Tuesday, September 16, 2008

စစ်တွေတွင် စစ်သားများ ပီတီပြေး၍ အင်အာအားပြ

Narinjara News 9/16/2008


ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် စစ်သားများက (Piratical Training) ပီတီ ပြေး၍ စစ်အင်အားကို ပြသကာ လူထုများအား ဆန္ဒမပြရအောင် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မျက်မြင် တဦးက “ အင်အားက ၂၀၀ ကျော် ၃၀၀ နီးပါးတောင် ပါမယ်ထင်ပါတယ်။ ညနေ ၃ နာရီဆိုရင် စစ်တွေက အဓိက လမ်းမတွေဖြစ်တဲ့ မေယုလမ်းတို့ လမ်းမကြီးတို့မှာ သူတို့ စလို့ ပြေးပါတယ်။” ဟု ပြောသည်။

၎င်းပြင် စစ်သားများက ပီတီ ပြေးစဉ်အတွင်း ဘယ်ညာဘယ်ညာ ဟု အော်သဖြင့် လမ်းသွား လမ်းလာများအတွက် အနှောင့်အယှက် ဖြစ်ရကြောင်းကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“ သူတိုက ရိုးရိုးတန်းတန်း ပြေးတာ မဟုတ်ဘူးဗျ၊ အော်လည်း အော်သေးတယ်၊ ဘာလုပ်နေလဲ- လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ-- တိုက်ပွဲဝင်ဖို့။ ဘယ်သူ့အတွက်လဲ-- ပြည်သူအတွက်။ ဒါတွေလည်း ပါသေးတယ်။ မြို့ပြင်မှာ ဖြစ်ဖြစ် ဘော်လုံးကွင်း တခုခုမှာ ဖြစ်ဖြစ် လုပ်ရင် ရပေမယ့် မလုပ်ဘဲ မြို့ထဲမှာ လာလုပ်တော့ လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ စစ်တွေတွင် လုံခြုံရေးများ တိုးမြှင့်ချထားချိန်တွင် စစ်သားများက ယခုကဲ့သို့ ပီတီပြေးနေခြင်းမှာ လူထုများအား ဆန္ဒပြပွဲများတွင် မပါဝင်ရအောင် ခြိမ်းခြောက်လို၍ ဖြစ်သည်ဟု သူက ယခုကဲ့သို့ ပြောသည်။

“ ပြောရမယ်ဆိုရင်တော့ စစ်တွေ လူထုကို ခြိမ်းခြောက်လိုတဲ့အတွက် ခုလို အချိန်မျိုးမှာ သူတို့က ဒါတွေကို လုပ်တာပါ။ စစ်တွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်မယ်ဆိုပီး သတင်းတွေ ဖြစ်နေတဲ့အတွက် အာဏာပိုင်တွေက အင်အားပြပြီး ခြိမ်းခြောက်နေတာပါ။”

ရခိုင်ပြည်နယ် စစ်တွေတွင် လူထု အနေဖြင့် စစ်အစိုးရ ဆန့်ကျင်ရေး မလုပ်ရအောင် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

Source

No comments: