Monday, September 22, 2008

လူသတ်မှု လျော့ကျသွားသည်ဟု ရဲတပ်ဖွဲ့ကပြော

အေးချမ်းမြေ့| စက်တင်ဘာ ၂၂၊ ၂၀၀၈

ယခုနှစ်၏ ၈ လခွဲတာကာလအတွင်း ရန်ကုန်တိုင်းတွင် လူသတ်မှု ၇၇ မှုသာရှိသေးသဖြင့် ၉၁ မှုထိ ဖြစ်ပွားသည့်တိုင်အောင် ယခင် ၈ နှစ်တာ ကာလကိုပြည့်မီရုံသာ ရှိသေးကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတဦးဖြစ်သည့် ရဲမှူး သိန်းဝင်းက ပြောကြားလိုက် သည်။

“ပြီးခဲ့တဲ့ ၈ နှစ်မှာ တလကို ၁၁ မှုနှုန်းနဲ့ဆိုတော့ ၈ လကို ၈၈ မှုထိဖြစ်တယ်။ အခု ဒီနှစ်မှာ ၈ လခွဲကို ၇၇ မှုပဲဖြစ်သေးတယ်ဆိုတော့ နောက်ထပ် ၁၀ ရက်စာထပ်ပေါင်းတောင်မှ လွန်ခဲ့တဲ့ ၈ နှစ်ထက် ပိုမဖြစ်နဲ့ အဲဒီအတိုင်းပဲဖြစ်ပါဆိုရင်တောင် ၉၁ မှုထိ ဖြစ်လို့ ရသေးတယ်” ဟု ၎င်းက ဘိုင်ဝိကလီးအလဲဗင်း ဂျာနယ်တွင် ပြောကြားထားသည်။

စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ဘိုင်ဝိကလီးအလဲဗင်း ဂျာနယ်တွင် ၂၀၀၈ ခုနှစ်၏ ၈ လခွဲတာကာလအတွင်း လူသတ်မှု စုစုပေါင်း ၇၇ မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အတွင်း လူသတ်မှု စုစုပေါင်း ၁၀၅၂ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်အရ ရေးသားထားသည်။

လွန်ခဲ့သည့် ၈ နှစ်တာကာလအတွင်း လူသတ်မှု ၁၀၅၂ မှု ဖြစ်ပွားသောကြောင့် တနှစ်လျင် ပျမ်းမျှ ၁၃၁ ဒဿမ ၅ မှု၊ တလလျင် ပျမ်းမျှ ၁၀ ဒဿမ ၉၅ မှု ဖြစ်ပွားခဲ့သည်ဟု ရဲမှူးသိန်းဝင်းက တွက်ချက်ပြထား သည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပျမ်းမျှနှုန်းဖြင့် တွက်ချက်၍ လွန်ခဲ့သည့် ၈ နှစ်တာကာလနှင့် နှိုင်းစာလျင် ယခုနှစ်တွင် လူသတ်မှုအရေအတွက် လျော့ကျသည်ဟု သုံးသပ်ထားသည်။

ရဲမှူးသိန်းဝင်းက လူသတ်မှုတမှုဖြစ်လာလျင် ၎င်းလူသတ်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်း ကို ခွဲခြမ်း စိတ်ဖြာလေ့လာမှုပြုထားသဖြင့် ယခုနှစ် အတွက် ဒေါသကြောင့်ဖြစ်သော လူသတ်မှု အရေအတွက်မှာ အများဆုံးဖြစ်ပြီး ငွေကြေးရလိုမှုနှင့် ရန်ငြိုးကြောင့်ဖြစ်သည့် လူသတ်မှုက အနည်းဆုံးဟု ဆိုသည်။

ယခင်က လူသတ်မှုအပါအဝင် မှုခင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရဲဌာနက ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ယခုအခါ အရေအတွက် တိတိကျကျ ဖော်ထုတ်ရေးသား လာသည့်အတွက် ထူးခြားကြောင်း ရန်ကုန်မြို့ခံ အငြိမ်းစား ရဲအရာရှိ တဦးက သုံးသပ်သည်။

ရန်ကုန်မြို့နေ သတင်းသမားတဦးကလည်း “အရင်ကဆို ဒါမျိုး တခါမှ မဖော်ထုတ်ဖူးဘူး။ ဖလားဝါးနယူးစ် ဂျာနယ်သတင်းထောက်ချုပ်နဲ့ ရဲဌာနနဲ့ ပြဿနာတက်လို့ အဖမ်းခံရပြီး နောက်ပိုင်းမှာ ခုလိုခေါ်ရှင်းတာတွေ လုပ်လာတယ်။ နောက်ပြီး ဒီလိုမှုခင်းနဲ့ဆိုင်တဲ့ သတင်း မျိုးတွေကို သတ်မှတ်ထားတဲ့ တိုင်းအဆင့်ဌာနတွေမှာ ခေါ်ပေးမှပဲ ရေးရမယ်၊ မြို့နယ်စခန်း တွေမှာ သတင်းမယူရတော့ဘူး ဆိုပြီးမှာထားတယ်” ဟု ပြောသည်။

ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ်ဟောင်း ကိုစောမြင့်သန်းကို သင်္ဃန်းကျွန်း လူသတ်မှုသတင်း ရေးသားမှုဖြင့် ရဲစခန်းက ခေါ်ယူကြိမ်းမောင်းခဲ့ရာ ထိုသတင်းကို ဧရာဝတီ သတင်းဌာနက ရေးသားခဲ့ပြီးသည့် နောက်ပိုင်း ၎င်းအား ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ၂ ပတ်ကြာချုပ်နှောင်ထားခဲ့သည်။ ကိုစောမြင့် သန်းကို ယခုအခါ အင်းစိန် ထောင်သို့ ပို့လိုက်ပြီဖြစ်သည်။

ဘိုင်ဝိကလီးအလဲဗင်း ဂျာနယ်တွင် လူသတ်မှုအရေအတွက်၊ ဖြစ်ပေါ်ရသည့် အကြောင်း ရင်းများကို ဖော်ပြထားသော်လည်း ရဲဌာနမှ ဖော်ထုတ်ပြီးသည့် အမှုအရေအတွက်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

၂၀၀၈ ခုနှစ်ဆန်းတွင် ဖြစ်ပွားသော ၅ လောင်းပြိုင်လူသတ်မှုမှာ ယခုနှစ်အတွက် အကြီးမားဆုံး လူသတ်မှုဖြစ်ပြီး တရားခံကို ယခုထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။


No comments: