ကိုစိုး | ဧပြီ ၂၂၊ ၂၀၀၈
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေနှင့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒမဲကို သက်ဆိုင်ရာ မြန်မာသံရုံးများ၌ ဧပြီလ နှောင်းပိုင်းမှ စတင်၍ မဲပေးကြရပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒမဲပေးမှု အစီအစဉ်ကို တောင်ကိုရီးယား၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် စတင်နေကြောင်း ယင်းနိုင်ငံများတွင် ရောက်ရှိနေသူများက ပြောသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဧပြီလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့ အတွင်း နံနက် ၉ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ အထိ အခြေခံဥပဒေ ၂၀၀၈ အတွက် လာရောက်ဆန္ဒမဲပေးကြပါ ရန် ဧပြီလ ၉ ရက်နေ့ ရက်စွဲဖြင့် မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသားများသို့ အသိပေးကြေညာချက် ထုတ်ပြန်ပေးပို့ ထားသည်။
မလေးရှားနိုင်ငံ၌ ၆ နှစ်ခန့် ရောက်ရှိလုပ်ကိုင်နေသော မြန်မာနိုင်ငံသား အမျိုးသမီး ဆရာဝန်တဦးက မြန်မာသံရုံးတွင် ဧပြီလ ၂၀ ရက်နေ့က အခြေခံဥပဒေ အတည်ပြု ဆန္ဒမဲပေးရာ ကန့်ကွက်မဲပေးခဲ့ကြောင်း ပြောပြသည်။
“ကျမ သံရုံးကိုရောက်သွားတယ်၊ သံရုံးက ကျမကို မဲဆွယ်တာမျိုး ပြောဆိုတာတွေလုပ်ပါတယ်၊ သူတို့ကကျမကို ဆရာဝန်မ တယောက်အနေနဲ့ ထောက်ခံမဲပေးလိမ့်မယ်လို့ မျှော်လင့်တယ်၊ ကျမကတော့ ကန့်ကွက်မဲပဲ ရဲရဲပေးခဲ့ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ယင်း အမျိုးသမီး ဆရာဝန်က မြန်မာသံရုံးတွင် မဲပေးရသည့် အတွေ့အကြုံကိုလည်း ပြောပြသည်။
“ပထမ နာမည်ပြော၊ ဖိတ်စာပြရတယ်၊ သူတို့က နာမည်နဲ့ အချိန်စတာတွေကို အကုန်လုံးမှတ်ထားတယ်၊ တခု နားမလည် တာက မဲပေးဖို့ ကတ်ပြား ၃ ခုတောင် ဘာလို့ပေးလဲမသိဘူး၊ ၃ ခုလုံး ပုံစံအတူတူပဲ၊ အရောင်က အဖြူရောင်၊ ၃ ခုလုံးမှာ မဲပေးဖို့ပါတယ်၊ ကတ်ပြားက ခေါက်ချိုးလေး၊ သူတို့က ဒီကတ်ပြားမှာ ဆန္ဒရှိသလို မဲပေးဖို့ပြောပါတယ်၊ သူတို့ ဘက်ကို မျှော်လင့်တာမျိုးတွေတော့ ပြောတယ်၊ ၃ ခုလုံးမှာ သူတို့ပေးတဲ့ ဘော့ပင်နဲ့ခြစ်ပေးရတယ်၊ အမှား အမှန် ခြစ်ပေးရတယ်၊ ပြီးတော့ စာအိတ်ထဲမှာပိတ်ပြီး သူတို့ကို ပြန်ပေးရတယ်၊ စာအိတ်ပေါ်မှာတော့ ကျမရှေ့မှာ ဘာမှမရေးဘူး”ဟု အမျိုးသမီး ဆရာဝန်က ရှင်းပြသည်။
မလေးရှားတွင် လက်ရှိနေထိုင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၅ သိန်း ခန့်ရှိသည့် အနက် ၁ သိန်း ၈ သောင်း ခန့်သာ အထောက်အထား လက်မှတ်နှင့် နေထိုင်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် အပတ်အတွင်းကလည်း စကာင်္ပူနိုင်ငံရှိ မြန်မာ သံရုံးက မြန်မာနိုင်ငံသားများ ဧပြီလ ၂၅ ရက်မှ ၂၉ ရက်အတွင်း ဆန္ဒမဲလာရောက်ပေးရန် ဖိတ်ကြားခဲ့ပြီး တောင်ကိုရီးယားရှိမြန်မာသံရုံးကလည်း ဧပြီ ၂၇ ရက်တွင် ဆန္ဒမဲလာရောက်ပေးရန် မြန်မာနိုင်ငံသားများကို အကြောင်းကြားကြောင်း ယင်းနိုင်ငံများတွင် ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသားများက ပြောဆိုသည်။ ယင်းသို့ မဲပေးရာတွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်ကို ယူဆောင်လာရမည် ဖြစ်ကြောင်းလည်း သိရသည်။
တောင်ကိုရီးယားတွင် ရောက်ရှိနေသော မြန်မာ့အရေးလှုပ်ရှားသူ တဦးဖြစ်သည့် ကိုရန်နိုင်ထွန်းက ဆိုးလ်မြို့ရှိ မြန်မာ သံရုံးက တောင်ကိုရီးယားတွင် နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများကို ထောက်ခံမဲပေးရန် တိုက်တွန်းစည်းရုံးမှု များပြုလုပ်သည်ဟု ပြောသည်။
တောင်ကိုရီယားရှိ မြန်မာနိုင်ငံသားတချို့ကမူ ၎င်းတို့ ကန့်ကွက်မဲပေးလိုက်ပါက မြန်မာနိုင်ငံသို့ ပြန်သည့်အချိန်တွင် တစုံ တရာ ထိခိုက်မည်ကို ကြောက်ရွံ့စိုးရိမ်သောကြောင့် လာမည့် ၂၇ ရက်နေ့တွင် ထောက်ခံမဲ ပေးနိုင်ဖွယ်ရှိကြောင်းလည်း ကိုရန်နိုင်ထွန်းက ပြောဆိုသည်။
“သံရုံးက တချို့လူတွေကို ထောက်ခံမဲပေးဖို့ ဖုန်းနဲ့ဆက်ပြောတာတွေ ရှိပါတယ်၊ အဓိကက တရားဝင် နေထိုင်တဲ့သူတွေ၊ ကျောင်းတက်နေတဲ့သူတွေ၊ အစိုးရနဲ့ပတ်သက်တဲ့ သူတွေ”ဟု ၎င်းက ပြောသည်။
ယင်း ၂၇ ရက်နေ့တွင် ဆိုးလ်မြို့ မြန်မာသံရုံးရှေ့၌ ဆန္ဒပြရန် ပြင်ဆင်ထားသည်ဟုလည်း သူက ဆက်ပြောသည်။
“ကျနော်တို့က အဲဒီနေ့ကျရင် သံရုံးရှေ့မှာ ကန့်ကွက်ပါသည်ဆိုပြီး ကန့်ကွက်မဲပုံးကြီးထောင်ပြီး ကိုရီးယားမှာရှိတဲ့ မြန်မာ့ အရေးလှုပ်ရှားသူတွေစုပြီး ဆန္ဒပြမှာပါ”ဟု ကိုရန်နိုင်ထွန်းက ဆိုသည်။
တောင်ကိုရီးယားတွင် လက်ရှိ မြန်မာနိုင်ငံသား ၂၀၀၀ ခန့်ရှိကြောင်း ဆိုးလ်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံသားများက ပြောသည်။
စင်္ကာပူနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေး လိုလားသူများကလည်း မြန်မာနိုင်ငံသားများအားလုံး ဧပြီ ၂၇ ရက်နေ့တွင် မြန်မာ သံရုံးသို့ သွားရောက်၍ ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်။
တချိန်တည်းတွင် အိမ်နီးချင်း ထိုင်းနိုင်ငံ၌ တရားဝင်နေထိုင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည်လည်း ဘန်ကောက်မြို့ အခြေစိုက် မြန်မာသံရုံးတွင် အခြေခံဥပဒေ အတည်ပြုဆန္ဒမဲ လာရောက်ပေး၍ ရနေပြီဖြစ်ကြောင်း သံရုံးနှင့် နီးစပ်သူတဦးက ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား တသန်းကျော် နေထိုင်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံ ပြင်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ သန်းချီ၍ရှိနေသော်လည်း စစ်အစိုးရက ၎င်းတို့ မဲပေးခွင့် အတွက် ယခုအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။
Source
No comments:
Post a Comment