Thursday, April 10, 2008

မြန်မာနိုင်ငံသား (၅၄) ဦး အအေးခန်းကားအတွင်း ပိတ်မိပြီး မွန်းကျပ်သေဆုံး

NEJ/ ၁၀ ဧပြီ ၂၀၀၈

အအေးခန်းကားအတွင်း သေဆုံးသွားသော မြန်မာနိုင်ငံသားများ

ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသား အလုပ်သမား (၅၄) ဦးသည် အအေးခန်းကားအတွင်း ပိတ်မိကာ အသက်ရှူ မွန်းကျပ်ပြီး သေဆုံးသွားကြောင်း ထိုင်းရဲတပ် ဖွဲ့ပြောဆိုချက်ကို ကိုးကား၍ ထိုင်းသတင်းများ၌ ဖော်ပြသည်။

လူပွဲစားများက ခေါ်ယူလာသည့် မြန်မာအလုပ်သမား (၁၂၁) ဦးတို့သည် ယမန်နေ့ည (၁၀) နာရီခွဲခန့်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ ဖူးခတ်မြို့သို့အသွား လမ်းတွင် လူ (၅၄) ဦး သေဆုံးကာ (၂၁) ဦး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ကျန် (၄၆) ဦးကို တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးထားကြောင်း ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ ကရိုင်ထောင် ချန်ထောင်ဘိုင်က ပြောသည်။

၎င်းက “အခင်းဖြစ်ပွားရာ နေရာကို ရဲတွေ ရောက်သွားတဲ့အချိန်မှာ ကုန်သေတ္တာ ကားထဲမှာ လူ (၅၄) ဦး သေဆုံးနေတာကို ရဲတွေက တွေ့လိုက်ရတယ်” ဟု ပြောသည်။

သေဆုံးသူ အများစုမှာ မွန်လူမျိုးများ ဖြစ်ကြပြီး အမျိုးသမီး (၃၆) ဦး၊ အမျိုးသား (၁၆) ဦး၊ ကလေးငယ် မိန်းကလေး(၁) ဦးနှင့် ယောက်ျားလေး (၁) ဦးတို့ဖြစ်သည်ဟု ထိုင်းအာဏာ ပိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဂိတ်တခုကို ဖြတ်ဖို့ လုပ်တဲ့အချိန်မှာ ဂိတ်က သိမ်းခါနီးအချိန်နဲ့ ကိုက်နေတဲ့အတွက် ည (၁၀) နာရီကျော်ကျော်လောက်မှာ မြို့နယ်တခုရဲ့ လမ်းကြားတခုမှာ ခေတ္တသွားပြီး အောင်း နေတဲ့အချိန် အအေးခန်းစက်ပျက်သွားတယ်။ ပျက်သွားပြီးတော့ အသက်ရှူမ၀လို့ ထုတဲ့ အသံ ကြားလို့ တံခါးဖွင့်ဖို့ အကူအညီတောင်းတဲ့အချိန်မှာ တာဝန်ခံပို့တဲ့ ပွဲစားနဲ့ ကားမောင်းတဲ့လူက ထွက်ပြေးသွားတယ်။ အနားပတ်ဝန်းကျင်က ရဲစခန်းကို အကြောင်းကြားပြီး ရဲက တံခါးလာ ဖွင့်တော့ အထဲမှာ (၅၄) ဦး အသက်သေဆုံးနေပြီဖြစ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမားများသည် မကြာသေးခင် ရက်ပိုင်းအတွင်းတွင် မော်လမြိုင်၊ သထုံ၊ ကျိုက်ထို၊ ရေး စသည့် ဒေသများမှ ကော့သောင်းမြို့သို့ ရောက်ရှိလာကြပြီး လူပွဲစားကို မြန်မာကျပ်ငွေ (၃) သိန်းကျော် (၄) သိန်းနီးပါး ပေးကာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် ရောက်ရှိလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် ကော့သောင်းမြို့မှ ထွက်ခွာလာပြီး ထိုင်းနိုင်ငံရေပိုင်နက်အတွင်းရှိ ကျွန်းတကျွန်း၌ ၎င်းတို့ ပုန်းအောင်း နေခဲ့ရသည်။ အင်္ဂါနေ့ည၌ ရနောင်းမြို့ရှိ ငါးဂိုထောင်တခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ယမန်နေ့ ညက အဆိုပါနေရာမှ ဖူးကတ်မြို့သို့ ဆက်လက်သွားရောက် ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် အအေးခန်း ကုန်သေတ္တာကား အရွယ်သည် (၆) မီတာ အရှည်ရှိပြီး (၂.၂) မီတာ အကျယ်ရှိကြောင်း ကားအတွင်း၌ လေ၀င်လေထွက် စနစ် ပါသော်လည်း ပျက်စီးနေသည်ဟု ထိုင်းရဲက ပြောသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များကို တရားဝင် အကြောင်းကြားမည်ဖြစ်ကြောင်း သေဆုံးသွားသူတို့၏ ရုပ်အလောင်း များကိုမူ ဗုဒ္ဓဘာသာ ထုံးတမ်းအရ သင်္ဂြိုဟ်ပေး မည်ဖြစ်ကြောင်း၊ ဆေးကုသမှုခံယူနေရသူများအနေဖြင့် ကျန်းမာရေး ကောင်းမွန်လာ ပါက ဥပဒေအရ တရားမ၀င် လာရောက်မှုဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

မြန်မာနိုင်ငံတွင်း၌ အလုပ်အကိုင် ရှားပါးပြီး စီးပွားရေးကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံသား များသည် ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် လမ်းကြောင်းမျိုးစုံမှ နေ့စဉ် ၀င်ရောက်လျက်ရှိပြီး လမ်းခရီး၌ သေဆုံးရသည့် အဖြစ်အပျက်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

No comments: