Friday, September 19, 2008

သုံးသိန်း = ငါးဆယ်

ကိုဂျိုး

ယူနီဖောင်း ၀တ်ထားသူများနှင့် ဟိုနား တီးတိုး၊ သည်နားတီးတိုး "ညှိ" ကာ ဆရာတယောက် အလုပ်ရှုပ်နေသည်။ တဖြည်းဖြည်းတော့ မျှော်လင့်ချက်က အရောင်သမ်းလာပြီ ထင်သည်။

"လုပ်ပါဆရာရယ်၊ ကျနော် အဆင်ပြေအောင် လုပ်ပါ့မယ်။ အရေးကြီးတာ ထောင်မကျဘို့ဘဲ" အပြောနောက်မှာ ခြင်္သေ့ရုပ်တွေက လျောကနဲ မျက်နှာချင်းဆိုင်ဘက်သို့ ချည်းကပ်နေသည်၊ ဒီလိုနဲ့ တပွင့်နဲ့ တယောက်ကိုတော့ အဆင်ပြေအောင် လုပ်လိုက်ပြီ။ ပထမအဆင့် သုံးသောင်း။

အခြေအနေက သေချာပေါက်တော့ မဟုတ်သေး။ တပွင့်ကို ထပ်ပြီး တီးတိုး လုပ်ပေးနေရပြန်ပြီ။ သူနဲ့ပြောနေတုန်း နှစ်ပွင့် ကိုယ်တော်ကြီး မသိမသာ ပြုံးလိုက် တည်လိုက်၊ ခေါင်းတငြိမ့်ငြိမ့်။ ခဏနေတော့ နောက်တယောက် ထပ်ကပ်ရပြန်ပြီ။ ဒီတခါလူက အပွင့်တိုးလာတော့ သုံးသောင်း ကျော်တာ သေချာပြီ။

ဆရာတယောက် နှစ်ပွင့်နောက်ကို တကောက်ကောက် လိုက်ရင်းက မျက်နှာမှာ အပြုံးရိပ်ကလေး သန်းလာပြီး ကိုအောင့်ကို အားပေးစကား ပြောလာတယ်။ "မပူနဲ့ အဆင်ပြေမှာပါ။ ငါတို့ အခု ငွေသွင်းထားတယ်။ ထောင်ကတော့ မကျနိုင်လောက်ဘူး။ အနဲဆုံးတော့ အာမခံနဲ့ ရအောင် လုပ်လို့ ရတယ်"။

ဒုတိယအဆင့် ပေးလိုက်ရတာက ရှစ်သောင်း။

လမ်းပြမြေပုံလို နောက်အဆင့်တွေ အများကြီ။း ဈေးညှိလို့ မရရင်တော့ဟု စိတ်ထဲတွေးမိတော့ ကိုအောင့် ခေါင်းတွေ ထူပူကုန်သည်။ ဒီလိုနဲ့ တရားရုံးအတွင်း လ္ဘက်ရည်ဆိုင်လေးမှာ ခေါင်းတကုတ် ကုတ်နဲ့ နေလိုက်ရတာ အချိန်တွေ တော်တော်ကုန်သွားတယ်။

မနေ့ကသာ သူ့ဆရာအိမ်ကို မသွားဖြစ်ခဲ့ရင် ဒီလို ဖြစ်လာမှာမဟုတ်။ သူ ကျူးလွန်မိတဲ့အပြစ်က အဲဒီလောက်ထိ ပြင်းထန်ရော့သလား။ ကိုအောင် တုန်လှုပ်သွားခဲ့တယ်။ ရန်ကုန်မှာနေတဲ့ ရန်ကုန်သား၊ မြို့နယ် ကူးပြီး အလည်သွားလိုက်တာ။ အခုတော့ နာပြီ။ ကိုအောင် တော်တော် စိတ်ညစ်သွားသည်။ သူ့ဘ၀မှာ တခါမှ မရောက်ဖူးခဲ့တဲ့ နေရာ။ အခုတော့ သူ့နာမည်၊ ဖခင်နာမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ ရဲစခန်းမှာ မှတ်တမ်း တင်ခံလိုက်ရပြီ။ လူတယောက်ရဲ့ လွတ်လပ်မှု ဒီလောက်ထိ ကင်းမဲ့နေရတဲ့ ဥပဒေဆိုတာကြီးကိုလည်း တော်တော် စိတ်နာသွားခဲ့သည် ဘာပဲဖြစ်ဖြစ် ထောင်ကျလို့တော့ မဖြစ်။ ဒါကြောင့်လည်း သူ့ဆရာကို အပူကပ်ရတော့တာပဲ။

ဆရာခမျာမှာလည်း အိမ်ကို လာတဲ့ဧည့်သည်လည်း ဒုက္ခရောက်၊ ကိုယ်တိုင်လည်း အိမ်ရှင်အနေနဲ့ အမှု ရင်ဆိုင်နေရသည်။ မသေးလှသော ပေးဆပ်မှု။

ဘာပဲဖြစ်ဖြစ် အခု ညနေစောင်းနေပြီ။ တကယ်လို့များ ထောင်ကျမယ်ဆို ဘယ်လိုလုပ်မလဲ။ ညက အချုပ်ထဲမှာ ရှိနေတဲ့ အကိုကြီးများ ပြောပြလိုက်တဲ့ ထောင်တွင်း ဆောင်ရန်၊ ရှောင်ရန် အချက်ကလေးတွေ ကိုအောင် ပြန်စဉ်းစားနေမိသည်။

သေးနံ့၊ ချေးနံ့ တထောင်းထောင်းထနေတဲ့ ဒီအချုပ်ခန်းထဲမှာ ရေမချိုးရဘဲ နေရမယ်ဆိုရင်... ကိုအောင် ဆက်မတွေးရဲတော့။

"ညီလေး ဆေးလိပ်လေး ဘာလေး မပါလာခဲ့ဘူးလားကွ" အသာငမ်းငမ်းနဲ့ အကိုကြီး တယောက်ရဲ့ ညတုံးက မေးသံကို ကောင်းစွာ အမှတ်ရနေသည်။ ကိုအောင် သံတိုင်ကြားထဲကနေ တဖက်အခန်းက လူကို တလိပ် ထုတ်ပေးလိုက်ကာ တခြားလူတွေကိုလည်း ဝေငှပေးခဲ့လိုက်သည်။ အပြင်မှာ တဗူး တထောင့်တရာနဲ့ နေရာတိုင်းမှာ လွယ်လွယ်ရနေတဲ့ လန်ဒန်က ဒီထဲမှာ တလိပ်ထဲနဲ့ တန်ဘိုးမဖြတ်နိုင်အောင် အရေးပါလှပါတယ်။

"ညီလေးတို့က ဘာအမှုနဲ့လည်း" တဖက်ခန်းက အကိုကြီးက ဆေးလိပ်ဖွာရင်း ကိုအောင့် ကိုမေးသည်။ "ကျနော်တို့ ဧည့်စာရင်းနဲ့ ပါလာတာဗျ၊ ထောင်ကျမယ် ထင်တာပဲဗျာ" ကိုအောင် စိတ်ညစ်ညစ်နဲ့ပဲ ပြန်ပြောပြခဲ့တယ်။

"အေး မင်းတို့ အင်းစိန်ရောက်ရင် အရေးကြီးဆုံးက ကော်ဖီမစ်ကွ၊ အင်းစိန်ပို့ရင်တော့ မင်းတို့ ဘာမှ ယူသွားလို့ရမှာ မဟုတ်ဘူး။ ဖြစ်နိုင်ရင် တထောင်တန်ကို ဗိုက်ထဲမျိုချသွား။ ဟိုရောက်မှ ပြန်ထုတ်ပေါ့ကွာ။"

ကိုအောင်တို့တသိုက် အံ့သြတသ ပြုကျကုန်သည်။ တယောက်ပြီး တယောက် ပြောစကားများက မမေ့နိုင်စရာ။

"မင်းတို့ စ၀င်တဲ့နေ့မှာတော့ ပုံစံအပေးခံရမှာ သေချာတယ်။ အခန့်မသင့်ရင်တော့ ကောင်းကောင်း ဗျင်းခံရမယ်။ ဂရုစိုက်ကြပေါ့ကွာ"။

"မင်းတို့ ကျရင် ယမန်ကြီးတပတ်ပေါ့။ ဟိုမှာ ယူနီဖောင်းတော့ ရမှာမဟုတ်ဘူး။ မင်းတို့ ပါသွားတာပဲ ၀တ်ရမှာ။ ကျွေးမှာကတော့ တာလဘောဟင်းပေါ့ကွာ။ စားဖူးတာပေါ့။ အလုပ်ကတော့ သန့်ရှင်းရေးလောက်တော့ လုပ်ရမယ် ထင်တယ်။ ငါတို့ကတော့ ဒီအချုပ်ထဲမှာ နေရတာ စိတ်ညစ်လှပြီကွာ။ ထောင်ကိုပဲ မြန်မြန်ပို့ပါစေ ဆုတောင်း နေရတော့တာပဲ။

ဒီလိုနဲ့ မနေ့ညက တညလုံး ကိုအောင် အိပ်မပျော်ခဲ့။ မနက်မိုးလင်းတော့လည်း ဒီနေ့ လုပ်စရာအလုပ်တွေ ပျက်ကုန်တာက တကြောင်း၊ ကိုယ့်အတွက်နဲ့ တခြားသူတွေ စိတ်ညစ်ရတာက တကြောင်း အိပ်ချင်စိတ်က ပျောက်ပြီးရင်း ပျောက်နေသည်။ ကိုးနာရီထိုးတော့ တရားရုံးကို ကိုအောင်တို့အဖွဲ့ လာခဲ့သည်။

ကိုအောင် တွေးနေတာ ဘယ်လောက်ကြာသွားတယ်မသိလိုက်၊ သူ့ဆရာ ဘေးနားမှာ လာထိုင်တော့မှ အတွေးစ ပြတ်သွားသည်။

"ဆရာ အခြေအနေ ဘယ်လိုလဲ"

"အေး ..အားလုံး အဆင်ပြေသွားပြီ၊ နောက်ဆုံးအဆင့် တရားသူကြီးနဲ့ ညှိဘို့ပဲ လိုတော့တယ်

"ရှေ့ထွက်စာရေးကို သုံးပုလင်း ပေးလိုက်ရတယ်။ နောက် အာမခံအတွက်က နှစ်ပုလင်းခွဲရယ် ဟိုနဲနဲ ဒီနဲနဲရယ်နဲ့ အားလုံး နှစ်ပုံး တော့ ပြုတ်သွားပြီ။ မတက်နိုင်ဘူးကွာ .. ကုန်ချင်လည်း ကုန်ပစေတော့။ ပြီးအောင်တော့ လုပ်ရမှာပဲ"။

ခဏနေတော့ ဆရာတယောက် ပြန်ထွက်သွားပြန်သည်။ ညနေ လေးနာရီက ထိုးတော့မယ်၊ တရားသူကြီးနဲ့ သွားတွေ့ရအုံးမယ်တဲ့။

ဆရာပြန်လာတော့ အားလုံးအဆင်ပြေသွားပြီဆိုတာ ကိုအောင်သိလိုက်ရပြီ။ နောက်ဆုံး တရားသူကြီးကို ကျွေးလိုက်ရတာက တပုံး …။

ညနေငါးနာရီထိုးတော့ တရားသူကြီးရှေ့မှာ အမိန့်နာခံဘို့ ကိုအောင်တို့ ရောက်သွားခဲ့တော့ တရားသူကြီး မေးလိုက်တဲ့ အပြစ်ရှိပါသလားဆိုတဲ့ အမေးကို စိတ်ထဲက မပါပေမယ့် အပြစ်ရှိပါတယ်လို့ ပြောခဲ့ရသည်။ မြို့ပြ ဧည့်ဥပဒေအရ ဒဏ်ငွေဆောင်စေဆိုတဲ့ အမိန့်ကြောင့် အိတ်ကပ်ထဲမှာ ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ငါးဆယ်တန် တရွက် ဒဏ်ငွေ လက်ခံသူဆီမှာ ထုတ်ပေးလိုက်ရသည်။

အိမ်ကိုရောက်တော့ မှောင်ရီပျိုးနေပြီ။ ပင်ပန်းလွန်းတဲ့ နေ့တနေ့ကို ဖြတ်ခဲ့ရလို့လား မသိ။ အိမ်နဲ့ခွဲခွါခဲ့တာ တော်တော် ကြာသွားတယ်ဟု ကိုအောင် ထင်လိုက်မိသည်။

No comments: