နေသွင်
ချင်းမိုင်။ ။ မိမိတို့ ထိန်းချုပ်ရာ နယ်မြေအတွင်း နအဖ တပ်များ ဝင်ရောက်လာမည် ဖြစ်သဖြင့် ကရင်ပြည်နယ် အရှေ့တောင်ဘက် သင်္ကန်းညီနောင်နှင့် ကော့ကရိတ်လမ်းကြောင်း တိုးချဲ့မှုကို လက်မခံဟု ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့ ပြောသည်။
မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်အောက်တွင် မြန်မာပြည် အရှေ့ဘက် ကရင်ပြည်နယ်အတွင်းရှိ မပြီးပြတ်သေးသော ၂၂ ကီလိုမီတာ အရှည်ရှိ သင်္ကန်းညီနောင်နှင့် ကော့ကရိတ်လမ်းကြောင်းကို မကြာမီ ဖောက်လုပ်သွားမည်ဖြစ်သဖြင့် KNU က ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဘာဖြစ်လို့ သဘောမတူလဲဆိုတော့ တချို့နယ်မြေက ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေ ရှိတယ်။ အဲဒီလှုပ်ရှားတဲ့ နယ်မြေမှာ လမ်းက ဖောက်မယ်ဆိုရင် တပ်တွေ တိုးချဲ့လာမယ်။ တပ်တွေအနေနဲ့ လမ်းဖောက်လုပ်ဖို့ လုံခြုံရေးတွေ လိုလာမယ်။ အဲဒီ ပတ်ဝန်းကျင်မှာ နေတဲ့ ပြည်သူတွေ အတွက်လည်း အခက်အခဲ ရှိလာမယ်ဆိုပြီး ခွင့်မပြုတာ ဖြစ်ပါတယ်” ဟု KNU မှ ခေါင်းဆောင်တဦးဖြစ်သူ ပဒိုဒေးဗစ်ထောက ပြောသည်။
လမ်းဟောင်းအတိုင်း ဖောက်လုပ်မည်ဆိုလျှင် KNU ဘက်က ကန့်ကွက်စရာ မရှိသော်လည်း လမ်းသစ်ဖောက်လုပ်မည် ဆိုလျှင် အခက်အခဲ ရှိမည်ဟု ဆက်ပြောသည်။
ပဒိုဒေးဗစ်ထောက “လမ်းဟောင်းကို တိုးချဲ့နေတယ် ခင်ဗျ။ အဲဒီ တိုးချဲ့နေတဲ့ လမ်းဟောင်းအပေါ်မှာ ကျနော်တို့အနေနဲ့ ဘယ်လိုမှ ပါဝင်ဟန့်တားခြင်း မရှိပါဘူး။ လမ်းသစ်ကို ဖောက်လုပ်မယ်ဆိုရင်တော့ နည်းနည်း အခက်အခဲရှိမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
အဆိုပါ လမ်းသစ်သည် KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၇ ထိန်းချုပ်ရာ နယ်မြေအတွင်း တည်ရှိသည်။
ကုန်သွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်သိန်း၏ ပြောဆိုချက်ကို ကိုးကားသော The Voice ဂျာနယ် သတင်းတပုဒ်အရ လမ်းကြောင်းကို ယခုနှစ်ဦးပိုင်းတွင် ဖောက်လုပ်သွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်က မြဝတီနှင့် သင်္ကန်းညီနောင်ကြားရှိ ၁၈ ကီလိုမီတာရှည်သော လမ်းပိုင်းကို ထိုင်း၏ အကူအညီနှင့် အပြီးသတ်နိုင်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ယခုကျန်ရှိနေသော လမ်းပိုင်းအတွက် လျာထားသော လမ်းအူကြောင်း ၂ ခုရှိပြီး လမ်းသစ်သည် ကရင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဇုံအတွင်း ၅ ကီလိုမီတာမျှ ဖြတ်သွားရမည် ဖြစ်သည်။
မြဝတီ-သင်္ကန်းညီနောင်-ကော့ကရိတ်-မော်လမြိုင်အထိ စုစုပေါင်း ၁၄ဝဝ ကီလိုမီတာအရှည်ရှိ အာရှဟိုင်းဝေးလမ်းကြီးသည် မဟာမဲခေါင်ဒေသ၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းအတွက် စင်္ကြန်ဖြစ်ပြီး အနောက်ဘက်တွင် ဗီယက်နမ်၏ ဒန်နောင်း (Danang Port) ၊ အရှေ့ဘက်တွင် မြန်မာပြည် မော်လမြိုင်အထိ ဆက်သွားမည် ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်း (မတ်လ ၃ဝ ရက်မှ ၃၁ ရက်အထိ) က လာအိုတွင် ကျင်းပပြီးစီးခဲ့သော မဟာမဲခေါင်မြစ်ဝှမ်း ထိပ်သီးအစည်းအဝေးတွင် ဒေသတွင်းမှ ခေါင်းဆောင်များက မဲခေါင်ဒေသတွင် ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းများကို ကျန်ရှိနေသေးသည်များကို အရှိန်မြှင့် လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။
မဟာမဲခေါင်ဒေသတွင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်သည်။
No comments:
Post a Comment