Monday, April 21, 2008

ပြည်ထဲရေး ဒုဝန်ကြီး ဆန္ဒခံယူပွဲအတွက် စည်းရုံးရေးဆင်း

Narinjara News
ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေသည် လူထု ဆန္ဒခံယူပွဲအတွက် ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ် တရပ်ကို များမကြာမှီက စတင်ခဲ့ရာ ဧပြီလ ၂၀ ရက်နေ့က မောင်တောသို့ ရောက်ရှိ လာကြောင်း သတင်းရရှိသည်။

မောင်တောသို့ ရောက်လျှင် ရောက်ချင်း ဒုဝန်ကြီးသည် မောင်တောမြို့နယ် အတွင်းမှ ရယက ဥက္ကဌများနှင့် အဖွဲ့ဝင်များ အပြင် စာရေးဝန်ထမ်းများကို ခေါ်ယူပြီး သီရိမင်္ဂလာခန်းမတွင် အစည်းအဝေး တရပ်ကို ပြုလုပ်ခဲ့သည်။

အစည်းအဝေးကို တက်ရောက်ခဲ့သူ တဦးက “အစည်းအဝေးကို နံနက် ၈ နာရီမှာ စတင်ခဲ့ပါတယ်။ လူပေါင်း ၇၀၀ ကျော်တက် ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ ၀န်ကြီးက မောင်တောမြို့နယ်မှာ ဆန္ဒခံယူပွဲကို ကန့်ကွက်မယ့် ကျေးရွာတွေ ရှိသလား၊ လူတွေကကော ကန့်ကွက်ကြမလားဆိုပြီး မေးပါတယ်။ တက်ရောက်လာတဲ့ ရယက ဥက္ကဌတွေက မရှိပါဘူးလို့ ပြန်ဖြေကြတယ်၊” ဟု ပြောသည်။

၎င်းပြင် ဒုဝန်ကြီးက ဆန့်ကျင်ကြမယ့် ကျေးရွာတွေရှိရင် သူကိုပြောပါ။ သူကိုယ်တိုင် သွားရောက် စည်းရုံးပေးမှာ ဖြစ်ကြောင်း၊ နိုင်ငံ တနိုင်ငံအတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ မရှိ မဖြစ် လိုအပ်ကြောင်း၊ ဖွဲ့စည်း အုပ်ချုပ်ပုံကို ဆန့်ကျင် ကန့်ကွက်နေ သူများမှာ လူသိမ် လူဖျင်းများသာ ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရမှ ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်နေရာ ယခုရေးဆွဲထားသော ဖွဲ့စည်း အုပ်ချုပ်ပုံမှာ မြန်မာရေမြေ သဘာဝနှင့် လက်ရှိ ပကတိအခြေအနေနှင့် ကိုက်ညီနေ၍ မြန်မာ ပြည်သူ လူထု စည်းလုံးမှု အင်အားဖြင့် တခဲနက် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် လိုအပ်ကြောင်း ပြောကြားသည်ဟု သူက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် မောင်တောမြို့နယ် အပါအ၀င် မြို့နယ် အတော်တော်များများတွင် ပြည်သူ လူထုများ အနေဖြင့် မဲရုံများကို မသွားဘဲ သပိတ်မှောက်မည်ဟု သတင်းများ ထွက်နေပေါ်သဖြင့် ယခုအခါ ၀န်ကြီး အဆင့်ရှိသူများ ရခိုင်ပြည်နယ် အနှံ့ ကွင်းဆင်းပြီး စည်းရုံးရေး လုပ်နေကြောင်း သတင်းရရှိသည်။

အလားတူ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး တဦးသည် မြောက်ဦးမြို့နယ်သို့ ဧပြီလ ၂၀ ပတ်ဝန်းကျင်က ရောက်ရှိလာပြီး ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး စည်းရုံးရေး လုပ်ဆောင်သွားကြောင်း ပြည်တွင်းမှ လာသော သတင်း တရပ်တွင် ဖေါ်ပြသည်။

ဒုတိယ ပြည်ထဲရေး ၀န်ကြီး ဖုန်းဆွေသည် မောင်တော ခရီးစဉ်အပြီးတွင် ဘူးသီးတောင်နှင့် ရသေ့တောင်သို့ သွားရောက်ပြီးလည်း စည်းရုံးရေး တရားများ ဟောပြောအုံးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Source

No comments: