Sunday, September 14, 2008

စစ်တွေတွင် ရဟန်းတော်များ ဆန္ဒပြရန် စုရုံး အာဏာပိုင်များက တားဆီး

Narinjara News


ယနေ့ နေ့လည်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဟန်းတော်များ စုရုံးပြီး ဆန္ဒပြရန် စီစဉ်ခဲ့သည်။ သို့သော်လည်း အာဏာပိုင်များက လက်ဦးမှု ရယူကာ ဆန္ဒပြပွဲကို တားဆီးခဲ့ကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ မျက်မြင် အမျိုးသမီး တဦးက “ရဟန်းတော် အပါး ၅၀ ခန့်က စစ်တွေ ဝေသာလီ အားကစားကွင်းမှာ စုရုံးပြီး ဆန္ဒပြဖို့ စီစဉ်ခဲ့ကြတာပါ။ အာဏာပိုင်တွေက သတင်းရသွားပြီး အားကစားကွင်းကို ၀ိုင်းထားလိုက်တဲ့အတွက် ဆန္ဒပြ ချီတက်မယ့် အစီအစဉ် ပျက်သွားခဲ့ရပါတယ်။” ဟု သူမက ပြောသည်။

ထိုသို့ အာဏာပိုင်များက လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် ၀ိုင်းထားလိုက်သဖြင့် ရဟန်းတော်များမှာ အစီအစဉ်ကို ရုတ်သိမ်းပြီး မိမိတို့ နေထိုင်ရာကျောင်းသို့ ပြန်သွားခဲ့ကြသည်ဟု သူမက ပြောသည်။

“ဖမ်းတာ ဆီးတာတွေတော့ မရှိပါဘူး။ အာဏာပိုင်တွေက လုံခြုံရေးကို တိုးမြှင့်တာကလွဲလို့ လိုက်လံ ဖမ်းဆီးတာတော့ မပြုလုပ်ပါဘူး။” ဟု သူမက ပြောသည်။

ယခုတကြိမ် ရဟန်းတော်များ ဆန္ဒပြရန် စစ်တွေမှာ စီစဉ်ခြင်းမှာ သြဂတ်(စ်)နှင့် စက်တင်္ဘာလအတွင်း တတိယ အကြိမ်မြှောက်ဖြစ်ပြီး လွန်ခဲ့သော လကလည်း နှစ်ကြိမ်တိတိ စီစဉ်ခဲ့သည်။

သို့သော်လည်း အာဏာပိုင်များက လက်ဦးရယူကာ ဖြိုခွဲခဲ့သဖြင့် ဆန္ဒပြမည့် အစီအစဉ်များမှာ ပျက်ပြားခဲ့ရသည်။

ယခုအခါ စစ်တွေတွင် လုံခြုံရေးကို ပိုမိုပြီး တင်းကျပ်ထားပြီး အရပ်ဝတ်ထောက်လှမ်းရေးများ၊ ရပ်ကွက် ကောင်စီများမှာလည်း နေရာတိုင်းတွင် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။

Source

No comments: