Saturday, September 20, 2008

မ၀ယ်မနေရ နာဂစ် ရန်ပုံငွေ

ကန္တရသတီတိုင်း(မ်)

မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တိုက်ခတ်သွားသည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေသော ရေဘေးဒုက္ခသည်များအတွက် ရန်ပုံငွေဟုဆိုကာ လွိုင်လင်လေးအခြေစိုက် ခမရ ၅၃၀ တပ်ရင်းသည် ရေဘေးကြောင့် ဒုက္ခရောက်နေသည့် အခြေအနေ ပိုစတာများကို ကရင်နီပြည်တွင်းရှိ ကျေးရွာများအား မ၀ယ်မနေရဟုဆိုကာ ရောင်းချပေးလျှက်ရှိနေပါသည်။

ပိုစတာတစ်ချပ်လျှင် ကျပ်ငွေ (၁၅၀၀) ဖြင့် လွိုင်ကော်မြို့ မြောက်ဘက်ပိုင်းမှ ထီးစဲခါး အုပ်စုရှိ ကျေးရွာများ၊ တီးလုံအုပ်စုမှ ကျေးရွာများနှင့် လွိုင်လင်လေးအုပ်စု အတွင်းရှိ ကျေးရွာများကို ပြီးခဲ့သည့် သြဂုတ်လအတွင်း ရောင်ချပေးနေခြင်းဖြစ်ပြီး ယခုဆိုလျှင် ပိုစတာ ၃၀၀၀ ကျော် ရောင်းချရပြီဖြစ်သည်ဟု သတင်းများရရှိပါသည်။

ဒေသခံတစ်ဦး၏ ပြောပြချက်ကို ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ " ပိုစတာရောင်းချရတဲ့ ငွေတွေ ရေးဘေးဒုက္ခသည်ဆီမှာ အမှန်တကယ်ရောက်၊ မရောက်ကိုတော့ မသိရဘူး။ ဒါပေမယ့် လွိုင်ကော်မြို့နယ်မှာ ရှိတဲ့ ပြည်သူတွေကို အတင်းအဓမ္မ ၀ယ်ခိုင်းနေတဲ့အတွက် ပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ်" ဟု ပြန်လည်၍ ဖော်ပြခဲ့ပါသည်။

ကရင်နီပြည်တွင်းရှိ ကျေးရွာများသည် အများအားဖြင့် တောင်ယာ၊ လယ်ယာများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေရပါသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းရန်ပုံငွေနှင့် ပတ်သက်ပြီး မြန်မာအဆိုတော်များနှင့် တခြားသော အဖွဲ့အစည်းများတို့မှာ မိမိဆန္ဒအလျောက် နယ်လှည့်၍ သီဆိုဖျော်ဖြေမှုများ၊ အလှူငွေကောက်ခံမှုများ အသီးသီးပြုလုပ်နေကြပြီး ယမန်နေ့ကလည်း ကရင်အဆိုတော်များက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် နန်းဆွယ်ကျေးရွာသို့ ရောက်ရှိလာပြီး သီဆိုဖျော်ဖြေမှုများနှင့် VCD ခွေများကို ရောင်းချခြင်းများ ပြုလုပ်လျှက်ရှိပါသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် မြန်မာပြည်ကမ်း ရိုးတန်းရှိ လပွတ္တာမြို့မှ စတင်ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ဧရာဝတီတိုင်းအနောက်ဖက် ကမ်းရိုးတန်းဒေသနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် တစ်နာရီ မိုင်(၁၂၀) နှုန်းဖြင့်တိုက်ခတ်ခဲ့ပါသည်။

No comments: