Tuesday, April 1, 2008

ရွှေဝါရောင် သံဃာတော်များ ထောင်ဝင်စာ တွေ့မရ

ဖနိဒါ

ချင်းမိုင်။ ။ ရွှေဝါရောင်လှုပ်ရှားမှု နောက်ပိုင်း အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များအား ယနေ့တွင် ထောင်ဝင်စာ တွေ့သူများက တွေ့ခွင့်မရဘဲ ဖြစ်သွားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့သဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံနေရသည့် ရန်ကုန်မြို့ ငွေကြာယံ၊ မဂ္ဂင်နှင့် ရွှေတောင် ကျောင်းတိုက်များမှ သံဃာတော်များကို ထောင်ဝင်စာ အကြိမ် ၂ဝ ခန့် တွေ့ခွင့် ရပြီးရာမှ ယနေ့တွင်မူ သွားတွေ့သူများအား အာဏာပိုင်များက တွေ့ခွင့်မပြုဘဲ တားမြစ်ခဲ့ခြင်း ဖြစ်သည်။

“ပါဆယ်လည်း ပို့မရဘူး။ သန်းခေါင်စာရင်း ပါမှ ရမယ်တဲ့။ အမတို့ ပို့တယ်ဆိုတာက အဆင်ပြေတဲ့ လူတွေအတွက် မဟုတ်ဘူးလေ။ အဆင်မပြေတဲ့ လူတွေအတွက် ပို့ပေးတာ။ သန်းခေါင်စာရင်း မရှိတဲ့ လူတွေအတွက် ဒုက္ခရောက်နေလို့ အမတို့က လုပ်ပေးတာလေ။ နယ်တွေကနေ ဘုန်းကြီးတွေအတွက် လုပ်ပေးနေတာ။ ပို့လို့ မရဘူးဆိုတော့ ပိုပြီး အခက်အခဲနဲ့ ဒုက္ခရောက်ကုန်တာပေါ့နော်” ဟု ထောင်ဝင်စာ တွေ့ခဲ့သူ အန်အယ်ဒီ အဖွဲ့ဝင် အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

သူတို့ သံဃာတော် ၁ဝ ပါးခန့်ကို ထောင်ဝင်စာ တွေ့လိုခြင်း ဖြစ်ကာ သံဃာအများစု၏ မိသားစုဝင်များသည် ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် ဝေးလံခေါင်ဖျား ဒေသများမှ ဖြစ်ပြီး ခရီးသွားလာရေး အခက်အခဲ ရှိသလို၊ မိသားစု မရှိသည့် သံဃာတော်များလည်း ပါရှိသဖြင့် အန်အယ်ဒီ လူငယ်အသိုင်းအဝိုင်းက ယခုလို ထောင်ဝင်စာ သွားတွေ့ပေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့မှစတင်ပြီး ထောင်ဝင်စာတွေ့သူ၊ ပါဆယ်ပို့သူများအနေနှင့် သန်းခေါင်စာရင်းဝင်၊ မိသားစုဝင် ဖြစ်ရမည်ဟု ဆိုကာ အခြားသူ မည်သူမျှ ပါဆယ်ပို့ခွင့် မရှိကြောင်းလည်း အမိန့်ထုတ်ထားသည်ဟုလည်း ကြားသိရကြောင်း သူတို့က ပြောသည်။

“အစားအသောက်နဲ့ အဝတ်အထည်တွေ ပို့တယ်။ တခါပို့ထားရင် အဆင်ပြေတယ်လေ။ အစားအသောက်က တပတ်တခါ ပို့မှ အဆင်ပြေမယ်။ အခုဆိုရင် သင်္ကြန်ကျတော့မယ် ဆိုတော့ ၉ ရက်နေ့အထိသာ ပို့လို့ ရမယ်။ ဒီကြားမှာ မိသားစုတွေနဲ့ အဆက်အသွယ် မရဘူးဆိုလို့ ရှိရင် တချို့ဆိုရင် မိသားစုနဲ့ ဝေးတော့ အမတို့က ဆက်သွယ်လို့ မရဘူးလေ။ အဲဒီတော့ အထဲမှာ ရှိတဲ့လူတွေက ဒုက္ခရောက်ကုန်ကြမယ်လေ” ဟု အန်အယ်ဒီ အမျိုးသမီးက ဆက်ပြောသည်။

အခြား ထောင်ဝင်စာတွေ့သူ နိုင်ငံရေး အကျဉ်းသားဟောင်းက “ပါဆယ်မရတဲ့ ဒုက္ခက ကိုယ်ချင်းစာပါတယ်။ ၂ဝဝဝ ခုနှစ်တုန်းက ၃ လလောက် မိသားစုနဲ့ တွေ့ခွင့်မရတော့ ထောင်ပုံစံနဲ့ နေရတယ်။ တာလဘောနဲ့ ပဲ စားရတယ်။ ပဲဆိုရင် ဖွဲရော၊ သဲရော၊ ခဲရောပါ အိတ်ထဲက ဖွင့်ပြီး ချက်ထားဆိုတာကို ဟင်းလို့ သတ်မှတ်ထားတာကိုး။ အရွက်တွေဆိုရင် ရှိသမျှ စဉ်းတီတုံးပေါ်တင်ပြီး နုတ်နုတ်စဉ်းပြီး သဲရော၊ မြက်ရော အကုန်ရောပဲ။ မိုးတွင်းဆိုရင် တီကောင်ကအစ ပါတယ်။ အားလုံး ရောပြီး ပြုတ်ထားတာ။ ဆန်ဆိုတာက နာမည်ခံ သက်သက်ပဲ။ အထဲမှာ ရောက်နေတဲ့ လူတွေက ပုံစံနဲ့ပဲ နေမယ်ဆိုရင် သေရုံပဲ ရှိတော့တယ်” ဟု ပြောသည်။

အန်အယ်ဒီ အမျိုးသမီးက ဆက်ပြီး “အမတို့ ပို့နေတာက တခြား မထင်ရှားတဲ့ ကျောင်းတွေလည်း ပါတယ်။ ထင်ရှားတဲ့လူတွေ၊ နာမည်ကြီးတဲ့ လူတွေအတွက်ကို အဓိက မဟုတ်ဘူးလေ။ ထင်ရှားတဲ့ လူတွေက ဘယ်လိုပဲ ဖြစ်ဖြစ် ဝိုင်းပံ့ပိုးပေးမဲ့လူ ရှိတယ်လေ။ ဒီလို မထင်မရှားနဲ့ ဒုက္ခရောက်နေရတဲ့ လူတွေက အထဲမှာ အများကြီးပဲလေ။ သူတို့အတွက်ကို အဓိက ထားပြီးတော့ လုပ်တာ” ဟု ပြောသည်။

No comments: