Thursday, April 10, 2008

အလင်းသစ်ပွဲတော် စီဒီခွေဖြန့်ချိ

ကျော်ထင်/ ၁၀ ဧပြီ ၂၀၀၈
ရှစ်လေးလုံးအနှစ် (၂၀) မြောက် ဖြတ်သန်းမှု သင်္ကေတအဖြစ် ဧရာဝတီမဂ္ဂဇင်း၏ အကြီးတန်း သထင်းထောက်တဦးလည်းဖြစ်၊ အနုပညာရှင်တဦးလည်းဖြစ်သူ ရဲနည်၏ အလင်းသစ်ပွဲတော် သီချင်းစီဒီခွေကို ယမန်နေ့တွင် စတင်ဖြန့်ချိသည်။

တနှစ်ကြာ ပြင်ဆင်ခဲ့ရသော စီဒီခွေတွင် သီချင်း (၇) ပုဒ် ပါဝင်ပြီး သီချင်းများသည် ဖြတ်သန်း ခဲ့ရသော ဘ၀၏ပုံရိပ်များဖြစ်ကြောင်း ရဲနည်က ပြောသည်။

၎င်းက “ကျနော်လည်း ရှစ်လေးလုံးကနေ ပါဝင်ပတ်သက်ခဲ့တဲ့သူဆိုတော့ ဒီကြားထဲမှာ ဖြတ်သန်း ခဲ့ရတဲ့ အဲဒါတွေက ကျနော့်ကို လာရိုက်ခတ်တယ်။ ကျနော်ကိုယ်တိုင်ကလည်း သီချင်းရေးတာဝါသနာပါတဲ့သူ တယောက်ဆိုတော့ ဒီအနှစ် (၂၀) အတွင်းမှာ ကျနော် ရေးဖြစ်တဲ့ သီချင်းလေး တွေကိုပြန်ပြီးတော့ အခွေလုပ်ဖြစ်တဲ့ သဘောမျိုးပေါ့” ဟု ပြောသည်။

ခေါင်းစဉ်သီချင်းဖြစ်သော “အလင်းသစ်ပွဲတော်” နှင့် “မြက်ခင်းစိမ်းနဲ့ တဲငယ်လေး” တို့မှအပ ကျန်သီချင်းများသည် ရဲနည်ကိုယ်တိုင် ရေးသားသော သီချင်းများဖြစ်သည်။

ဗိုလ်ထိန်ရေးသားသည့် Reggae တေးဂီတအပေါ် အခြေခံပြီး World music ပုံစံဖြစ်သည့်“အလင်းသစ်ပွဲတော်” သီချင်းတွင် “ဟေး... အလင်းသစ်ပွဲတော် လူစုံပြီဆို ပွဲတော်ကိုစ အားလုံးခဏရပ်ပါ ကျန်ုပ်တို့ရဲ့ ပွဲတော်ကို မတက်ရောက်နိုင်တော့တဲ့ သူရဲကောင်းတွေ
အတွက် တမိနစ်ငြိမ်သက်” ဟု ရေးစပ်ထားသည်။

ခင်မောင်တိုးသီဆိုပြီး ကိုရဲလွင်နှင့် ကိုအောင်ဝင်းတို့ ရေးသားသော “မြက်ခင်းစိမ်းနဲ့တဲငယ်လေး” သီချင်းကို ပြန်လည်သီဆိုခြင်းနှင့် ပတ်သက်၍ ရဲနည်က “စစ်အာဏာရှင်တွေရဲ့ ထိန်းချုပ်မှု အောက်က လွတ်လပ်တဲ့ တနေရာပေါ့ဗျာ။ ကျနော်တို့ ကိုယ့်ဘ၀ရပ်တည်ရေးအတွက် ကိုယ့်ဟာကိုယ် စိုက်ပျိုးထွန်ယက်လုပ်ကိုင်၊ နေထိုင်ဖို့ အတွက်လည်း တောထဲ တောင်ထဲက သစ်ဝါးတွေခုတ်၊ ညဆိုလို့ရှိရင်လည်း လွတ်လပ်တဲ့ မိုးကောင်းကင်ကြီးနဲ့ နေ့ခင်းဆိုရင်လည်း လွတ်လပ်တဲ့ လယ်ကွင်းပြင်ကျယ်နဲ့ ဒါမှမဟုတ် တောင်ယာခင်းနဲ့ နေခဲ့ရတယ်၊ လွတ်လပ်တဲ့ အရသာပေါ့။ အဲဒါက ကျနော့်ရင်ထဲမှာ အမြဲရှိနေတော့ မှတ်တမ်းတင်ချင်တဲ့အနေနဲ့ ပြန်ဆို
တာပါ” ဟု ပြောသည်။

ချင်းမိုင်ရှိ ထင်ရှားသည့် အနုပညာရှင်များ ၀ိုင်းဝန်းတီးခတ်ပေးထားသော အဆိုပါ သီချင်း စီဒီခွေကို ဘတ် (၂၀၀) နှုန်းဖြင့် ရောင်းချခြင်းဖြစ်သည်။

No comments: