Wednesday, April 23, 2008

NEJ/ ၂၃ ဧပြီ ၂၀၀၈

ဧပြီ (၁၁) မှ စတင်ပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တဘက်ကမ်း ကျယ်ဂေါင်မြို့သို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံလုပ် စစ်ထရပ်ကား အစီး (၃၅၀) ကို ယမန်နေ့မှ စတင်၍ မြန်မာနိုင်ငံဘက်သို့ အသုတ်လိုက်ခွဲ လွှဲပြောင်း ပို့ဆောင်နေသည်။

ဧပြီ (၂၁) တွင် မြန်မာဘက်မှ စစ်အရာရှိကြီးများ ရောက်ရှိလာခဲ့ပြီး တရုတ်စစ်ဘက် အရာရှိ များနှင့်အတူ ကားများကို စစ်ဆေးခဲ့ပြီး နောက်တနေ့တွင် အရပ်ဝတ် ၀တ်ထားသည့် မြန်မာ စစ်သားများက လာရောက် မောင်းယူနေသည်ဟု ကျယ်ဂေါင်ဒေသခံတဦးက ပြောသည်။

၎င်းက “ကားတွေက အစီး (၂၀၀) ကျော်လောက် မံဝိန်းကြီးဂိတ်ပေါက်ကနေ မူဆယ်ဘက်ကို မောင်းဝင်သွားပြီ။ ကားတွေစုပုံထားတဲ့ ကားကြီးဝင်းဟောင်းထဲမှာ အချို့ရပ်ထားတာ တွေ့ရ သေးတယ်၊ ခန့်မှန်းချေ အစီး (၁၀၀) ကျော်လောက်တော့ ကျန်သေးတယ်၊ အသုတ်လိုက် ထွက်နေတာ” ဟု ပြောသည်။

ယခု မြန်မာဘက်သို့ လွှဲပြောင်းပေးခဲ့သည့် စစ်ကားများမှာ တရုတ်နိုင်ငံလုပ် DONG FENG တံဆိပ်ပါ ခြောက်ဘီးတပ်ဖြစ်ပြီး ကုန်တင်ထရပ်ကားကြီး အမျိုးအစားဖြစ်သည်ဟု မျက်မြင် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်း DONG FENG တံဆိပ်ပါ ခြောက်ဘီးတပ် စစ်ထရပ်ကား အစီး (၅၀၀) တိတိ ရောက်ရှိခဲ့ပြီး မြန်မာပြည်ဘက်သို့ လွှဲပြောင်းပေးခဲ့သည်။ အဆိုပါကားများ၏ နံပါတ်အား ကြယ်ဖြူတလုံး ဂဏန်းလေးလုံး၊ ၎င်းနောက်တွင် (ဗ) အက္ခရာ အမှတ်အသားများ တပ်ဆင်ကာ တောင်ငူ၊ ပျဉ်းမနားနှင့် ရန်ကုန်တို့ရှိ မော်တော်ယာဉ်နှင့် ထောက်ပံ့ရေးဆိုင်ရာ တပ်ရင်းများသို့ ဖြန့်ခွဲပေးပို့ခဲ့သည်ဟု ပြည်တွင်းစစ်ဘက်သတင်းရပ်ကွက်အရ သိရသည်။

၂၀၀၇ ခု ဒီဇင်ဘာနှင့် ၂၀၀၈ ဇန်န၀ါရီအတွင်း FAW တံဆိပ်ပါ အပေါ့စားစစ်ကား အစီး (၁,၀၀၀) တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့သို့ ရောက်ရှိလာပြီး မြန်မာဘက်သို့ လွှဲပြောင်း ပေးခဲ့သည်။

၂၀၀၇ ခုအတွင်း ချုပ်ဆိုထားသည့် အရောင်းအ၀ယ် စာချုပ်အရ တရုတ်ပြည်ဘက်မှ တင်ပို့ နေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “လျော့ဈေးနဲ့ ရောင်းပေးတယ်လို့ ကြားရတယ်။ တစီးကို တရုတ်ငွေ သုံး၊ လေးသောင်း လောက် (မြန်မာငွေ ကျပ် သိန်းခြောက်ဆယ်ဝန်းကျင်) အဲဒါကို ငွေပေးချေသလား။ barter system လားဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

တရုတ်ပြည်တွင်းလုပ် FAW / LJC/ LIFAN / DONG FENG တံဆိပ်ပါ စစ်သုံးကားများကို ၂၀၀၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံဘက်သို့ နှစ်စဉ် ပေးပို့နေခြင်းဖြစ်ပြီး တကြိမ်လျှင် အနည်းဆုံး အစီး (၁၀၀) ထက်မနည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

Source

No comments: