Wednesday, April 9, 2008

ရွေဝါရောင်ကြောင့် တိုက်ပိတ်ခံနေရသူကို ရုံးမထုတ်

ဖနိဒါ
ချင်းမိုင်။ ။ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးကာ နောက်ပိုင်းတွင် တိုက်ပိတ်ခံထားရသူ ကိုမျိုးသန့် (HRDP) အား တရားရုံးထုတ်ခြင်းမရှိဘဲ ယမန်နေ့က ရမန်ရက်ချိန်းသာ ပေးလိုက်သည်။

ကိုမျိုးသန့် (လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် - HRDP) သည် အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၁၃ ရက်ကြာ အစာငတ်ခံ ဆန္ဒပြမှု ရပ်ဆိုင်းခဲ့ပြီးနောက် ယမန်နေ့က ရုံးထုတ်ရက် ဖြစ်သော်လည်း အာဏာပိုင်များက ကျန်းမာရေးမကောင်းဟုဆိုကာ ရုံးထုတ်ခြင်း မရှိဘဲ ရုံးချိန်းရက် ထပ်ပေးလိုက်ခြင်း ဖြစ်သည်။

"အာဏာပိုင်တွေ ပြောတာကတော့ ကျန်းမာရေးမကောင်းလို့ အင်းစိန်ထောင်မှာပဲ ဆေးရုံတင်ထားတယ်လို့ ပြောတယ်။ ၃-၄ ရက် ရှိပြီလို့ ပြောတယ်" ဟု ကိုမျိုးသန့်၏ ညီမ မသီသီစိုးက မဇ္ဈိမကို ပြောသည်။

အကျိုးဆောင် ရှေ့နေ ကိုဖိုးဖြူက "ဧပြီလ ၂၂ ရက်မှာ ရမန်ရက်ချိန်း ပေးလိုက်တယ်။ စစ်ခွေးတိုက်မှာ ထားတော့ အအေးမိသွားတယ်။ ဒါကြောင့် အားနည်းပြီး ကျန်းမာရေးမကောင်း ဖြစ်နေတယ်။ ရုံးထုတ်တိုင်းမှာ အားနည်းနေတဲ့ ပုံစံတွေ့ရတယ်။ အရမ်းလည်း ပိန်သွားတယ်။ မနေ့က ရုံးထုတ်တော့ သူ လုံးဝ ထွက်မလာနိုင်တော့ဘူး" ဟု သူက ပြောသည်။

လှိုင်မြို့နယ် HRDP အဖွဲ့မှ ကိုမျိုးသန့် (၄ဝ နှစ်) သည် ၂ဝဝ၇ ခုနှစ် စင်တင်ဘာလ ၂၉ ရက်နေ့က ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၁၂၄ (က) အစိုးရကို အကြည်ညိုပျက်စေမှုနှင့် ပုဒ်မတပ် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

အလားတူ ယမန်နေ့ ရုံးထုတ်ရာတွင် ပါဝင်ခဲ့သူ မြောက်ဒဂုံမြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကြည်ဖြူလည်း ပုဒ်မ ၁၂၄ (က) နှင့်ပင် တရားစွဲဆိုထားပြီး အင်းစိန်ထောင်တွင် တိုက်ပိတ်ခံနေရကာ ကျန်းမာရေး အခြေအနေ မကောင်းကြောင်း သိရသည်။

ထို့အပြင် ရုံးထုတ်ရာတွင် ပါဝင်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုစည်သူမောင်၊ ကိုဇင်လင်းအောင်၊ အဖွဲ့ချုပ်အဖွဲ့ဝင်များဖြစ်သည့် ကိုရဲမင်းဦး၊ ရဲမြတ်ဟိန်းနှင့် ဖျာပုံမြို့နယ်မှ ကိုသိန်းဆွေ အပါအဝင် စုစုပေါင်း ၇ ဦးအား ရုံးထုတ်ခြင်း မရှိခဲ့ဘဲ ဧပြီလ ၂၂ ရက်နေ့သို့ ရမန်ရက်ချိန်း ပေးခဲ့သည်။

No comments: