလေး စာနယ်ဇင်းနယ်ပယ်မှပါ လာရောက်ကြသဖြင့် ဂါရဝပြုသူပေါင်း ထောင်ချီရှိခြင်း ဖြစ်သည်။

ဆရာမကြီး၏ ရုပ်အလောင်းကို ကြာနီကန်သုသာန်တွင် မီးသဂြိုဟ်ပြီး ကျန်ရစ်သူ မိသားစုဝင်များ၏ ဆန္ဒအရ အရိုးပြာကို ဧရာဝတီမြစ် ထဲသို့ မျှောခဲ့ကြသည်ဟု သားဖြစ်သူ စာရေးဆရာ ညီပုလေးက ပြောသည်။

မြန်မာပြည်သမိုင်းဝင် စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ဈာပနသို့ မန္တလေးမြို့မှ ဂျာနယ်၊ မဂ္ဂဇင်းတိုက်များ၊ စာနယ်ဇင်းသမားများ၊ စာပေပညာရှင်များ အားလုံးနီးပါး တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ရန်ကုန်မှ စာရေးဆရာများလည်း တက်ရောက်လာ ကြသည်။

"ပရိသတ် တော်တော်များပါတယ်ခင်ဗျ။ ကိုယ်ပိုင်ကားနဲ့ လိုက်ပို့ကြတာ ကျုံးပတ်ချာလည် နှပြစာပေါ့ဗျာ။ ကျုံးမြို့ရိုး နှစ်ဖက်စာပေါ့ ကားတန်းတွေက။ ရှေ့ကနေ ဆိုင်ကယ်တွေနဲ့ သွားကြတာလည်း အများကြီးပါ။ အရေအတွက်အနေနဲ့ ဆိုရင် ၂ ထောင်လောက်ရှိမယ်ဗျ" ဟု ဈာပနအခမ်းအနား တက်ရောက်သူ ကျောင်းဆရာတဦးက ပြောသည်။

"ကျနော့်အနေနဲ့တော့ သက်ရှိထင်ရှား သမိုင်း စာအုပ်ကြီးတအုပ်၊ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဆရာမကြီး တယောက်လို့ သဘော ထားပါတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းတဲ့ ဆရာမကြီးအနေနဲ့ လေးစားခဲ့ရတာ ဖြစ်ပါတယ်။ ရိုးသားမှုနဲ့ မှန်ကန်တဲ့ဘက်က ရပ်တည်ခဲ့တဲ့၊ လူထုဘက်က ရပ်တည်ခဲ့တဲ့၊ တိုင်းကျိုး ပြည်ကျိုးကိုသာ အစဉ်ရှေ့ရှုခဲ့တဲ့ ဆရာမကြီးအနေနဲ့ လေးစားခဲ့ပါတယ်။ ဒီလို ဆရာမကြီး ဆုံးသွားတဲ့အတွက် မှီခိုရာ၊ အားထားရာ၊ အားပြုရာ ဆုံးရှုံးသွားရသလို ခံစားရပါတယ်" ဟု သူက ထပ်ပြောသည်။

မန္တလေးမြို့ကို ချစ်သော ဆရာမကြီးကို မန္တလေးမြို့သူ မြို့သားများကလည်း ချစ်မြတ်နိုး လေးစားကြရာ အသုဘယာဉ်တန်း ဖြတ်သန်း သွားသည့်အခါ လက်ခုပ်ချီပြီး ဆရာမကြီးကို ဝမ်းနည်းစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်ဟု သိရသည်။

မြန်မာပြည် လွတ်လပ်ရေး သမိုင်းတလျှောက် စာပေမိတ်ဆွေအဖြစ် ဖြတ်သန်းလာခဲ့သည့် ဆရာကြီး ဒဂုံတာရာကို 'ကိုဌေးမြိုင်ရေ ကျမတို့ သေလို့ မဖြစ်သေးဘူး' ဟု ပြောဆိုခဲ့သည့် လူထုဒေါ်အမာသည် ပြီးခဲ့သည့် တနင်္လာနေ့၊ ဧပြီလ ၇ ရက် နံနက် ၈ နာရီ ၃၇ မိနစ်တွင် နှလုံးရောဂါဖြင့် ဆုံးပါးခဲ့ခြင်း ဖြစ်သည်။

No comments: