AP/BBC ၁၀ ဧပြီ ၂၀၀၈
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် တရုတ်နိုင်ငံ ပေကျင်း၌ ကျင်းပမည့် အိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် မဟုတ်ကြောင်း ၎င်း၏ရုံးက ထုတ်ပြန်သည်။
ယခုကဲ့သို့ ဖွင့်ပွဲ မတက်ရောက်ခြင်းသည် အားကစားပွဲကို သပိတ်မှောက်ခြင်း မဟုတ်ကြောင်း ၎င်း၏ရုံးမှ ပြောခွင့်ရအမျိုးသမီးက ယမန်နေ့တွင် အလေးအနက် ပြောကြားသည်။
ယခု ဆုံးဖြတ်ချက်ကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးမူဝါဒနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ၀န်ကြီး ချုပ်သည် အိုလံပစ် ပိတ်ပွဲအခမ်းအနားကိုမူ တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါ ပြောခွင့်ရ အမျိုးသမီးက ပြောသည်။
၎င်းက “ဒီဖွင့်ပွဲကို တက်ဖို့ ၀န်ကြီးချုပ်မှာ အရင်ကတည်းက အစီအစဉ် မရှိခဲ့တာပါ။ အစီအစဉ်ကို နောက်ကျမှ ပြောင်းခဲ့တာ မဟုတ်ပါဘူး” ဟု ပြောသည်။
တရုတ်အစိုးရထံသို့ အခမ်းအနား တက်ရောက်မည်မဟုတ်ကြောင်း အကြောင်းကြားရန် မစ္စတာ ဘရောင်းအား လူ့အခွင့်အရေး လှုပ်ရှားသူများက ယခင်က ပြင်းထန်စွာ ဖိအားပေးခဲ့ကြသည်။
ဂျာမနီသမ္မတ အန်ဂျယ်လာမီခေးပြီးလျှင် ဗြိတိန်ဝန်ကြီးချုပ်သည် အိုလံပစ်ဖွင့်ပွဲ အခမ်းအနား မတက်ရောက်ရန် ဆုံးဖြတ်သော ဒုတိယမြောက် နိုင်ငံအကြီးအကဲဖြစ်သည်။
လာမည့် သြဂုတ်၌ ပေကျင်းမြို့တွင် ကျင်းပမည့် အိုလံပစ် အားကစားပြိုင်ပွဲသို့ အမေရိကန် သမ္မတ ဘုရှ်၊ ဂျမနီသမ္မတ မီခေး၊ ပြင်သစ်သမ္မတ နီကိုးလပ်စ်ဆာကိုဇီတို့ အပါအ၀င် နိုင်ငံစုံမှ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ကြမည်ဟု မျှော်လင့်ကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီဥက္ကဋ္ဌက ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း ပြောခဲ့သည်။
အိုလံပစ်ဖွင့်ပွဲသို့ အမေရိကန်သမ္မတ ဘုရှ် တက်ရောက်မည်မှာ သေချာမှု မရှိသေးပေ။ သို့သော် ဒီမိုကရက်တစ် သမ္မတ လောင်းများ ဖြစ်သော မစ္စတာအိုဘားမားနှင့် ဟယ်လာရီ ကလင်တန်တို့ ကမူ ဆူဒန်ရှိ ဒါဖောဒေသ လူမျိုးတုန်း သတ်ဖြတ်မှုများနှင့် တိဘက်ရှိ လူ့အခွင့်အရေးကိစ္စများ အပေါ် တရုတ်အစိုးရအနေဖြင့် မူဝါဒရေးရာ တစုံတရာ အပြောင်းအလဲ မလုပ်ခဲ့ပါက သမ္မတ ဘုရှ်အနေဖြင့် ဖွင့်ပွဲသို့ တက်ရောက်ခြင်း မပြုသင့်ကြောင်း တောင်းဆိုခဲ့ကြသည်။
ပြင်သစ်သမ္မတ နီကိုးလပ်စ်ဆာကိုဇီကလည်း အိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဆန္ဒမရှိကြောင်း ယခင်လက ပြောခဲ့သည်။
အမေရိကန်ဟောလီးဝုဒ် နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာ စတီဗင်စပီးဘတ်ကလည်း ဆူဒန်ရှိ ဒါဖောဒေသ လူ့အခွင့်အရေး ချိုးဖောက်နေ မှုများအပေါ် တရုတ်နိုင်ငံက ၎င်း၏ သြဇာကိုသုံး၍ တားဆီးနိုင်ရန် လုံလောက်သော အားထုတ်မှု မပြုခဲ့ဟုဆိုကာ အဆိုပါ ဘေဂျင်း အားကစား ဖွင့်ပွဲနှင့် ပိတ်ပွဲအတွက် အနုပညာဆိုင်ရာ အကြံပေးအဖြစ်မှ နုတ်ထွက်ခဲ့သည်။
လာမည့် ၂၀၁၂ ခု အိုလံပစ် အားကစားပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပမည် ဖြစ်သည်။
No comments:
Post a Comment