Saturday, September 20, 2008

နောက်ဆုံးတိုက်ပွဲကို ဦးတည်မလား၊ အမှိုက်ပုံးထဲက ကြားစကား နားထောင်မလား

ရဲဘော်ဖိုးသံချောင်း

လောင်စာဆီဈေးတက်မှုကို ဆန္ဒပြမှုကြီးနဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီး တနှစ်ပြည့်မြောက်တော့မယ့် အချိန်မှာ နအဖကိုနိုင်ငံတကာအဝန်းအဝိုင်းမှာ နေရာပေးစေလိုတဲ့ အသံတွေ၊ နအဖ ဖော်ထုတ်တဲ့ အခင်း အကျင်းသစ်ကို လက်ခံခိုင်းသံတွေ ကြားလာရတာဟာ အံ့သြစရာ၊ ရင်နာစရာလည်း ကောင်းပါတယ်။

အရေး တော်ပုံတရပ် အချိန်ကြာမြင့်လာတဲ့အခါမှာ စိတ်ပျက်လာသူ၊ စိတ်ဓာတ်ကျသူ၊ ခွာထွက်သူ၊ လက်နက်ချသူ စတာတွေ ပေါ်ပေါက်လေ့ရှိတာ မဆန်းပါဘူး။ တရားခံရှာကြ၊ တဦးဦးအပေါ် ပုံချဖို့ကြိုးစားကြ၊ စတာတွေလည်း မဆန်းပါဘူး။ တချို့ကတော့လည်း ပက်လက်ကုလားထိုင်ပေါ်မှာ စီးကရက်ရှိုက်၊ ဘီယာ စုတ်ရင်း လေကန် သုံးသပ်တာ လုပ်ကြပါတယ်။ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်၊ သမိုင်းမှာပါမယ့် ကိုယ့်အခန်းနဲ့ ကိုယ် အရလို့ပဲ ဆိုကြပါစို့။

ဒါပေမယ့် အရေးတော်ပုံကို ဆက်ခံကြမယ့်၊ အရေးတော်ပုံရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်သယ် ဆောင်ကြမယ့် လူတွေကတော့ သုံးသပ်တာကို ဇိမ်ခံတဲ့အလုပ်လို လုပ်မနေပါဘူး။ ကိုယ့်သေရေးရှင်ရေး ကိစ္စလို ဆွေးနွေး သုံးသပ်ကြပါတယ်။ ပြီးခဲ့တာတွေထဲမှာ အမှား၊ ဒါမှမဟုတ် သင်ခန်းစာကို တွေ့ရင် တာဝန်ရှိခဲ့သူကို အပြစ်တင်နေတာထက် ဒီအမှားမျိုးကို ဘယ်လိုရှောင်မယ်၊ ပိုကောင်းတာဘာရှိသလဲဆိုတာကို ရှာဖွေ စူးစမ်း ကြပါတယ်။

တကယ်ပြောရရင် စက်တင်ဘာ အရေးအခင်းလို နအဖစစ်အစိုးရကို တုန်လှုပ်စေခဲ့တဲ့ကိစ္စမျိုး တခုမှမရှိခဲ့ဖူးပါဘူး။ နအဖဟာ ပြည်ပက ဘယ်ဖိအားကိုမှ ပြည်တွင်းက လူထုအားလောက် မကြောက်ဘူး။ ပြည်ပက ဘယ်ပိတ်ဆို့မှု (sanctions) မှ သံဃာတော်များရဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်တာလောက် မထိရောက်ဘူးဆိုတာ အားလုံးတွေ့ခဲ့ကြရ ပါပြီ။

၂ဝဝ၇ ခုနှစ် သြဂုတ်၊ စက်တင်ဘာ ဖြစ်စဉ်များဟာ နအဖကို ဖယ်ရှားချင်ရင် ပြည်တွင်းကအင်အားကိုသာ အားကိုးရမယ်၊ ပြည်တွင်းလုပ်ငန်းသာ အဓိက ဆိုတဲ့အချက်တွေကို အတည်ပြုပေးခဲ့ပါတယ်။ နောက်ပြီး စစ်အာဏာရှင်လက်အောက် ဗမာပြည်ရဲ့ အခြေအနေမှာ လူထုအုံကြွမှုတွေ အချိန်မရွေး ပေါက်ကွဲနိုင်တယ် ဆိုတာကိုလည်း အထင်အရှား ပြသခဲ့ပါတယ်။

လူထုအုံကြွမှုဟာ ဘယ်နေရာဘယ်ထောင့်ကမဆို ပေါ်နိုင်တယ်။ ကျောင်းသားသာမက အလုပ်သမား၊ လယ်သမား နဲ့ သံဃာတော်များကတောင်မှ နအဖကို ဆန့်ကျင်ဆန္ဒပြချင်ကြတယ်ဆိုတာကို ထင်ရှားစေခဲ့ပါတယ်။

ဒီလိုဘက်နှစ်ဘက် အင်မတန် ထင်ထင်ရှားရှားကြီး ကွဲပြားနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ကြားသမား လုပ်ချင်တာ၊ ဖြစ်နိုင်ရင် “နင်လည်းတန်၊ နင်လည်းတန်” ဆိုပြီး ကိုယ့်ဖာသာ ခန့်တဲ့ ပုဏ္ဏားတိုင်လုပ်ချင်တာတွေ ပေါ်လာတာ တွေ တွေ့ရပါတယ်။ ဒါပေမယ့် ၁၉၄၈ ခုနှစ် မပြောနဲ့၊ ၁၉၈၈ ခုနှစ်ကနေ ပြန်တွက်လိုက်ရင်ပဲ ဒီလိုလူမျိုးတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တွေ့ခဲ့ကြရတာ မနည်းတော့ပါဘူး။

အဆုံးကျတော့ အဲဒီလူတွေကို ပြည်ပတနေရာရာ၊ ဒါမှမဟုတ် ပြည်တွင်းတချောင်ချောင်က အမှိုက်ပုံးထဲမှာ ရောက်နေတာပဲ တွေ့ကြရတယ် မဟုတ်ပါလား။ အဲဒီလို “ပိုနေမြဲ၊ ကျားနေမြဲ” ဆိုတာကို အာဏာရနေတဲ့ လူတွေက အင်မတန်ကြိုက်ပါတယ်။ လက်ခံချင်ပါတယ်။ ဒါပေမယ့် အဖိနှိပ်ခံနေရသူတွေ၊ မတရားပြု ခံနေရ သူတွေကတော့ ‘နေ မြဲ’ အနေအထားကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒီလိုနဲ့ပဲ အဲဒီပုဏ္ဏားတိုင်မင်းများဟာ နောက်ဆုံးမှာ ဖိနှိပ်သူနဲ့ ပေါင်းမိ၊ ဒါမှမဟုတ် အပြင်ကို လွင့်စင်သွားကြတာဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းမှာ နအဖရဲ့သရုပ်သကန်ကို အပေါ်လွင်ဆုံးဖွင့်ပြတဲ့ သမိုင်းလက္ခဏာ ဆောင်တဲ့အဖြစ်အပျက်ကြီး သုံးခုရှိပါတယ်။ အဲဒါတွေက ဒီပဲယင်းလူသတ်ပွဲ၊ သံဃာတော်များအရေးအခင်းနဲ့ နာဂစ်မုန်တိုင်းတို့ ဖြစ်တယ်လို့ဆိုရင် မမှားဘူးထင်ပါတယ်။ ဒီအရေးကိစ္စတွေကြောင့် နအဖဟာ ပြည်တွင်း ပြည်ပ နိုင်ငံရေးတို့မှာ ခံစစ်ဘဝရောက်ခဲ့ပါတယ်။ ဘယ်ခွင်မှာမှ ခေါင်းမမော်နိုင်ပါဘူး။ အခုတော့ သူတို့ဟာ တဘက်က နိုင်ငံရေးအရ သူတို့အတွက် ပုံမှန်အနေအထား ပြန်ရအောင်နဲ့ သူတို့ အစီအစဉ်အတိုင်း ရာသက်ပန် အာဏာ ဆုပ်ကိုင်ရေး လမ်းပြမြေပုံကို အတင်းတွန်း အကောင်အထည်ဖော်နေပါတယ်။

ဒီလိုအခါမှာ ပြည်ပအစိုးရတွေ၊ အန်ဂျီအိုတွေအပါ တချို့လူတွေဟာ ၂ဝ၁ဝ လွန် ဗမာပြည်နိုင်ငံရေးအတွက်ဆိုပြီး စဉ်းစားပြင်ဆင်နေကြတယ်။ ဆိုလိုတာ နအဖရဲ့အခင်းအကျင်းကို အသိအမှတ်ပြု လက်ခံလိုက်ကြဖို့ပဲ။ ဒါဟာ ဗမာပြည်သားတွေရဲ့ ဆန္ဒနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဗမာပြည်သားတွေအနေနဲ့ မတတ်သာလို့ အောင့်ပြီး လက်ခံထားရတာရှိမယ်။ အသိအမှတ်ပြုတဲ့သဘောတော့ ဘယ်တော့မှ မရှိဘူး။

အမှန်ပါပဲ။ ဒီနေ့အခါမှာ ဗမာပြည်ရဲ့အခြေအနေတွေကို ပြောင်းလဲဖို့အတွက် နအဖနဲ့ အတိုက်အခံအင်အားစု တွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာဟာ နအဖမှတပါး အားလုံး လက်ခံထားတဲ့ နည်းနာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖစစ်ဗိုလ်ချုပ်တွေဟာ ဒီနည်းနာကို လက်မခံရုံမက ပြည်သူလူထုအပေါ် လက်နက်သုံးတဲ့ နည်း၊ လူမိုက်နဲ့ ဝိုင်းရိုက်တဲ့နည်းအပါ နည်းအမျိုးမျိုးနဲ့ ထိုးစစ်အမျိုးမျိုး ဆင်နေပါတယ်။

အတိုက်အခံအင်အားစုတွေကို ထောင်ထဲ၊ တောထဲနဲ့ ပြည်ပကို မောင်းပို့တာ ဆက်လုပ်နေပါတယ်။ သူတို့ဖြစ် စေချင်တာကို နှုတ်နဲ့ပြောဆိုပြီး တဖက်သားကို လက်ခံအောင်လုပ်တဲ့နည်းအစား အာဏာသုံးတဲ့နည်း၊ အကြမ်း ဖက်တဲ့နည်းနဲ့ အတင်းလက်ခံခိုင်းနေပါ တယ်။ ပြည်တွင်းနိုင်ငံရေး အခြေအနေဟာ တင်းမာသထက်တင်းမာ၊ ဆိုးဝါးသထက် ဆိုးဝါးလာနေတာ ကမ္ဘာသိပါပဲ။

ဘယ်သူတွေ အသိအမှတ်ပြုပြု၊ မပြုပြု၊ အခြေအနေတွေ ပြသနေတာကတော့ ဗမာပြည်နိုင်ငံရေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နအဖတို့ရဲ့ နောက်ဆုံးစာရင်းရှင်းပွဲ (final show-down) တခုဆီကို ဦးတည်နေတယ်ဆိုတာပါပဲ။ ဒါဟာ နအဖနဲ့ ပြည်သူလူထုရဲ့ တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒီတိုက်ပွဲမှာ ရှုံးတဲ့ဘက်ဟာ ကာလတခု၊ ဒါမှမဟုတ် ထာဝရနာလန်မထူ ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ တိုက်ပွဲစဉ် အဆုံးသတ်ခြင်းကိုလည်း ဖြစ်သွားစေနိုင်ပါတယ်။

ဒါတွေကြောင့် ဒီတကွေ့ဟာ ဗမာပြည်အတွက် အလွန်တရာမှ အရေးပါကြောင်း ထင်ရှားနေပါတယ်။ ဒီတိုက်ပွဲ ကြီးကို သာမန်တပွဲတိုး စဉ်းစားနည်းနဲ့ စဉ်းစားပြင်ဆင်လို့ မဖြစ်ပါ။ အမြင်ကျယ်ရ၊ ရေရှည်လှမ်းမြင်ရပါမယ်။ မလိုအပ်တဲ့ အချင်းချင်း ပဋိပက္ခတွေ မပေါ်ပေါက်အောင် ထိန်းချုပ်ထားရပါမယ်။

ရေဒီယိုတွေကနေ အတိုက်အခံတွေရဲ့အသံတွေ ထွက်ခွင့်ရနေချိန်၊ အင်တာနက်ကို ဖောဖောသီသီကြီး သုံးစွဲ နေနိုင်ချိန်မှာ အချင်းချင်းတိုက်နေတာနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဒီအဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ဘက် ပေါင်းစုံကနေ ပြင်ဆင်ရပါမယ်။ နည်းနာပေါင်းစုံကို စဉ်းစားရှာကြံရပါမယ်။ စစ်အစိုးရက လက်နက်နဲ့ သတ်ဖြတ် တာအပါအဝင် နည်းနာပေါင်းစုံနဲ့ ဖိနှိပ်နေချိန်မှာ ပြည်သူတွေဘက်က စစ်အစိုးရကို ဆန့်ကျင်တဲ့အခါ ဘယ်လို နည်းနာတော့ဖြင့် မသုံးသင့်ဘူးဆိုတာမျိုး တရားမပြသင့်ပါ။

လမ်းပေါ်မှာပရိတ်ရွတ်နေတဲ့ သံဃာတော်များကို သေနတ်နဲ့ပစ်သတ်တဲ့၊ လေမုန်တိုင်းဒဏ်ကြောင့် ဒုက္ခ ရောက်နေသူတွေကို မျက်စိစုံမှိတ်ထားနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ဘယ်နည်းပဲသုံးသုံး တရားပါတယ်။

အကြမ်းဖက်သင့်လည်းဖက်ရမှာပါ။ အကြမ်းဖက်တယ်ဆိုရာမှာ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေတဲ့၊ ပြည်သူ့ သမိုင်း အမွေအနှစ်တွေကို ပျက်စီးစေတဲ့ အကြမ်းဖက်မှုမျိုးကို မဆိုလိုပါ။ ဒါပေမယ့် စစ်အုပ်စုဝင်တွေ၊ သူတို့ လက်ကိုင် နောက်လိုက်ခွေးတွေ၊ ခေါင်းမာသူတွေကိုတော့ ထိုက်သင့်တဲ့အတိုင်း တန်ပြန်ရပါမယ်။

ပြည်သူတွေ၊ သံဃာတွေ သွေးချောင်းစီးခဲ့တာ၊ စီးနေတာတွေကို မမေ့သင့်ပါဘူး။ မြေပေါ်မြေအောက်၊ ဥပဒေတွင်း ဥပဒေပ နည်းပေါင်းစုံ ဆင်နွှဲရပါမယ်။ နအဖဟာ ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ရုံမက ချောင်းရိုက်၊ ချောင်းသတ် တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ၊ အထက်လမ်း၊ အောက်လမ်း နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်နေတာပါ။ ဒီလိုအခါမှာ သူတို့ရဲ့ဖိနှိပ်မှုက လွတ်မြောက်လိုသူတွေဟာလည်း နည်းမျိုးပေါင်းစုံ ဆင်နွှဲရပါမယ်။ တခုပဲ သတိပြုရပါမယ်။ အဲဒါကတော့ တိုက်ပွဲတခုနဲ့တခု ကဏ္ဋကောစ မဖြစ်စေဖို့ပါ။ တခုကိုတခုက တွန်းအားဖြစ်ဖို့သာ အရေးကြီးပါတယ်။ အချိန်များများမကျန်တော့ပါ။ (၂) နှစ်သာလိုပါတော့တယ်။


No comments: