Narinjara News
သင်္ကြန်အတွင်း နအဖ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြား ခိုက်ရန့် ဖြစ်ပွားမှုများ၊ ဓါးထိုးမှုများ၊ လူသေမှုများ အများအပြား ပေါ်ပေါက်ခဲ့ရာ ဘူးသီးတောင်မြို့တွင် ရဲမှူး တဦးအား ရဲတပ်ကြပ်ကြီး တဦးမှ ဓါးနှင့် ခုတ်သတ်သည့် မှုခင်း တခုနှင့် ရဲတပ်ကြပ် ဇနီး တဦးမှာလည်း ဓါးထိုး ခံခဲ့ရသည့် မူခင်းတခု တရက်တည်းတွင် ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ် များအားလုံးမှာ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၃ ရဲတပ်ရင်း တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဓါးဖြင့် အခုတ်ခံရသူမှာ အဆိုပါ ရဲတပ်ရင်းမှ ရဲမှူး မြင့်ဆွေ ဖြစ်ပြီး ဓါးထိုးခံရသူ ရဲတပ်ကြပ် ဇနီးမှာ မသန်းဌေး ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဧပြီလ ၁၆ ရက်နေ့က ရဲမှူး မြင့်ဆွေ ရေချိုးနေစဉ် အဆိုပါ ရဲမှူးအိမ် ပြတင်းပေါက်မှ ကျော်ဝင်ပြီး ရဲတပ်ကြပ်ကြီး အုန်းမြင့်မှ အသင့် ယူဆောင်လာသော ဓါးဖြင့် ၀င်ခုတ်ရာ ရဲမှူး မြင့်ဆွေတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့ပြီး အနီးအနားရှိလူများက ၀င်ရောက် ကယ်တင်ခဲ့ရကြောင်း သိရှိရသည်။
ယခုအခါ ရဲမှူး မြင့်ဆွေအား ဘူးသီးတောင် ဆေးရုံတွင် အတွင်းလူနာ အဖြစ်ဖြင့် ဆေးကုသနေရကြောင်း သတင်းရရှိသည်။
အလားတူ အဆိုပါ နေ့တွင်ပင် ရဲတပ်ကြပ်ကြီး အုန်းမြင့်သား ဦးကျော်က တပ်ရင်းအတွင်းရှိ သစ်ပင် တပင်အောက်တွင် ၀ိုင်းဖွဲ့ ထိုင်စကားပြောနေသာ ဒု ရဲတပ်ကြပ် သက်ဇော်အောင်၏ ဇနီး ဒေါ်မသန်းဌေးအား ဓါးနှင့် ၀င်ထိုးရာ မသန်းဌေးတွင် လက်ဖျံ လက်မောင်းများတွင် ဒဏ်ရာ ရရှိသွားခဲ့သည်။
နောက်ပိုင်းတွင် မသန်းဌေးအားလည်း ဘူးသီးတောင် ဆေးရုံသို့ တင်ပို့ လိုက်ရကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၃ ရဲတပ်ရင်းတွင် ဓါးခုတ်မှုများ ဓါထိုးမှုများ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းကို မိမိတို့ တိတိကျကျ မသိရှိရပါကြောင်း ဘူးသီးတောင် ဆေးရုံမှ တာဝန်ရှိသူ တဦးမှ ပြောသည်။
အမည်မဖေါ်လိုသူ ဘူးသီးတောင်မြို့ သပြေကုန်းရပ်ကွက်မှ ကျောင်းဆရာ တဦးက “လက်ရှိ ဥပဒေကို ထိန်းသိမ်းသူ ကာကွယ်သူ များအကြား ဖြစ်ပွားနေသော အဖြစ်အပျက်များအား ကြည့်ပြီး မြန်မာနိုင်ငံအတွင်း သာမန်ပြည်သူများ၏ ဘ၀မှာ ကျီးလန့်စာစား ဖြစ်နေကြသည်ကို လူတိုင်း သိမြင်နိုင်ပါကြောင်း၊ ယခုကဲ့သို့ ပြဿနာများ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြား မကြာခဏ ဖြစ်ပေါ်နေသဖြင့် အများပြည်သူများအဖို့ အားကိုး ယုံကြည်ရာ မဲ့နေကြောင်းနှင့် ယခု ဖြစ်ရပ်များက နအဖ စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား မည်မျှထိ ဖရိုဖရဲ ဖြစ်နေသည်ကို သက်သေပြနေခြင်း ဖြစ်ပါကြောင်းဖြင့်” ကောက်ချချက် ပြောကြားသွားသည်။
Source
No comments:
Post a Comment