နယူးဒေလီ။ ။ ရန်ကုန်မြို့အတွင်း လူစည်ကားရာ လမ်းဆုံမီးပွိုင့်များတွင် အာဏာပိုင်များက ယခုရက်ပိုင်းတွင် လုံခြုံရေးကင်မရာများ တပ်ဆင်လျှက် ရှိသည်။ ၈ မိုင်လမ်းဆုံ၊ ဦးဝိစာရလမ်းရှိ တော်လှန်ရေး ပန်းခြံထောင့် ဝိဇယပွိုင့်၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံနှင့် ဆူးလေ အနော်ရထာမီးပွိုင့် အစရှိသည့် လူစည်ကားရာ လမ်းဆုံများတွင် လုံခြုံရေး ကင်မရာများကို အသင့်တပ်ဆင်ပြီး ဖြစ်သည်။
"မနေ့ည ၁ဝ နာရီခွဲလောက်မှာ ၈ မိုင်လမ်းဆုံမှာ တပ်နေတာ တွေ့လိုက်တယ်။ မီးတိုင်တွေမှာ ပေ ၃ဝ အမြင့်လောက်မှာ တပ်ထားတာ တွေ့ရတယ်။ အရင်တုန်းကတော့ ယဉ်တိုက်မှုတွေကို သိနိုင်ဖို့ ဆိုပြီးတော့ တဖက်မြင် စီစီတီဗွီတွေ လိုက်တပ်တာ တွေ့ခဲ့ဖူးတယ်။ အခုတော့ အဲဒါတွေ မဟုတ်ဘူး။ ဘက်စုံမြင်ရအောင် ဆိုပြီးတော့ တပ်ထားတဲ့ သဘောဖြစ်တယ်" မျက်မြင်တွေ့ရှိသူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ယခင်က ရန်ကုန်မြို့တွင်း လမ်းဆုံမီးပွိုင့်များတွင် ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများကို မှတ်တမ်းတင်ရန် ရည်ရွယ်ချက်ဖြင့် စီစီတီဗွီ လုံခြုံရေးကင်မရာများ တပ်ဆင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းစရိတ် မတတ်နိုင်သည့်အတွက် ပြန်လည် ဖြုတ်သိမ်းခဲ့သည်။
လုံခြုံရေး ကင်မရာများအား တပ်ဆင်နေခြင်းသည် နောက်ထပ် ဖြစ်ပေါ်လာနိုင်သည့် ဆန္ဒပြပွဲများအား စနစ်တကျ မှတ်တမ်းရယူနိုင်ရန် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် တပ်ဆင်ထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုကြသည်။
အာဏာပိုင်များက လာမည့် မြန်မာ့ရိုးရာအတာသင်္ကြန် ရေပက်မဏ္ဍပ်များတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ကြရန်လည်း အကြောင်း ကြားထားသည်။
No comments:
Post a Comment