Thursday, September 25, 2008

ရန်ကုန်မြို့လယ် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ လူအချို့ဒဏ်ရာရ

NEJ/ ၂၅ စက်တင်ဘာ ၂၀၀၈။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်း ယနေ့နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အနည်းဆုံး လူ (၃) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။


ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ခေတ်ပြိုင်က မေးမြန်းရာ ဒဏ်ရာရသူ (၃-၄) ဦးခန့် ရောက်ရှိလာသည်ဟု ပြောသည်။ ပန်းပဲတန်းမြို့နယ် ရဲစခန်းကလည်း ကျောက်တံတားမြို့နယ် အတွင်း၌ ပေါက်ကွဲမှုဖြစ်ကြောင်းသာ အတည်ပြုပြောဆိုသော်လည်း ပေါက်ကွဲမှုနှင့်ပတ်သက်၍ အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူရှိမရှိကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း သံတိုင်အနီး ပေါက်ကွဲခြင်းဖြစ်သည်။ ပန်းခြံထဲ ဝင်သူတိုင်းကို လုံခြုံရေးအရ စစ်ဆေးသည့်အတွက် အပြင်ဘက် ဘတ်စ်ကား ဂိတ်ဘက်မှ ပန်းခြံသံတိုင်ကြား ဗုံးပစ်သွင်းခြင်းဖြစ်နိုင်သည်ဟု မျက်မြင်သက်သေများက ယူဆသည်။

ပန်းခြံတွင်း ပေါက်ကွဲသည့်အတွက် ပန်းခြံထဲမှ စုံတွဲတတွဲ ထိခိုက်ဒဏ်ရာ ရသွားကြောင်း မျက်မြင်သက်သေများက ပြောသည်။ ပေါက်ကွဲမှုမှာ ထူးထူးခြားခြား အသံကျယ်လောင်ကြောင်း မြို့ခံအချို့က ပြောသည်။ ပေါက်ကွဲမှုဖြစ်သည့်နေရာသည် မြို့တော်ခန်းမရှေ့ ပန်းခြံနှင့်ကပ်လျက် ဘတ်စ်ကား အများစု ရပ်ရာ မှတ်တိုင်နှင့် အနီးဆုံးနေရာလည်း ဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင် မြို့တော်ခန်းမဘက်မှ လုံခြုံရေးတာဝန်ခံများ ပြေးထွက်လာပြီး အဆိုပါ ပန်းခြံ ပတ်ဝန်းကျင်ကို တားမြစ်နယ်မြေအဖြစ် အဝါရောင် စက္ကူစများဖြင့် ကာရံလိုက်သည်။ နောက်ပိုင်း လုံခြုံရေးကား အများအပြားရောက်လာသော်လည်း လမ်းကို လုံးဝ ပိတ်ဆို့ခြင်းမလုပ်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ ယခု ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယုဇန ပလာဇာ ဘက်မှာလည်း သံဆူးကြိုးများ ချပြီး လူများကို စစ်ဆေးနေကြောင်း ပြောသည်။

စက်တင်ဘာသံဃာ့အရေးအခင်းနှစ်ပတ်လည်ချိန်ကာလ ရန်ကုန်မြို့၌ လုံခြုံရေးတိုးမြှင့်ချထားချိန်၌ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source

No comments: