Thursday, April 10, 2008

အာဆီယံဆိုင်ရာ အမေရိကန် အထူးသံတမန်က မြန်မာနိုင်ငပြုပြင်ပြောင်းလဲရေး တွန်းအား ပေးသွားမည်ဟု ပြောကြားံ

AFP / ၁၀ ဧပြီ ၂၀၀၈
အာဆီယံဆိုင်ရာ ပထမဆုံး အမေရိကန် အထူးသံတမန်ဖြစ်သူက ၎င်းအနေဖြင့် မြန်မာစစ်အစိုးရကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပြုလုပ်နိုင်ရန် အာဆီယံအဖွဲ့အား နှိုးဆော်သွားရေးကို အဓိကထား ဦးစားပေး လုပ်ဆောင်သွားမည်ဟု ပြောကြားလိုက်သည်။

အာဆီယံရေးရာများနှင့် ပတ်သက်၍ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသော စကော့ မာဆီယယ်က ၎င်းအနေဖြင့် အာဆီယံနိုင်ငံ အားလုံးသို့ ထဲထဲဝင်ဝင်သွားရောက်ကာ အာဆီယံနိုင်ငံများ ဆက်ဆံရေး တိုးတက်စေရေး လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း လွှတ် တော်တွင် ၎င်းအား အထူးသံတမန်အဖြစ် ယမန်နေ့က အတည်ပြု ကြားနာပွဲ ပြုလုပ်ရာတွင် ပြောကြားသည်။

“သေချာပြီဆိုရင်တော့ ကျနော့်ရဲ့ အရေးကြီးတဲ့ ဦးစားပေး လုပ်ဆောင်ချက်တွေထဲက တခုကတော့ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး မြန်မာစစ်အစိုးရကို သူတို့ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေ ရပ်ဆိုင်းသွားအောင်၊ ဒီမိုကရေစီရေး ကူးပြောင်းမှုအတွက် စစ်မှန်တဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် လုပ်ရမယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာတွင် မြန်မာနိုင်ငံ၌ သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ မှုကြီး ဖြစ်ပေါ်ခဲ့သည်ကို မြန်မာ စစ်အစိုးရက ပစ်ခတ်နှိမ်နင်းခဲ့ပြီးသည့်နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံတကာ အသိုင်းအ၀န်း၏ ဖိအားပေးမှုများ၊ အနောက်နိုင်ငံများ၏ တင်းကြပ်သည့် စီးပွားရေး ပိတ်ဆို့မှုများနှင့် စစ်အစိုးရ ရင်ဆိုင်နေရသည်။

“မြန်မာနိုင်ငံရဲ့ ပြဿနာဟာ အာဆီယံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုအဖြစ် ကိုယ်စားပြုနေတယ်။ ဒါ့အပြင် အာဆီယံရဲ့ အခွင့်အလမ်းကြီး တခုလည်းဖြစ်တယ်” ဟု စကော့မာဆီယယ်က ပြောသည်။

အကယ်၍ အမေရိကန်ပြည်ထောင်စု၊ အာဆီယံနှင့် တခြားနိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် မြန်မာနိုင်ငံ၏ အလွန်အန္တရာယ် ကြီးမားနေသည့် မြန်မာနိုင်ငံအရေးကို ပြောင်းပြန်လှန်ပစ်မည် ဆိုပါက မြန်မာနိုင်ငံသား အားလုံးနှင့် အာဆီယံတဖွဲ့လုံးအတွက် အလွန်ကြီးမားသော အကျိုး အမြတ်တခု ဖြစ်လိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

အာဆီယံ အဖွဲ့ဝင်များအဖြစ် ဘရူနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အာဆီယံနှင့် စေ့စပ်ညှိနှိုင်း ပူးပေါင်းလုပ်ဆောင်မှုများ ပိုမို တိုးမြှင့် လုပ်ဆောင်သင့်သည်ဆိုသည့် ယုံကြည်မှုဖြင့် အာဆီယံကို အရေးပါသည့် အဖွဲ့အစည်း တခုအဖြစ် အသိအမှတ်ပြုထားပြီး ၎င်းကို အထူးကိုယ်စားလှယ်အဖြစ် ရာထူးသစ် ခန့်အပ်ခြင်း ဖြစ်ကြောင်းလည်း မစ္စတာ စကော့မာဆီယယ်က ပြောသည်။

အာဆီယံနိုင်ငံများအားလုံး၏ လူဦးရေစုစုပေါင်းသည် သန်း (၆၀၀) ခန့်ရှိပြီး အာဆီယံသည် အမေရိကန်၏ စတုတ္ထမြောက် အကြီးမားဆုံး ပြည်ပပို့ကုန် ဈေးကွက်ကြီးတခုလည်း ဖြစ်သည်။

No comments: