Sunday, April 20, 2008

သင်္ကြန်တွင် စစ်သား အချင်းချင်း ဓါးနှင့်ထိုး၍ တဦးသေဆုံး

Narinjara News
မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စစ်သား အချင်းချင်းအကြား သင်္ကြန်အတွင်း ဓါးထိုးမှု ဖြစ်ပွားခဲ့သဖြင့် စစ်သား တဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ဘူးသီးတောင်မှ ပေးပို့သော သတင်းအရ သေဆုံးသွားသူမှာ ခမရ ၅၃၅ မှ တပ်သား ဝေမိုးဖြစ်ပြီး မောင်တောဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်ပြီး သိရှိရသည်မှာ ဧပြီလ ၁၅ ရက်နေ့က ခမရ ၅၃၅ မှ တပ်ကြပ်နေမျိုးအောင်၊ ဒုတပ်ကြပ် လင်းထက်ဇော်၊ တပ်သား လှမျိုးနှင့် တပ်သား ဝေမိုးတို့မှာ ရေကစားရန် ထွက်လာကြစဉ် ဘူးသီးတောင် မြို့မဈေး အနီးသို့ ရောက်ရှိလာစဉ် အချင်းချင်း စကားများပြီး တပ်သား လှမျိုးမှ တပ်သား ဝေမိုးအား အသင့်ယူဆောင်လာသော ၉ လက်မ အရွယ် ဓါးဖြင့် ထိုးလိုက်ခြင်း ဖြစ်သည်။

ဓါးဒဏ်ရာကြောင့် တပ်သား ဝေမိုးအား ချက်ချင်း ဘူးသီးတောင် မြို့နယ် ဆေးရုံသို့ ယူဆောင်သွားခဲ့ကြောင်း၊ သို့သော်လည်း ဒဏ်ရာ ပြင်းထန်သဖြင့် ဘူးသီးတောင်ဆေးရုံမှ မောင်တောဆေးရုံသို့ တင်ပို့ခဲ့ကြောင်း၊ မောင်တော ဆေးရုံ အရောက်တွင် ဝေမိုးမှာ သေဆုံးသွားခြင်း ဖြစ်ကြောင်း အမှုလိုက် ရဲတပ်သား တဦးမှ နိရဉ္စရာသို့ ပြောကြားသည်။

ဝေမိုးသေဆုံးပြီးနောက်ပိုင်းတွင် ဓါးထိုးရာတွင် ပါဝင်ပတ်သက်သူ နအဖ စစ်သား ၃ ဦးစလုံးအား စစ်တပ်မှ ဖမ်းဆီးထားပြီး များမကြာမှီ ရဲအပ်သို့ လွဲပြောင်းပေးရန် အခြေအနေရှိနေကြောင်း အဆိုပါ အမှုလိုက်ရဲက ပြောသည်။

Source

No comments: