Wednesday, April 2, 2008

မြစ်နားရွာ သံဖြူကျောင်း ဆရာတော် ဈာပန ဧပြီလ ၇ ရက်နေ့တွင် ကျင်းပမည်

Narinjara News
မောင်သစ်အောင် (နိရဉ္စရာ) ဖလောင်းချိတ် (ကော့စ်ဘဇား) ခရိုင် မြစ်နား ကျေးရွာ သံဖြူကျောင်း ဆရာတော်၏ အန္တိမ ဈာပနကို ယခုလ ၇ ရက်နေ့တွင် မြစ်နားရွာတွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဆရာတော်၏ ဘွဲ့အမည်မှာ ဦးပညာဝံသ ဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၇ နှစ်၊ ၀ါတော် ၆၈ ၀ါရှိ ကြောင်း သိရှိရသည်။

ဆရာတော်ကြီးမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ မဟာဒွါရဂိုဏ်းတွင် အကြီးဆုံး ဆရာတော် တပါး ဖြစ်ပြီး မြန်မာနိင်ငံရှိ ဒွါရ ဂိုဏ်းတွင် ဒုတိယ အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်းနှင့် ပထမ အကြီးဆုံး ဆရာတော်မှာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းတွင် ရှိကြောင်း သိရှိရသည်။

ဆရာတော်ကြီး လူဘ၀ အမည်မှာ ကျော်ဝ ဖြစ်ပြီး အဖ ဦးမောင်နီဦးနှင့် အမိ ဒေါ်မဲမချေတို့မှ တက်ကနက် မြို့နယ် နီလာနယ်မြေ အလယ်ချောင်း ကျေးရွာတွင် ဖွားမြင်ခဲ့သည်။

ဆရာတော်သည် မတ်လ ၇ ရက်နေ့တွင် လဘ၀နတ်ထံ ပျံလွန်တော်မူသွားကြောင်း နိရဉ္စရာမှ သိရှိရသည်။ ဆရာတော်သည် သံဖြူကျောင်းတွင် သီတင်းသုံးနေစဉ် ၁၉၈၈ ခုနှစ်မှ ရခိုင်ပြည်မှ ထွက်ပြေးလာသော ကျောင်းသား အများအပြားကို ခေါ်ယူပြီး ကျောင်းတွင် စောင့်ရှောက်ထားခဲ့သည်။

ဆရာတော် ဘုရား၏ ကြွင်းကျန်ရစ်ခဲ့သော ဥတုဇ ရုပ်ကလာပ်တော်ကို တက်ကနက် မြို့နယ် မြစ်နားရွာတွင် ဧပြီလ ၇ ရက်နေ့တွင် နံက် ၈ နာရီမှ ည ၅ နာရီထိ အန္တိမ အဂ္ဂဈာပန ပွဲတော်ပြုလုပ်ကျင်းပပြီး မီးသဂြိင်္ုမည် ဖြစ်သဖြင့် ရပ်နီး ရပ်ဝေးမှ ဗုဒ္ဓဘာသာဝင်များအား ဈာပနပွဲတော်သို့ တက်ရောက်ကြရန် ဈာပနပွဲဖြစ်မြောက်ရေးကော်မီတီက ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

No comments: