Friday, April 4, 2008

ခရီးရှည်ချီတက်သူများစစ်တကောင်းမြို့ကို ကျော်လွန်အကူအညီမရ၍ စားရေးသောက်ရေး အခက်ကြုံ

Narinjara News
ရဟန်းတော် ၆ ပါး အပါအ၀င် ရခိုင်ဒီမိုကရေစီင်္ အရေးလှုပ်ရှားသူ ၁၄ ဦး၏ ခရီးရှည် ချီတက်မှုမှာ ယခုအခါ စစ်တကောင်းမြို့ကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ခရီးစဉ်အား မတ်လ ၂၇ ရက် တော်လှန်ရေးနေ့က ဒက္ကားမြို့တော် ချာဟဲမီနာ စတင်ခဲ့ပြီး ၉ ရက်မြောက်နေ့တွင် စစ်တကောင်း အပြင်ဘက်သို့ ကျော်လွန် ရောက်ရှိသွားပြီး ယခုအခါ စစ်တကောင်းနှင့် ကော့ဘဇား (ဖလောင်းချိတ်) လမ်းတွင် ချီတက်နေကြပြီ ဖြစ်သည်။

ယမန်နေ့က စစ်တကောင်းမြို့သို့ ၀င်ရောက်လာစဉ် စစ်တကောင်းရှိ ရခိုင်လူမျိုးများ၊ ဘင်္ဂလီ အမျိုးသားများက သူတို့အား ကြိုဆိုခဲ့ကြပြီး သတင်းထောက် အများအပြားလည်း မြို့အ၀င်ဂိတ်သို့ ရောက်ရှိလာပြီး သတင်းများကို ရယူခဲ့ကြသည်။

စစ်တကောင်းမြို့တွင် သတင်းထောက်များ ကလပ်သို့ သွားရောက်ပြီး မြန်မာနိုင်ငံအကြောင်းရှင်းလင်းခဲ့ပုံကို အရှင် ဦးသီလ၀ံသက ခုလို ပြောသည်။

“သတင်းထောက် ကလပ်ကိုသွားပါတယ်။ ဘာကြောင့် လမ်းလျှောက်ပွဲ ချီတက်ရသလဲဆိုတာကို ရှင်းပြပါတယ်။ မြန်မာနိုင်ငံ အခြေ အနေ တွေကိုလည်း ရှင်းပြခွင့် ရခဲ့ပါတယ်။” ဟုသူက ပြောသည်။

ခရီးရှည် လမ်းလျှောက်ချီတက်ရာတွင် အခက်အခဲများ တစုံတရာ မရှိသော်လည်း ငွေကြေးမလုံလောက်မှုကြောင့် စားရေးသောက်ရေး အခက်အခဲရှိနေကြောင်း ကို အရှင်သီလ၀ံသက ခုလို ပြောသည်။

“လမ်းခရီးမှာ ဘာမှ အခက်အခဲ မရှိပါဘူး။ ဘင်္ဂလာဒေခ်ျ့ ပြည်သူကတွေက အားပေးကြပါတယ်။ ခက်တာက ဦးဇင်းတို့မှာ ငွေကြေး မလုံလောက်တဲ့ အချိန်မှန်မှန် ဆွမ်းမသုံးရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ နိုင်ငံတကာက လူတွေ ကူညီမယ် ကူညီမယ်ဆိုပြီး ကြားရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အကောင်အထည် ပေါ်မလာတော့ အခု ငွေကြေး အခက်ကြုံနေရပါပြီ။”

ခရီးရှည် လမ်းလျှောက်ချီတက်သူများ အနေဖြင့် သူတို့အား အတတ်နိုင်ငံဆုံး ကူညီပေးကြပါရန် နိုင်ငံတကာရှိ မြန်မာ ဒီမိုကရေစီအရေး လှုပ်ရှားသူများ အား မေတ္တာရပ်ခံထားပါသော်လည်း နိုင်ငံရေးအံတုမှုကော်မီတီ (ထိုင်းနိုင်ငံ)မှ ဒေါ်လာ ၂၀၀ ထက်အပြင် တစုံတဦးမှ ယခုအချိန်ထိ အကူအညီပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

ခရီးရှည် ချီတက်ရာတွင် ကိုယ်တိုင် ဦးဆောင်ပါဝင်နေသူ တဦးဖြစ်သည့် ကိုကျော်မြင့်က “ကျနော်တို့ လမ်းလျှောက်တဲ့နေရာမှာ အခု အခါ ငွေကြေး မလုံလောက်တဲ့အတွက် အထူး ဒုက္ခဖြစ်နေပါပြီ။ ရေကိုတောင် ပုံမှန်ဝယ်မသောက်နိုင်တဲ့ အတွက် မျှပြီး သောက်နေရပါပြီ။ ကျနော်တို့ ခရီးစဉ် ဆုံးခန်းတိုင်ရောက်မလားဆိုပြီး စိုးရိမ် စိတ်တွေ ၀င်နေပါတယ်။” ဟုသူက ပြောသည်။

ခရီးရှည် ချီတက်သူများ အနေဖြင့် နောက်ဆုံးပန်းတိုင်သို့ ရောက်ရန် နောက်ထပ် ၇ ရက်ခန့် ဆက်လက်ပြီး လမ်းလျှောက်ကြရအုံးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments: