မုံပီး
နယူးဒေလီ။ ။ တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် လက်နက်ကိုင် တိုင်းရင်းသားတဖွဲ့က မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပုန်းအောင်းနေသော တိဘက်လူမျိုး တက်ကြွလှုပ်ရှားသူ အဓိကခေါင်းဆောင် ၂ ဦးအား ဖမ်းဆီး၍ နေရပ်ရင်းသို့ ပြန်ပို့လိုက်သည်ဟု တိုင်းရင်းသား သတင်းဌာနတခုက ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် တိဘက်လူမျိုး တက်ကြွလှုပ်ရှားသူ ၂ ဦးကို တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်သတင်းဌာန (Kachin News Group) ၏ အယ်ဒီတာ နော်ဒင်းက ပြောကြားခြင်း ဖြစ်သည်။
“သူတို့ကို ကေအိုင်အို လူဝင်မှု ကြီးကြပ်ရေးဌာနက စားသောက်ဆိုင်တဆိုင်မှာ တနင်္ဂနွေနေ့က ဖမ်းပြီး နေ့တွင်းချင်းပဲ နေရပ်ရင်းကို ပြန်ပို့လိုက်တာ ခင်ဗျ” ဟု KIO လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်နှင့် မျက်မြင်သက်သေများကို ကိုးကားပြီး နော်ဒင်းက ပြောကြားသည်။
အဆိုပါ တိဘက်လူမျိုး ၂ ဦး၏ ကိုယ်ရေး အချက်အလက်များကို တရုတ်အစိုးရက လွန်ခဲ့သော ရက်သတ္တပတ်ကတည်းက KIO ထံ ပေးပို့ထားပြီး ဖြစ်သည်ဟု နော်ဒင်းက ဆက်ပြောသည်။
အဆိုပါ တိဘက်လူမျိုးများ မည်သူမည်ဝါ ဖြစ်သည်ကိုမူ အတည်ပြုမရသော်လည်း ယူနန်ပြည်နယ်ရှိ တိဘက်လူမျိုးများ နေထိုင်ရာဒေသတွင် တရုတ်အစိုးရက လုံခြုံရေးများ တင်းကျပ်လိုက်ပြီးနောက် သူတို့ ၂ ဦး မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ပြေးဝင် ခိုအောင်းခဲ့ပုံရကြောင်း သိရသည်။
သို့သော် KIO ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဂွမ်မော်ကမူ သူတို့သည် တိဘက်လူမျိုးများ ဟုတ်၊ မဟုတ် မသိရှိခဲ့ဘဲ တရုတ်အရာရှိများ၏ မေတ္တာရပ်ခံချက်အရသာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
“ဒီ ၂ ယောက် တိဘက်လူမျိုးတွေ ဟုတ်၊ မဟုတ် ကျနော်တို့ မသိဘူးလေ။ ကျနော်တို့ကတော့ ကျနော်တို့ကိုပေးတဲ့ ညွန်ကြားချက်အတိုင်း ဖမ်းဆီးလိုက်တာပါ။ အရင်တုန်းကလည်း ဒီလို လုပ်ဖူးတာပဲလေ။ ကျနော် ထင်တာကတော့ ဒါ နှစ်ဖက်အလိုရှိနေတဲ့ သူတွေကို အပြန်အလှန် လဲလှယ်တာလို့ပဲ ထင်ပါတယ်” ဟု ဦးဂွမ်မော်က မဇ္ဈိမကို ပြောသည်။
အဆိုပါ ၂ ဦးသည် ဒေသခံများနှင့် အကျွမ်းတဝင် ရှိပြီးသူများ ဖြစ်ပြီး သူတို့ဒေသအတွင်း အရောင်းအဝယ် လုပ်နေသော စီးပွားရေးသမားများ အဖြစ်သာ သိထားခဲ့သည်ဟု ဦးဂွမ်မော်က ဆက်ပြောသည်။
“ဒီတော့ ကျနော်တို့ ထင်တာက ဒါဟာ တရုတ်အစိုးရ အလိုရှိနေတဲ့ လူတွေထဲက အထူးတောင်းဆိုခြင်း ခံရတဲ့လူတွေလို့ ထင်တာပဲ” ဟု ဦးဂွမ်မော်က ပြောသည်။
ထိုအတောအတွင်း အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ တိဘက်လူမျိုး တက်ကြွလှုပ်ရှားသူများကမူ သူတို့တိဘက်လူမျိုး ၂ ဦးကို တရုတ်-မြန်မာနယ်စပ်တွင် ဤသို့ ဖမ်းဆီး ပြန်ပို့ခံရသည်ဆိုသည့် သတင်း မိမိတို့ ကြားသိရခြင်း မရှိကြောင်း ပြောဆိုသည်။
“ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဘာသတင်းမှ မရသေးပါဘူး” ဟု နယူးဒေလီရှိ တိဘက်လှုပ်ရှားသူတဦးက မဇ္ဈိမကို ပြောသည်။
KIO သည် မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့သော လက်နက်ကိုင် တိုင်းရင်းသားသူပုန်အဖွဲ့ မြောက်မြားစွာထဲမှ တဖွဲ့ဖြစ်ပြီး တရုတ်- မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားသည်။
တရုတ်အစိုးရနှင့် နီးစပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရှိသည့် မြန်မာစစ်အစိုးရသည် ‘တရုတ် တပြည်တည်း’ ပေါ်လစီကို မိမိတို့ ထောက်ခံကြောင်းနှင့် မကြာသေးခင်က တိဘက်တွင် ဖြစ်ပွားခဲ့သည့် မငြိမ်မသက်မှုများကို သြဂုတ်လတွင် ပေကျင်းမြို့တော်၌ ကျင်းပမည့် အိုလံပစ်ပွဲတော်နှင့် ချိတ်ဆက်ထားသည့် မည်သည့် လှုပ်ရှားမှုကိုမဆို မိမိတို့ ရှုတ်ချကြောင်း ယခင် ရက်သတ္တပတ်က ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလက မြန်မာ့အရေး ဆုံးဖြတ်ချက်ကို တင်သွင်းဆွေးနွေးရာတွင် ဗီတိုအာဏာသုံး ပယ်ချခဲ့သည့်အတွက် တရုတ်နိုင်ငံသည် ရုရှနိုင်ငံနှင့်အတူ နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်ခြင်း ခံခဲ့ရသည်။ ယခုအခါ မတ်လအတွင်းက တိဘက်ဆန္ဒပြသမားများကို အကြမ်းဖက် နှိမ်နင်းခဲ့သည့်အတွက် နောက်ထပ် ပြစ်တင် ဝေဖန်မှုများကို ခံနေရသည်။
သြဂုတ်လတွင် ကျင်းပမည့် ပေကျင်း အိုလံပစ်ပွဲတော်ကို ဆန့်ကျင် သပိတ်မှောက်ရန်အတွက် မြန်မာနှင့် တိဘက် တက်ကြွလှုပ်ရှားသူများက ယင်းတို့၏ ကင်ပိန်းအသီးသီးကို စတင်ခဲ့ပြီ ဖြစ်သည်။
No comments:
Post a Comment