Thursday, April 10, 2008

ဧရာဝတီတိုင်းသားများ စစ်တမ်းကောက်ယူ

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ ဒေးဒရဲ၊ ညောင်တုန်း၊ ဘိုကလေး၊ ပန်းတနော်၊ လေးမျက်နှာ နှင့် မအူပင် စသည့် မြို့နယ်များမှ အလုပ်သမား၊ လယ်သမား၊ ကုန်သည်၊ စီးပွားရေးသမား၊ လက်လုပ်လက်စား နှင့်ကျောင်းသား စသည့် လူတန်းစား အလွှာအသီးသီး လူဦးရေ ၅၀ အား ဆန္ဒခံယူပွဲကျင်းပရန် တလအ လိုတွင် ဧရာဝတီမဂ္ဂဇင်းက ဖုန်းဆက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မည်သို့ မဲပေးမည်ဆိုသည်ကို မေးမြန်းခဲ့သည်။

ယခုစစ်တမ်းမှာ သာမာန်ပြည်သူလူထုများထံမှသာ ကောက်ယူထားခြင်းဖြစ်ပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုအဖွဲ့ဝင် များကို မေးမြန်းထားခြင်းမရှိပေ။

စစ်တမ်းအရ ခြုံ၍ ဆိုရလျင် တဦးတယောက်မျှ အခြေခံဥပဒေကို ထောက်ခံသည် ဟုမပြောကြောင်း တွေ့ရှိ ရသည်။ လူ ၅၀ တွင် ၁၀ ဦးခန့်က ဧရာဝတီ၏မေးမြန်းချက်ကို ဖြေကြားခြင်းမရှိပေ။ ၎င်းတို့အနေနှင့် အခြေခံဥပဒေကို နားမလည်ကြောင်း နှင့် ဆန္ဒခံယူပွဲအတွက် အဆင်သင့်မဖြစ်သေးကြောင်းသာပြောသည်။

ယမန်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းစာအုပ်ကို အစိုးရစာအုပ်ဆိုင်များတွင် တအုပ်လျင် ကျပ် ၁၀၀၀ နှုန်းဖြင့် စတင် ရောင်းချ နေပြီဖြစ်သော်လည်း ၎င်းစာအုပ်ကို ဝယ်ယူဖတ်ရှုရန်မတတ်နိုင်သူများနှင့် စိတ်မဝင် စားသောကြောင့် မဝယ်ယူကြ သူများမှာ အများ စုဖြစ်ကြောင်း ရန်ကုန်ဒေသခံတဦးကပြောသည်။ ၎င်းကဆက် လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန္ဒ ခံယူပွဲကို လူအများစုက နားမလည်နိုင်ဟု ဆို၏။

စစ်တမ်းအရ ပုသိမ်နှင့် ဟင်္သာတရှိ အနည်းငယ်သော အစိုးရဝန်ထမ်းများက ဆန္ဒခံယူပွဲတွင် မဲပေးရန် ပြင်ဆင်ထားခြင်း မရှိသေးဟု ဖြေကြားပြီး ပုသိမ်ဆေးရုံကြီးမှဆရာဝန်တဦးကမူ အကယ်၍ အာဏာပိုင်များက အတင်းအကျပ်ထောက်ခံခိုင်း ခြင်းမရှိပါက ဆန့်ကျင်မဲ သာထည့်မည်ဟု ပြောသည်။

ဒေးဒရဲမြို့နယ်မှ အစိုးရဝန်ထမ်း အမျိုးသမီးတဦးက ယခုအချိန်ထိ ထောက်ခံမဲ၊ ကန့်ကွက်မဲ မည်သို့ထည့် မည်ဟု မဆုံးဖြတ်ရသေး ကြောင်း ပြောသည်။ ဆက်လက်၍ ၎င်းက ဝန်ထမ်းတဦးဖြစ်နေသောကြောင့် စာနာ နားလည်ပေးပါရန် တောင်းဆိုသည်။

“မြန်မာစစ်အစိုးရကတော့ အတိုက်အခံတွေကို မဲဆွယ်ခွင့်လုံးဝပေးမှာမဟုတ်ဘူး။ သူတို့ရဲ့ အခြေခံဥပဒေ စာအုပ်ထဲမှာ ဘာတွေရေးထားလဲ ဆိုတာတော့ ကျနော်မသိဘူး။ ကျနော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆန့်ကျင်မဲပဲထည့်မှာပဲ” ဟု ပင်စင်စားတဦးကပြောသည်။

စစ်တမ်းကောက်ချက်အရ အစိုးရဝန်ထမ်းအများစုမှာ ၎င်းတို့ရွေးချယ်မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မပြောရဲကြောင်း မြင်တွေ့ရသည်။ ထုံးစံအရလည်း မြန်မာ အစိုးရဝန်ထမ်းတို့မှာ အုပ်ချုပ်သူ အာဏာပိုင် တို့ကို ကြောက်ရွံ့မြဲဖြစ်၏။

၉၀ ရာခိုင်နှုန်းသော စစ်တမ်းကောက်မှုမှာ ဆန့်ကျင်မဲထည့်မည်ဟူသော အဖြေဖြစ်သည်။ “ပုသိမ်က လူအများစုကတော့ ဆန့်ကျင်မဲထည့်ကြဖို့ များတယ်” ဟု ပုသိမ်မြို့နယ်မှ စီးပွားရေးသမားတဦးကပြောသည်။

ပုသိမ်မြို့နေ အခြားသော စီးပွားရေးသမားတဦးကလည်း အကယ်၍ ၁၉၄ မျက်နှာရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ကို ဖတ်ရန် အချိန်အနည်းငယ်ပေးလိုက်ပါက လူများစုမှာ ဆန့်ကျင်မဲထည့်လိမ့်မည်ဟု ယူဆ ကြောင်း ပြောကြားခဲ့သည်။

“ကျေးရွာတွေမှာရှိတဲ့ လူတွေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက စစ်အစိုးရကို ကန့်ကွက်ပြီးသားပါ” ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အခြားသော အတိုက်အခံအဖွဲ့များက စစ်အစိုးရ၏ အခြေခံဥပဒေကို ဆန့်ကျင်မဲထည့်ရန် ကြေညာ ချက်များထုတ်၍ တောင်းဆိုခဲ့ပြီး “Vote No” လှုပ်ရှားမှုများကိုလည်း မြို့ကြီးများတွင် ပြုလုပ်လျှက်ရှိသည်။

လေးမျက်နှာမြို့နယ်မှ စီးပွားရေးသမားတဦးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အတွင်း မည်သည့် အကြောင်း အရာများ ရေးသား ထားသည်ကို မသိကြောင်းဧရာဝတီသို့ပြောကြားသည်။

“ကျနော် မြန်မာ့အလင်းသတင်းစာကိုနေ့တိုင်းဖတ်တာတောင် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ထဲမှာ ဘာပါတယ်ဆိုတာ သေချာမသိဘူး။ ခုထိတော့ မဲဘယ်လိုထည့်မယ်ဆိုတာ မစဉ်းစားရသေးပါဘူး” ဟု ၎င်းကပြောသည်။

ဘိုကလေးမြို့နယ်နေ လူငယ်တဦးဖြစ်သူ ကိုမျိုးဇော်ကလည်း လာမည့် ဆန္ဒခံယူပွဲတွင်မဲထည့်ရန် အဆင်သင့် မဖြစ်သေးဟု ပြောသည်။

“ခုထိ ကျနော်တော့ အဆင်သင့်မဖြစ်သေးဘူး။ အခြေခံဥပဒေကို ဘာကြောင့်ရေးဆွဲတယ် ဆိုတာလည်း ကျနော်မသိဘူး။ အဲဒါကြောင့် မဲရုံကိုသွားချင်မှတောင်သွားမှာ” ဟု ဧရာဝတီ၏မေးမြန်းချက်ကို ဖြေကြားသည်။

“အစိုးရဝန်ထမ်းတွေကတော့ သူတို့ ဆန့်ကျင်မဲထည့်ရင် အစိုးရက ဒုက္ခပေးမှာကိုကြောက်နေကြတယ်။ လူများစုကတော့ ဆန့်ကျင်မဲထည့်ဖို့ကို ပိုအားသန်ကြပါတယ်။ ကျနော်လည်း ဆန့်ကျင်မဲပဲ ထည့်မှာ” ဟု ဘိုကလေးမြို့ရှိ စတိုးဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ဟင်္သာတမြို့နယ်ရှိ ဆရာဝန်တဦးကမူ ဆန္ဒခံယူပွဲတွင် ဆန့်ကျင်မဲပေးမည်ဖြစ်သော်လည်း အဘယ်ကြောင့် ဆန့်ကျင်မဲထည့် သည်ကို မပြောနိုင်ဟုဆို၏။ ၎င်းမြို့နေအခြားသောဆရာဝန်တဦးကမူ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဘာမျှမပြောလိုကြောင်း ပြောကြားသည်။

“ကျနော်တို့က စီးပွားရေးလုပ်နေရတာဆိုတော့ အဲဒီမေးခွန်းတွေမမေးပါနဲ့ဗျာ” ဟု ဟင်္သာတမြို့မှ စားသောက်ဆိုင် ပိုင်ရှင် တဦးက ဧရာဝတီ၏မေးမြန်းချက်ကို တုံ့ပြန်သည်။

No comments: