Sunday, September 21, 2008

ကြားမိကြားရာအပိုင်းအစများ (၂)

ခေါဇာမှ ပေါတာကြီး

အချိန်ကာလကား (၁၉၉၈) ခုနှစ်နှောင်းပိုင်းတွင် ဖြစ်သည်။ ထိုအချိန်တွင် ဗိုလ်မှူးကြီး မျိုးဝင်းသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ အမှတ်(၃) အနန်းကွင်း အခြေချစစ်ဗျူဟာမှ စစ်ဗျူဟာမှူး တစ်ယောက်ဖြစ်နေသည်။ ဗျူဟာမှူး တစ်ယောက်ပီပီ စစ်တိုက်ရာတွင် သတ္တိမရှိလှသော်လည်း ကုန်သည်များအပေါ် ငွေတောင်းရာတွင် မျက်နှာပြောင်တိုက် အစွမ်းသတ္တိ ထွန်းပြောင်ပေသည်။

အထူးသဖြင့် ထိုင်းနိုင်ငံ ထုတ်ကုန်ပစ္စည်းများကို တင်သွင်းနေသော ကုန်သည်များ၊ တရားမဝင် နိုင်ငံခြား မော်တော်ကား တင်သွင်း နေသူများမှာ ဗိုလ်မှူးကြီး မျိုးဝင်းကို ပူဇော်ပသနိုင်မှ အလုပ်ဖြစ်သည်ဟုဘုရားသုံးဆူ နှင့် သံဖြူဇရပ် ကုန်သည်လောက ကြားတွင် ရေပန်းစားနေသည်။ အတောင်းကြမ်း၍ မျက်နှာပြောင်တိုက်ပုံမှာ

ကျွန်စုပ်သည့်သရက်၊
ခွေးလျက်သည့် ပန်းကန်ပမာ
ကော်ပတ် တိုက်စရာမလိုဘဲ
ပြောင်လက်နေပေသည်။

ထိုစဉ်က အဖြစ်အပျက်တစ်ခုကို လက်တို့ပြီး တင်ပြရပေဦးမည်၊ ကျနော့်သူငယ်ချင်း၏ သူငယ်ချင်းရဲ့မိတ်ဆွေ
(မျက်စိ လည်သွားလျှင် ဆေးခန်းသွာပြနိုင်ပါသည်) ဖြစ်သူ ဗိုလ်ကြီး မောင်ဇော် (သူ့ကိုယ်သူ ခန့်ထားသော ရာထူးဖြစ်သဖြင့် မျက်စိ အညောင်းခံပြီး အမိန့်ပြန်တမ်း ဖွင့်ကြည့်စရာမလို) သည် ထိုင်းနိုင်ငံထုတ် တိုယိုတာ
မော်တော်ကား (၃)စီးဖြင့် အနန်းကွင်းဂိတ်ကို ရောက်လာသည်။ ဤအနန်းကွင်းဂိတ်ကို ကျော်လွန်ပြီးပါက သံဖြူဇရပ်သို့ အေးအေးဆေးဆေး ရောက်တော့မယ် မဟုတ်လား၊ သက်ဆိုင်ရာ ဂိတ်မှူးမှာ အသစ်ရောက်လာသူ ဖြစ်သဖြင့် ဒေသအထာ မနပ်သေးပေ၊ မောင်ဇော်တို့ ယူဆောင်လာသောကားမှာ တရားမဝင်သဖြင့် ဖမ်းဆီး၍ နိုင်ငံပိုင်ပစ္စည်းအဖြင့် သိမ်းဆည်းရမည်ဖြစ်ကြောင်း စစ်တပ်တို့၏ ထုံးစံအတိုင်း ဘုတ်အုပ်ဖွင့်၍ တရားဟောနေလေသည်၊

ထိုစဉ် ဗိုလ်မှူးကြီးမျိုးဝင်း ရောက်လာသောအခါ ဂိတ်မှူး ဖြစ်သူက အကျိုးအကြောင်း အစီရင်ခံလေသည်။ ထိုအခါ ဗိုလ်မှူးကြီး မျိုးဝင်းမှ သူနား နေဆောင်သို့ မောင်ဇော်တို့ကို ခေါ်ယူပြီး ဤသို့ ပွင့်ပွင့်လင်းလင်း မေးလေတော့သည်။

"ကဲ မင်းတို့ သွင်းလာတဲ့ကားဟာ သူခိုးကားတွေ၊ တရားမဝင်ဘူး၊ အခုချက်ချင်း ငါ သိမ်းလိုက်လို့ ရတယ်၊ ဒါပေမဲ့ လူတစ်ယောက်ဘဝ ပျက်သွားအောင် ငါ့အနေနဲ့ မလုပ်ချင်ဘူး၊ မင်းတို့မှာ မိသားစုတွေ ရှိသလို ငါမှာလည်း မိသားစုတွေ ရှိတယ်၊ ပြေပြေလည်လည် ညှိကြတာပေါ့၊ သဘောပေါက်ပါတယ်နော်"

ထိုအခါ ချက်ဆို နားခွက်မှ မီးတောက်သော မောင်ဇော်က သူ့လူများကို အောက်ဆင်း ရှောင်နေရန် မျက်ရိပ်ပြပြီး အိတ်အတွင်းသို့ နိုက်ကာ (၅) ကျပ်သား အလေးချိန်ရှိ ထိုင်းရွှေဘတ်ဆွဲကြိုး တစ်ကုံး ထုတ်၍ ဗိုလ်မှူးကြီး မျိုးဝင်းအား ပေးအပ်လေတော့သည်။ ထို့အပြင် အသင့်ယူလာသော ထိုင်းရီဂျင်စီဘရမ်ဒီ (၂) ပုလင်းကိုလည်း ဆက်သပြီးသောအခါ "အေး အတော်ဘဲ၊ ရီဂျင်စီ ပြတ်သွားတာ နှစ်ရက်ရှိပြီး၊ အာမီနဲ့ဘဲ ဖိုက်နေရတာ ကလီစာတွေတောင် ယောင်ကုန်ပြီး၊ မင်းတော့ ကြီးပွားအုံးမဲ့ကောင်ဘဲ။

ပေးကမ်းခြင်းသည် အောင်မြင်ရာဟူသော စကားနှင့်အညီ ပူဇော်ပသပြီးသကာလ မောင်ဇော်တို့လူသိုက်သည် ပျော်ရွင်စွာ သံဖြူဇရပ်သို့အရောက် ယွန်းခဲ့လေတော့သတည်း။


No comments: