Friday, September 19, 2008

ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေး စစ်ဆေး

NEJ/ ၁၈ စက်တင်ဘာ ၂၀၀၈။ ။

ယမန်နေ့မှစ၍ ရန်ကုန်မြို့ နေရာပေါင်းများစွာတွင် လုံခြုံရေးဂိတ်များချပြီး စစ်ဆေးရေးပြုလုပ်နေသည့်ပြင် ရန်ကုန်မြို့ အထင်ကရ လမ်းမကြီးများပေါ်တွင် လုံခြုံရေးအဖွဲ့များ လူအုပ်နှိမ်နင်းရေး လေ့ကျင့်မှုများ လုပ်နေသည်။

ရန်ကုန်မြို့ခံတဦးက “ညက ကျနော် အောင်မင်္ဂလာ အဝေးပြေးဂိတ်ကနေ မြို့ထဲ ပြန်လာတယ်။ လမ်းမှာ မင်္ဂလာဒုံ ခရေပင်လမ်းဆုံ၊ (၈) မိုင်လမ်းဆုံ၊ ပြည်လမ်း (၆) မိုင်ခွဲ အိုင်ဘီစီ ရှေ့၊ လှည်းတန်းလမ်းဆုံ၊ ဟံသာဝတီ အဝိုင်းထိပ်၊ ဗိုလ်ချုပ်လမ်း မီးရထားဟိုတယ်ရှေ့၊ ပုဇွန်တောင်ရဲစခန်းရှေ့ စတဲ့ (၇) နေရာမှာ ကားကို အကြိမ်ကြိမ် ရပ်ပြီး စစ်ဆေးတာ ခံရတယ်။ ဂိတ်တွေမှာ စစ်ဆေးတဲ့ ပုံစံက သံဆူးကြိုးတွေ ချထားတယ်။

အဲဒီမှာ ကားတစီးပြီးမှတစီး ဖြတ်ရတယ်။ ကားကို တံခါးဖွင့်ပြီး စစ်ဆေးတယ်။ ကားပေါ်ပါလာတဲ့ လူတွေကို မသင်္ကာရင်လည်း စစ်ဆေးတယ်။ လက်နှိပ်ဓာတ်မီးတွေနဲ့လည်း ထိုးတယ်။ ထူးခြားတာက စစ်ဆေးတဲ့ တချို့နေရာတွေမှာ လူပေါင်း (၃ဝ-၄ဝ) လောက် တောင် ရှိတယ်။ ရဲတွေ၊ အရန်မီးသတ်တွေ၊ ကြက်ခြေနီတွေနဲ့ ဘာမှန်းမသိရတဲ့ အရပ်ဝတ်တွေ အများကြီးကို စစ်ဆေးတဲ့နေရာတွေမှာ မြင်ရတယ်။ ဒီလို စစ်ဆေးတော့ လမ်းတွေ ပိတ်ကုန်ပြီး ကားတန်းတွေ အရှည်ကြီး ဖြစ်ကုန်တယ်” ဟု ပြောသည်။

အခြားမြို့ခံ ကုန်သည်တဦးကမူ အထက်ပါ နေရာများတွင်သာမက အခြား ရန်ကုန်မြို့ အနှံ့အပြားတွင် ယခုကဲ့သို့ ဂိတ်များဖွင့်ပြီး တပြိုင်နက်တည်း စစ်ဆေးနေသည်ကို တွေ့ရကြောင်း ပြောသည်။

ထို့အပြင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များသည် အခါအားလျော်စွာ လမ်းကိုပိတ်ဆို့ပြီး အဓိကရုဏ်း နှိမ်နင်းရေး လေ့ကျင့်ခန်းများလည်း လုပ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

စက်တင်ဘာ (၁၆) ရက်ည (၉) နာရီကျော် ဗိုလ်ချုပ်လမ်းနှင့် မဟာဗန္ဓုလ လမ်းကြား သိမ်ဖြူလမ်းပေါ်တွင် လုံခြုံရေး တပ်ဖွဲ့များ လေ့ကျင့်နေသည်ကို မြင်တွေ့ခဲ့သူ တဦးက အဆိုပါ လေ့ကျင့်မှုတွင် ဒိုင်နာကားအရွယ် တရုတ်ပြည်လုပ် ရဲကား (၁ဝ) စီးကျော်၊ ဝိုင်ယာလက်မီးပါ နှစ်ခန်းတွဲ ရဲကား (၆) စီး၊ ဒိုင်နာကား (၅) စီးခန့် ပါဝင်ကြောင်း၊ ခန့်မှန်းခြေ ရဲတပ်ဖွဲ့ဝင် (၁ဝဝ) ခန့်နှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်ဟု ယူဆရသည့် အရပ်ဝတ် (၅ဝ-၆ဝ) ခန့် ပါဝင်ကြောင်း၊ လမ်းကိုပိတ်ပြီး လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ အုပ်စုလိုက် လူစုကို ဝိုင်းဝန်းဖမ်းဆီးခြင်း၊ လမ်းပေါ်တွင် မှောက်ခိုင်းထားခြင်း၊ တိုက်ခန်းပေါ် ပြေးတက်သူများကို လိုက်ဖမ်းခြင်း စသည်တို့ကို ငြာသံပေးပြီးလုပ်နေသည်ကို တွေ့ရကြောင်း ပြောသည်။

ယခုကဲ့သို့ ကားလမ်းပိတ်ပြီး လေ့ကျင့်နေသည်ကို နေ့ဘက်တွင်လည်း တွေ့မြင်ရကြောင်း ဦးဝိစာရလမ်းဘက်တွင် မြင်တွေ့ခဲ့ရသည့် တက္ကစီသမားတယောက်ကလည်း ပြောသည်။

သံဃာတော်များ ဦးဆောင်သည့် မေတ္တာပို့လှည့်လည်မှုကို နအဖစစ်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာ (၂၆) တွင် သွေးမြေကျအောင် ပစ်ခတ်၊ ရိုက်နှက် နှိမ်နင်းခဲ့ပြီးသည့်နောက် ယခု ယင်းရက်မတိုင်မီ ရန်ကုန်မြို့တွင် အင်အားအလွန် အကျွံသုံးပြီး လုံခြုံရေးများ တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။

Source

No comments: