Wednesday, April 23, 2008

ချီဗွေမြို့နယ်အတွင်း အာဏာပိုင်များကိုယ်တိုင် မဲဆွယ်စည်းရုံး

NEJ/ ၂၃ ဧပြီ ၂၀၀၈
ကချင်ပြည်နယ်၊ ချီဗွေမြို့နယ်တွင် ဒေသခံအာဏာပိုင်များက ဦးစီးပြီး အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်။

ချီဗွေမြို့နယ်အတွင်း (၂၄) ပြည်ပါ ဆန်တအိတ် ဈေးနှုန်းသည် ပုံမှန်အားဖြင့် ကျပ် (၄) သောင်း ကျော် ဈေးပေါက်နေသော်လည်း ချီဗွေမြို့နယ် မယက က ကျပ် (၁) သောင်း (၈) ထောင်ဖြင့် ဈေးလျော့ရောင်းကာ မဲဆွယ်နေသည်ဟု ချီဗွေဒေသခံတဦးက ပြောသည်။


၎င်းက “ဆန်ကို အခုလို ဈေးပေါပေါနဲ့ ရောင်းပေးတာ အခုတခါပဲ ရှိသေးတယ်။ အခုမှ ထူးထူး ခြားခြား လုပ်လာတာ။ ရောင်းပြီး ဘာပြောသလဲဆိုတော့ ကုန်ဈေနှုန်း သက်သက်သာသာ ဖြစ်အောင် နိုင်ငံတော်က စေတနာနဲ့ လုပ်နေတာဖြစ်တယ်၊ သူတို့ကို ထောက်ခံဖို့လိုတယ်ပေါ့၊ ဗြောင်ကြီးကို လုပ်နေတာ” ဟု ပြောသည်။

ချီဗွေမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဆိုင်းဘုတ်ကြီးများ စိုက်ထူထားပြီး အာဏာပိုင်များနှင့် ကြံ့ခိုင်ရေးအသင်းသားများက ထောက်ခံမဲပေးကြရန် စည်းရုံးမှုများလုပ်နေကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “အဖြူရောင် တီရှပ်တွေပေါ့နော်၊ အစိမ်းရောင် စာလုံးနဲ့ ရှေ့ဘက်မှာ မဲရုံကို သွားကြစို့၊ အမှန်ခြစ်လက္ခဏာနဲ့ ထောက်ခံမဲ ထည့်ကြစို့လို့ ရေးထားပြီး နောက်ဘက်မှာတော့ အခြေခံ ဥပဒေမူကြမ်း အတည်ပြုကြဆိုပြီး အမှန်ခြစ်အမှတ်အသားပါတဲ့ တီရှပ်တွေကို မယက၊ ရယက၊ မဲရုံမှူးတွေနဲ့ ကြံ့ခိုင်ရေးအသင်းသားတွေ၊ မီးသတ်တွေက ၀တ်ဆင်ပြီး ကျေးရွာတွေအထိသွားပြီး မဲထည့်ဖို့ စည်းရုံးနေတာ” ဟု ပြောသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် အခြားမြို့နယ်တို့တွင်မူ အလားတူ မဲဆွယ်မှုမျိုးမလုပ်ဘဲ လုံခြုံရေးတင်းကျပ်မှုများ လုပ်နေသည်ဟု ကချင်ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂမှ တာဝန် ရှိသူတဦးက ပြောသည်။

၎င်းက “ကျနော်တို့ မြစ်ကြီးနားနဲ့ ဗန်းမော်၊ ၀ိုင်းမော်ဘက်တွေတော့ အဲဒီလို တီရှပ်တွေဝတ်တာ မရှိဘူး။ ဒါပေမယ့် လုံခြုံရေးတွေတော့ သိသိသာသာ ချထားတယ်၊ ညဘက်မှာ လမ်းထောင့်တွေမှာ စစ်သားနဲ့ ရဲတွေ ချထားတာရှိတယ်။ ကျနော်တို့အဖွဲ့က စာကပ်တာတွေ များလာတော့ အခုလို လုပ်လာပုံရတယ်” ဟု ပြောသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က ဧပြီ (၁၄) နှင့် (၁၉) တို့တွင် မြစ်ကြီးနား၊ ၀ိုင်း မော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမြို့တို့တွင် အခြခံဥပဒေမူကြမ်းအား ကန့်ကွက်မဲပေးရေး လှုံ့ဆော်စာများ ကပ်ခဲ့သည်။

Source

No comments: