Friday, September 19, 2008

ရန်ကုန်-ပြည် ကားလမ်းပျက်စီး

NEJ/ ၁၈ စက်တင်ဘာ ၂၀၀၈။ ။

မဆလ အစိုးရခေတ်က အကောင်းဆုံးဟု နာမည်ရခဲ့သည့် ရန်ကုန်- ပြည် ကားလမ်းမကြီးသည် ယခုအခါ အလွန်အကျွံ ပျက်စီးနေပြီး လူစီးကား အသွားအလာ၊ ကုန်ကား အသွားအလာ အခက်အခဲ တွေ့နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။

ကုန်ကားမောင်းသူတဦးက “တလမ်းလုံး ဆိုးတယ်။ အဓိက ကတော့ မိုင်တိုင်အမှတ် (၉၈) မိုင်၊ (၂) ဖာလုံက ရွှေဝါမြိုင် ရွာနားမှာ အဆိုးဆုံးပဲ။ ကုန်ကားတွေကတော့ အဲဒီမှာ သွားမရလို့ ညအိပ်ကြရတယ်” ဟု ပြောသည်။

အဆိုပါ ကားလမ်းသည် ယခင်က လမ်းကောင်းသော်လည်း မပြုပြင်ဘဲ ကြာမြင့်စွာပစ်ထားခြင်း၊ မိုးသည်း ထန်စွာ ရွာသွန်းခြင်း၊ နာဂစ် ကူညီရေး ကုန်ကားကြီးများ အသွားအလာများခြင်းတို့ကြောင့် ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ပျက်ပျက်ခြင်း ပြုပြင်မှုမရှိသည့်အတွက် ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း ကုန်ကားမောင်းသူများက ပြောသည်။

အဆိုပါ ရန်ကုန်-ပြည် ကားလမ်းမကြီးသည် ကိုလံဘို စီမံကိန်းအရ ဖောက်လုပ်ထားခြင်းဖြစ်ပြီး မြန်မာပြည်၌ အကောင်းဆုံး အဝေးပြေးလမ်းမတခုအဖြစ် နာမည်ကျော်ကြားကာ ပြီးခဲ့သည့် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ် မှစ၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လုပ်ကိုင်ခွင့်ရထားသည့် လမ်းဖြစ်သည်။

Source

No comments: