Tuesday, September 23, 2008

ကူညီထောက်ပံ့မှု လိုနေသေးသည့် ချင်းပြည်သူများ

ဇလပ်မေ

ချင်းပြည်နယ်၌ နှစ် ၅ဝ ခန့်တွင် တကြိမ် ဝါးသီးများ သီးလေ့ရှိရာ ဝါးသီးများကို စားသောက်ကြသော ကြွက်များသည် ဝါးသီး၏ အာနိသင်ကြောင့် မျိုးဆက်ပြန့်ပွားနှုန်း မြင့်တက်လာသည်။ ထိုတိုးပွားလာသော ကြွက်များက တောင်ယာများရှိ ကောက်ပဲသီးနှံများကိုပါ ဖျက်ဆီး စားသောက်ခြင်းကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ရသည်။ ၂ဝဝ၆ ခုနှစ်နှောင်းပိုင်းမှ စတင်ပြီး အလားတူအဖြစ်မျိုး တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ရာ ချင်းပြည်နယ် မြို့နယ် ၅ ခုတွင် စားနပ်ရိက္ခာ ရှားပါးမှု တွေ့ကြုံနေသည့် ကျေးရွာတချို့သို့ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တချို့၏ ကူညီထောက်ပံ့မှုများ ပေးပို့ လှူဒါန်းနေသော်လည်း ကူညီပံ့ပိုးမှု လိုအပ်နေဆဲ ဖြစ်သည်။

ယခုအခါတွင် ရွာသားများအနေဖြင့် စားနပ်ရိက္ခာ ပြဿနာ တွေ့ကြုံနေရသည့်အပြင် ကျန်းမာရေး စောင့်ရှောင့်မှုနှင့် ကလေးသူငယ်များ၏ ပညာရေးသည်လည်း အလားတူ လိုအပ်ချက်များ ဖြစ်လာခဲ့ရာ အကူအညီများ ထပ်မံ လိုအပ်နေသေးသည်။

လက်ရှိ အခြေအနေများကို သိနိုင်ရန် မကြာသေးခင်က ထန်တလန် မြို့နယ်အတွင်းရှိ ကျေးရွာတချို့သို့ ဆန်အိတ်များ သွားရောက်လှူဒါန်းခဲ့သော ထိုင်းနိုင်ငံအခြေစိုက် ကရင် ကယ်ဆယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးရုံး (Karen Office of Relief and Development) မှ အတွင်းရေးမှူးဖြစ်သူ Saw Htoo Klei အား ထန်တလန်မြို့ရှိ ဒေသတချို့ ကိုယ်တိုင် သွားရောက်ခဲ့သည့် မဇ္ဈိမသတင်းထောက် ဇလပ်မေက အသေးစိတ် တွေ့ဆုံမေးမြန်းချက်များ ဖော်ပြလိုက်ရပါသည်။

ဘယ်ဒေသတွေကို ဆန်သွားလှူခဲ့ပါလဲရှင့်။

ကျနော်က Burma Relief Center (BRC) အနေနဲ့ ဆန်သွားဝေတာပါ။ အများကြီးတော့ မဟုတ်ဘူး။ ဆန်အိတ် ၁၆ဝ နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကိုပါ သွားပို့တာပါ။ အစာရေစာ အခေါင်းပါးဆုံး နေရာတွေဖြစ်တဲ့ ကျန်ဖိုင်း၊ လုံကျွေးသဲ၊ ပါလာရ်၊ တီးတိန်တွေမှာ ခွဲဝေပေးခဲ့တာပါ။

အားရကျေနပ်မှုရော ရှိရဲ့လား။

မရှိဘူး။ မရှိဘူးဆိုတာက BRC က ကူညီပေးနိုင်တာ နည်းနည်းလေးရှိတယ်။ လိုအပ်တဲ့ နေရာတိုင်းကို မပေးနိုင်သေးတဲ့ အပိုင်းမှာတော့ အားရမှု မရှိဘူး။ ချင်းပြည်နယ်မှာ ဝါးသုဉ်းမှုကြောင့် အစာရေစာ ခေါင်းပါးမှု အတော်ဖြစ်နေတယ်။ ပြည်သူတွေ စားဝတ်နေရေး ဖြေရှင်းတဲ့ နေရာမှာ သူတို့ကိုယ်တိုင် အိမ်မွေး တိရစ္ဆာန်တွေကို အိန္ဒိယနယ်စပ်ကို သွားရောင်းချနေရတာ တွေ့လာရတယ်။ လမ်းခရီးတွေမှာ နအဖ စစ်တပ်တွေက အဟန့်အတား လုပ်ကြသေးတယ်။ လူငယ် အတော်များများဟာ အိန္ဒိယဘက် ထွက်ပြီး အလုပ်လုပ်ကြတယ်။ လုပ်အားခ မရဘဲ ရွာကို ပြန်လာခဲ့ရတဲ့ သူတွေ ရှိတယ်လို့ သိရတာ စိတ်မကောင်းဖြစ်မိတယ်။

ဒီဒေသက လူတွေရဲ့ အခက်အခဲတွေကို ရှေ့ဆက်ပြီး ဘယ်လို ကူညီ ဖြေရှင်းပေးသင့်တယ်လို့ မြင်ပါလဲရှင့်။

လိုအပ်တာတွေ အများကြီးရှိတယ်။ ကျန်းမာရေးဘက်ပိုင်းမှာ ကူညီထောက်ပံ့ပေးဖို့ အတော်လိုအပ်တယ်။ ချင်းပြည်သူ လူမှု အဖွဲ့အစည်းတွေ အနေနဲ့ အများကြီး လုပ်နိုင်တာရှိတယ်လို့ ကျနော် ထင်မိတယ်။ ကျန်းမာရေး ထောက်ပံ့တဲ့ အပိုင်းတွေမှာ ဒီထက်မက ထိထိရောက်ရောက် တိုးချဲ့လုပ်ဆောင်စေချင်တယ်။

ပညာရေးအပိုင်းကနေ ပြောရရင် ချင်းအဖွဲ့အစည်းတွေက ကျောင်းသုံးပစ္စည်း၊ ကိရိယာတွေ အများကြီး ဖြန့်ဝေပေးနိုင်မယ်ဆိုရင် ကောင်းမယ်။ ကျောင်းသားဦးရေနဲ့ ကျောင်းဆရာ အရေအတွက် မညီမျှမှုကြောင့် ကျောင်းပညာရေးမှာ လိုအပ်သလို သင်ကြားပေးတဲ့ နေရာမှာ ထိရောက်မှု မရှိဘူး။ နောက် အစာရေစာ ခေါင်းပါးမှုကြောင့် ကျောင်းသား တော်တော်များများဟာ ကျောင်းမတက်နိုင်ဘဲ စားဝတ်နေရေး ဖြေရှင်းတဲ့အပိုင်းမှာ မိဘတွေကို ကူညီပေးနေရတာတွေ ရှိတယ်။ ကျောင်းပညာရေး မထိခိုက်နိုင်အောင် ထောက်ပံ့တဲ့ အစီအစဉ်တွေ တိုးချဲ့ လုပ်ဆောင်စေချင်တယ်။

လောလောဆယ် ဖြစ်နေတဲ့ အစာရေစာ ခေါင်းပါးတဲ့ အခြေအနေတွေကို ချင်းမီဒီယာတွေ အနေနဲ့ တခြား နိုင်ငံတကာက ကူညီချင်တဲ့စိတ် ရှိလာအောင်၊ အကူအညီပေးတဲ့ အဖွဲ့တွေ ရှိလာအောင် လုပ်ဆောင်စေချင်တယ်။ ချင်းပြည်နယ်ရဲ့ လက်ရှိအခြေအနေ၊ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ၊ သတင်း အချက်အလက်တွေကို ချင်းမီဒီယာ အဖွဲ့တွေက ဒီထက်မက ထိထိရောက်ရောက် လုပ်ဆောင်စေချင်တယ်။

ကယ်ဆယ်ထောက်ပံ့ရေး အပိုင်းမှာ ပြည်ပမှာရှိတဲ့ ချင်းလူမှုအဖွဲ့အစည်းတွေ အနေနဲ့ရော ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်သင့်ပါသလဲရှင့်။

ကယ်ဆယ်ရေး ထောက်ပံ့ရေး လုပ်ဆောင်တဲ့အပိုင်း၊ သွားနေတဲ့ Process အပိုင်းမှာ နည်းနည်း ပြောချင်ပါတယ်။ ပထမအချက် အနေနဲ့ အချက်အလက် ရှာဖွေစုဆောင်းတဲ့ နေရာမှာ နယ်စပ်တွေမှာ လုပ်ငန်းအဖွဲ့တွေ ပြည်တွင်း အခြေအနေတွေကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်နေရမယ်။ ထူးခြားမှုတွေ၊ ပြောင်းလဲမှုတွေကို အစဉ်မပြတ် မိခင် အဖွဲ့အစည်းတွေကို အစီရင်ခံတာ၊ အသိပေးတာတွေ ရှိရမယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘာလုပ်သင့်သလဲဆိုတာကို မိခင်အဖွဲ့အစည်းတွေ ဆွေးနွေးတိုင်ပင်၊ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်သင့်တယ်။

အချက်အလက် ရှာတဲ့ အပိုင်းမှာလည်း နယ်စပ်တဲ့၊ နီးတဲ့ ကျေးရွာတွေရဲ့ အခြေအနေ၊ ဖြစ်ပျက်နေတဲ့ အရာတွေကို သိနိုင်ပေမယ့် နယ်စပ်နဲ့ဝေးလံတဲ့ ကျေးရွာတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် သတင်းအချက်အလက် မယူနိုင်တာတွေ ရှိနိုင်တယ်။ အဲဒီလိုမျိုး နေရာတွေမှာလည်း အချက်အလက် ရှာဖွေသူ အနေနဲ့ ခက်ခဲမှုတွေ ရှိပေမယ့် သွားရောက်နိုင်ဖို့ အရေးကြီးတယ်။ သူတို့ အခြေအနေကိုလည်း အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်ဖို့ အရမ်းလိုအပ်တယ်။

ဒုတိယအချက် အနေနဲ့ ဖြန့်ဝေရေး ကြီးကြပ်တဲ့အပိုင်းမှာ အစဦးက ထောက်ပံ့တဲ့ နေရာမှာ ဦးစားပေးတဲ့စနစ် လက်ခံရရှိသူ ဦးရေ၊ လက်ခံရရှိသူ ကျေးရွာရှိ ရယက သို့မဟုတ် ဘာသာရေးခေါင်းဆောင်တွေ၊ လူကြီးတွေနဲ့ တွေ့နိုင်ရင် ကောင်းမယ်။ အဲဒါမက လက်ခံရရှိသူတွေ ကိုယ်တိုင်နဲ့ တွေ့ဆုံနိုင်ရမယ်။ လက်ခံရရှိသူ အနေနဲ့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြ ပြောဆိုနိုင်ရင် ရှေ့ဆက်ပြီး ဘယ်လိုနည်းနဲ့ ဖြေရှင်းရင် ပိုကောင်းမလဲဆိုတာကို သိရှိနိုင်ဖို့ ဖြစ်တယ်။ ဆိုလိုတာက ရွာလူကြီးတွေ တင်ပြလာတဲ့ အချက်တင်မကဘဲ ရွာသားတွေတင်ပြတဲ့ အချက်အလက်တွေပါ သိရှိနိုင်အောင် လုပ်သင့်တယ်။ ပြည့်ပြည့်စုံစုံ သိရှိနိုင်မှ ဖြန့်ဝေတဲ့အပိုင်းမှာ ကောင်ကောင်း ကြီးကြပ်နိုင်မယ်။ အဓိကတော့ ရွာလူကြီးတွေ၊ ရွာသားတွေ တင်ပြတာကို အချက်ညီညီ သိရှိနိုင်ဖို့ ဖြစ်တယ်။

နောက်ဆုံးအချက်အနေနဲ့ ပေးထားတဲ့ ထောက်ပံ့မှုတွေအပေါ်မှာ ရွာသားတွေအနေနဲ့ ဘယ်လိုအသုံးချသလဲ၊ ဘယ်လိုအသုံးပြုသလဲ၊ နောက်ထပ် ထောက်ပံ့မှုတွေ ပေးတဲ့အပိုင်းမှာ တချို့က ထောက်ပံ့မှုတွေ ရတာတွေရှိမယ်။ မရတာတွေ ရှိမယ်။ အဲဒီအပိုင်းမှာ အချင်းချင်း ပြဿနာတွေ ဖြစ်လာနိုင်တယ်။ အဲဒီ အခြေအနေတွေကိုလည်း ချက်ချင်း သိရှိနိုင်အောင် လုပ်ငန်းလုပ်ဆောင်တဲ့ အပိုင်းမှာ ရှေ့ဆက်ပြီး ဘာတွေ လုပ်ဆောင်သင့်သလဲ ဆိုတာကို သိရှိနိုင်မှ အဖွဲ့အစည်းတွေ အနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းမှာ ထိထိရောက်ရောက် ဆုံးဖြတ်ချက် ချနိုင်မှာ ဖြစ်တယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အချက်အလက်တွေကို ရရှိအောင် လုပ်ရမယ်ပေါ့နော်။ ၃ လအတွင်း ဘာတွေ ထူးခြားမှု၊ ပြောင်းလဲမှုကို ချက်ချင်း သိရှိနိုင်မှာ ဖြစ်တယ်။

No comments: