Friday, September 19, 2008

DVB နှင့် ဧရာဝတီ သတင်းဌာနများ တိုက်ခိုက်ခံရ

အေးလဲ့ | စက်တင်ဘာ ၁၉၊ ၂၀၀၈

မြန်မာပြည်တွင်းမှ သတင်းအချက်အလက်များကို ရေးသားဖော်ပြပေးနေသည့် နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ သတင်းဌာနတို့ကို နည်းပညာပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသည်မှာ သုံးရက်ကြာပြီ ဖြစ်သော်လည်း လာမည့် တနလာင်္နေ့တွင် ပုံမှန်ပြန်လည် ကောင်းမွန်နိုင်ရန် ၀က်ဘ်ဆိုဒ် ပညာရှင်များက မျှော်လင့်ကြောင်း ပြောသည်။

နည်းပညာ အခေါ်အဝေါ်အရ Distributed Denial of Service (DDoS) တိုက်ခိုက်ခြင်းဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ သတင်းဆိုဒ်များကို ဝင်ရောက်ဖတ်ရှု၍ မရနိုင်ရန်ဖြစ်ပြီး မလိုလားသူ တစုက နောက်ကွယ်မှ ငွေပေး ခိုင်းထားခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီ ဝဘ်ဆိုဒ် နည်းပညာပိုင်း ဆိုင်ရာအဖွဲ့မှ ကိုမိုးကျော်က ပြောသည်။

၎င်း DDoS တိုက်ခိုက်မှုသည် နည်းပညာပိုင်းဆိုင်ရာ ဖောက်ထွင်းသမားများဖြစ်သည့် (hacker) တို့က ကမ္ဘာတဝန်းရှိ ထောင်ပေါင်းများစွာသော ကွန်ပျူတာမျာကို နောက်ကွယ်မှ ဝင်ရောက်ထိန်းချူပ်ပြီး ၎င်းတို့ တိုက်ခိုက်လိုသည့် ဝက်ဘ်ဆုဒ်များကို တိုက်ခိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ တိုက်ခိုက်နိုင်ရန်အတွက် ၎င်းဖောက်ထွင်း သမားများအား တိုက်ခိုက်မှုအချိန်နှင့် ပမာဏပေါ်မှု တည်ပြီး ပေးဆောင်ရန်ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀ ခန့်ရှိသည်ဟု နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။

သာမာန်လူများ မသိနိုင်သော နည်းပညာပိုင်းဆိုင်ရာ Online မှတဆင့် အချင်းချင်း ဆက်သွယ်ပြီး ခိုင်းခြင်း ဖြစ်နိုင်ကြောင်းလည်း သိရသည်။

ယခု ဧရာဝတီဝက်ဘ်ဆိုဒ်ကို တိုက်ခိုက်မှုသည် သတင်းအချက်အလက်များအား တပြိုင်နက်တည်း တစက္ကန့် အတွင်း (၁ ဂျီဂါဘိုက်) ခန့်ကို ဆာဗာတွင်းသို့ ပို့လွှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းပမာဏသည် သာမန်လက်ခံနိုင်သည့် ပမာဏထက် အဆပေါင်းများစွာ ကျော်လွန်နေသည့်အတွက် ဆာဗာ အလုပ်မလုပ်နိုင်ဘဲ ၀က်ဘ်ဆိုဒ် ရပ်ဆိုင်းသွားရခြင်းဖြစ်သည်ဟု ကိုမိုးကျော်က ပြောပြသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း ဧရာဝတီ အင်တာနက် ဝက်ဘ်ဆိုဒ်ကို Trojans Virus ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ၎င်း Virus အား ၄ ရက်ကြာ အချိန်ယူ ရှင်းထုတ်ခဲ့ရသည်ဟု ကိုမိုးကျော်က ပြောသည်။

ယခုကဲ့သို့ တိုက်ခိုက်နေခြင်းသည် သတင်းအချက်အလက် စီးဆင်းမှုကို တားဆီးပိတ်ပင် လိုသည့်အတွက် ဖြစ်ကြောင်း DVB သတင်းဌာန ဒါရိုက်တာ ဦးအေးချမ်းနိုင်ကလည်း ပြောသည်။

“မြန်မာပြည်ထဲမှာ သတင်းဂျာနယ်တွေကို ဆင်ဆာလုပ်သလိုပဲ၊ ပြည်ပသတင်းဌာန တွေကိုလည်း ကမ္ဘာ့လူထု ဖတ်လို့မရအောင် အခုလိုနည်းမျိုးနဲ့ ဆင်ဆာလုပ်တာ ဖြစ်နိုင်တယ်၊ ဒီလိုလုပ်ဖို့ ဆိုတာကလည်း မလွယ်ပါဘူး၊ ရံဖန်ရံခါအားဖြင့် အခုလို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်နိုင်ပါတယ်”ဟု ဦးအေးချမ်းနိုင်က ပြောသည်။

အလားတူ တိုက်ခိုက်မှုမျိုး ဇူလိုင်လအတွင်းကလည်း DVB သတင်းဌာနကို ၄ ရက် ခန့် တိုက်ခိုက်ခံခဲ့ရပြီး ယခုလည်း ကာကွယ်နိုင်သော နည်းလမ်းများကို ရှာဖွေနေကြောင်း ၎င်းက ပြောဆိုသည်။

ဧရာဝတီ၊ DVB စသည့် ပြည်ပအခြေစိုက် မြန်မာ သတင်းဝက်ဘ်ဆိုဒ်များသည် မြန်မာစစ်အစိုးရ၏ လုပ်ဆောင် ချက်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်မှုများ၊ ဝေဖန်ရေးသားမှုများ ပြုလုပ်သောကြောင့် စစ်အစိုးရက ယခုကဲ့သို့ ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။

No comments: