Wednesday, September 17, 2008

ဒေါ်အောင်ဆန်းစုကြည် အစားအစာ ပြန်လည်လက်ခံပြီ

ဝိုင်းပီး ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 17 2008

နယူးဒေလီ။ ။ တလနီးပါး အစားအသောက်များ လက်မခံ ငြင်းပယ်ခဲ့သည့် ထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့ နံနက်ပိုင်းက ဈေးခြင်း ၂ ခြင်းကို ပြန်လည် လက်ခံလိုက်ပြီဟု အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့က ထုတ်ဖေါ် ပြောဆိုသွားပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ဈေးခြင်း ၂ ခြင်းကို ပါတီခေါင်းဆောင် နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ တနင်္လာနေ့ ညနှင့် အင်္ဂါနေ့ နံနက်ပိုင်းတို့က သွားရောက် ပေးပို့နိုင်ခဲ့သည်ဟု (NLD) ပြောခွင့်ရ ဦးဥာဏ်ဝင်း က ယခုလို ပြောဆိုသွားပါသည

“မနေ့ကနဲ့ ဒီနေ့ မနက်ခင်းက အစားအစာတွေ ပြန်လည် လက်ခံခဲ့ပါတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသွားပြီး၊ အဆိုပါ အစားအစာများကို NLD လူငယ်အဖွဲ့ဝင် ကိုမြင့်စိုးက ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆက်လက် ပြောဆို သွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် သြဂုတ် လလယ်ပိုင်းမှစ၍ တလနီးပါးခန့်မျှ မည်သည့် အစားအသောက် ပေးပို့ခြင်းကို လက်မခံ ငြင်းဆန်နေခဲ့ခြင်းကြောင့် သူမ အစာငတ်ခံ ဆန္ဒပြနေသည်ဟု အကဲခတ်များက ယူဆစရာ ဖြစ်လာခဲ့ပါသည်။

သို့သော် ဦးဥာဏ်ဝင်းကမူ ထိုသို့ အစားအသောက်များ လက်မခံ ငြင်းဆန်နေခဲ့ခြင်းမှာ သူမ၏ တောင်းဆိုချက်များကို အစိုးရက လိုက်လျောလာစေရန် ဆန္ဒပြနေခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောဆိုသွားပါသည်။

ယခုအခါတွင် သူမ မိသားစုထံမှပေးပို့သည့် စာများ လက်ခံခွင့်နှင့် နိုင်ငံခြား မဂ္ဂဇင်းများ ဖတ်ရှုခွင့်တို့ကို အစိုးရက သူမကို ခွင့်ပြုလိုက်ပြီ ဖြစ်သည်ဟု လွန်ခဲ့သောအပတ်က သူမနှင့်တွေ့ဆုံခဲ့သူ နိုဘယ်ဆုရှင်၏ ပုဂ္ဂိုလ်ရေးရှေ့နေ ဦးကြည်ဝင်းက ပြောဆိုသွားပါသည်။ အလားတူပင် စစ်အစိုးရက သူမအား ကူညီစောင့်ရှောက်နေသူ ဒေါ်ခင်ခင်ဝင်းနှင့် သူမ၏သမီး မဝင်းပပ တို့၏ သွားလာလှုပ်ရှားမှုအပေါ် ကန့်သတ်ထားမှုများကိုလည်း လျှော့ချ ပေးလိုက်ပါသည်။

“အစိုးရက သူမရဲ့ တောင်းဆိုချက်တွေကို တစိတ်တပိုင်း လိုက်လျောလိုက်ပြီးတဲ့နောက် အစားအသောက်တွေ ပြန်လည် လက်ခံဘို့ သူမ သဘောတူလိုက်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသွားပါသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆာင်၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တောင်းဆိုချက်များတွင် သူမအပေါ် တားဆီးမိန့် ထုတ်ထားခြင်းအပြင် အခြား ကန့်သတ်ချက်များ အားလုံး ဖယ်ရှားပေးရေး ပါဝင်သည်ဟု ဦးဥာဏ်ဝင်း က ပြောပါသည်။

ယခင် ထုတ်ပြန် ကြေငြာချက်တွင်မူ ပါတီခေါင်းဆောင်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သော်လည်း အင်္ဂါနေ့က ထပ်မံ ထုတ်ပြန်သော ကြေငြာချက်တွင်မူ နိုဘယ်ဆုရှင်သည် မည်သည့်အခါကမျှ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်း မရှိကြောင်းဖြင့် ထပ်မံ ရှင်းလင်း ပြောဆိုသွားခဲ့ပါသည်။

အစိုးရထံ တောင်းဆိုထားသော တောင်းဆိုချက်များ ရရှိရေးအတွက် ဆန္ဒပြသည့် အနေနှင့် အစားအသောက်များကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ ငြင်းဆန်နေခဲ့ခြင်းသာ ဖြစ်ကြောင်း အဆိုပါ ကြေငြာချက်တွင် ရေးသားဖော်ပြထားသည်။

ကြေငြာချက်တွင် ဆက်လက် ဖော်ပြရာတွင် သူမနှင့် သူမကို စောင့်ရှောက်နေသူများသည် အစားအသောက် အကန့်အသတ်နှင့်သာ နေထိုင်ခဲ့ကြရပါသည်။ ဒေါ်ခင်ခင်ဝင်းမှာ ကျန်းမာရေး မကောင်းသည့်အတွက် ဤအနည်းငယ်သာ ရှိသော ရိက္ခာများအနက် အများစုကို သူမအား စားသောက်စေခဲ့သဖြင့် ဒေါ်အောင်ဆန်းစု အနေဖြင့် အားနည်းခြင်း ဖြစ်ပေါ်ခဲ့ရကြောင်း၊ အဆိုပါ ကြေငြာချက်က ဆိုထားပါသည်

Source

No comments: