Wednesday, September 17, 2008

ပြည်ပ မြန်မာသတင်းဌာနများ၏ ဝဘ်ဆိုဒ်များ တိုက်ခိုက်ခံနေရ

ဇာနည် ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008

ချင်းမိုင်။ ။ ပြည်ပတွင် အခြေစိုက်သော မြန်မာသတင်းဌာနများ ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)၊ ဧရာဝတီ၊ ခေတ်ပြိုင် တို့၏ အင်တာနက် ၀ဘ်ဆိုဒ်များ တပြိုင်နက်ဆိုသလို DDOS attack ဖြင့် တိုက်ခိုက်ခြင်း ခံနေရသည်။

အဆိုပါ သတင်းဌာနများ၏ အင်တာနက် ၀ဘ်ဆိုဒ်များမှာ ယနေ့ နေ့လည်ပိုင်းမှ စတင်ကာ ကြည့်ရှုမရ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

"ကျနော်တို့ ဆိုဒ် (www.dvb.no) က အတိုက်ခိုက်ခံရတယ် ဆိုတာ သေချာပါတယ်။ ဒီနေ့ နေ့လည် ၁၁ နာရီလောက်က စပြီး ဖြစ်တာပါ" ဟု DVB ထိုင်းဌာန တာဝန်ခံ ဦးတိုးဇော်လတ်က မဇ္ဈိမကို ပြောသည်။

အလားတူ ချင်းမိုင်မြို့ အခြေစိုက် ဧရာဝတီ သတင်းဌာန ၀ဘ်ဆိုဒ်လည်း တိုက်ခိုက်ခြင်းခံရကြောင်း သိရသည်။

"ကျနော်တို့ ဆိုဒ် (www.irrawaddy.org) က မနေ့ကတည်းက ဖြစ်နေတာ ဒါပေမယ့် ဒီနေ့မှ တိုက်ခိုက်ခံရတယ် ဆိုတာ နည်းပညာပိုင်းက သေချာ သိလိုက်ရတယ်" ဟု ဧရာဝတီ သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်ဇော်က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ သတင်းဌာနတခု ဖြစ်သော ခေတ်ပြိုင် သတင်း ဂျာနယ် ၀ဘ်ဆိုဒ် (www.khitpyaing.org) လည်း ယနေ့ နံနက်ကတည်းက ကြည့်ရှုမရ ဖြစ်နေပြီး တိုက်ခိုက်ခြင်းခံရခြင်း ဖြစ်သည်ဟု သိရသည်။

ယခု DVB ၀ဘ်ဆိုဒ် အတိုက်ခိုက်ခံရခြင်းမှာ ဒုတိယ အကြိမ်ဖြစ်ပြီး မဇ္ဈိမ ၀ဘ်ဆိုဒ် မှာလည်း အလားတူ တိုက်ခိုက်ခြင်းမျိုးကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ကြုံခဲ့ရသေးသည်။ ယခုကဲ့သို့ ပြည်ပသတင်းဌာန ဝဘ်ဆိုဒ်များ ကြည့်ရှုမရမှု ဖြစ်နေသောကြောင့် မဇ္ဈိမ ဝဘ်မာစတာကလည်း မဇ္ဈိမ ဝဘ်ဆိုဒ်များကို အနီးကပ် စစ်ဆေးစောင့်ကြည့်နေကြောင်း သိရသည်။

တိုက်ခိုက်ခံရမှု အတိုင်းအတာ မည်မျှအထိ ရှိသည်၊ မည်သည့်အချိန်တွင် ပြန်လည် ကြည့်ရှုရနိုင်မည်ကို အတိအကျ မသိရနိုင်သေးဟု နော်ဝေနိုင်ငံ အော်စလိုမြို့မှ DVB မှ ၀ဘ်ဆိုဒ် နည်းပညာပိုင်းဆိုင်ရာ တာဝန်ရှိသူက ပြောသည်။

အဆိုပါ (Distributed Denial of Services – DDoS) တိုက်ခိုက်မှုမှာ သတင်း အချက်အလက်များကို တပြိုင်တည်း အလွန်အကျွံ စုပြုံ၍ ပေးပို့လိုက်ပြီး ဝဘ်ဆိုဒ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သွားစေကာ အချက်အလက်များကို ပြန်လည် မပေးပို့နိုင်ပဲ ရပ်ဆိုင်းသွားစေခြင်း ဖြစ်သည်။

ဤတိုက်ခိုက်နည်း၏ အဓိက ရည်ရွယ်ချက်မှာ ဝဘ်ဆိုဒ်ကို ကြည့်ရှု၍မရအောင် ပြုလုပ်ရန် ဖြစ်သည်။

"အခုလို လုပ်တာက ဘယ်အဖွဲ့အစည်းရယ်လို့တော့ အတိအကျ မပြောနိုင်ပေမယ့် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာပါပဲ" ဟု ဦးတိုးဇော်လတ်က ပြောသည်။

Source

No comments: