Friday, April 18, 2008

ယာယီကတ်ပြားကြောင့် ပြည်သူများအခက်တွေ့

NEJ/ ၁၈ ဧပြီ ၂၀၀၈

နအဖစစ်အစိုးရက လာမည့် မေလတွင်လုပ်မည့် အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲအတွက် ရည်ရွယ်၍ ယာယီအိမ်ထောင်စု စာရင်းနှင့် ယာယီနိုင်ငံသား သက်သေခံ လက်မှတ်များကိုသာ ထုတ်ပေးနေသောကြောင့် မှတ်ပုံတင် အမှန်တကယ် သုံးစွဲရန် လိုအပ်သူများ အခက်အခဲ ဖြစ်နေကြသည်။

မန္တလေးမြို့တွင် နေထိုင်သူတဦးက “ကျနော့်မှတ်ပုံတင် (နိုင်ငံသားစိစစ်ရေးကတ်ပြား) ပျောက် နေလို့ လ၀ကရုံးမှာ လျှောက်ထားတာ (၈) လလောက်ရှိပြီ မရဘူး။ အဲဒါ ရုံးမှာ သွားစုံစမ်းတော့ မရသေးဘူး၊ လောလောဆယ် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ထုတ်ပေးမယ့် ယာယီသက်သေခံ လက်မှတ် အစိမ်းရောင်ပဲ ရမယ်လို့ ပြောတယ်။ ဒီလက်မှတ်နဲ့ ကျနော် ပတ်စ်ပို့လျှောက်လို့မရဘူး၊ အခွန်ဆောင်လို့ မရဘူး၊ တခြား ဘာသက်သေခံအဖြစ်မှ သုံးလို့ မရဘူး” ဟု ပြောသည်။

လတ်တလောတွင် နအဖစစ်အစိုးရက လူထုဆန္ဒခံယူပွဲတွင် မဲပေးနိုင်ရန် နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသည့် နိုင်ငံသားများကို ယာယီသက်သေခံကတ်ပြား (သုံးခေါက်ချိုး) အစိမ်းရောင်နှင့် ပန်းရောင်၊ ဧည့်နိုင်ငံသားများကို ကတ်ပြားအဖြူရောင်များ ထုတ်ပေးနေသည်။ သို့သော် အဆိုပါ ကတ်ပြားများသည် မဲပေးနိုင်ရုံ၊ ယာယီ ခရီးသွားခွင့် ရရုံလောက်သာ အသုံးပြုနိုင်သည်။

ရန်ကုန်တိုင်း လသာမြို့နယ်မှ ကျောင်းသူတဦးက ၎င်းသည် အသက် (၁၀) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ရထားသည်မှာ ကြာနေပြီး ယခု အသက် (၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် သွားရောက် လုပ်ဆောင်ရာတွင် လ၀ကရုံးမှ လောလောဆယ် ယာယီသက်သေခံ လက်မှတ် ပန်းရောင်ကိုသာ ထုတ်ပေးမည်ဟု ပြောကြောင်း သိရသည်။

၎င်းက “ကျမ စင်ကာပူမှာ ကျောင်းတက်ဖို့ ပတ်စ်ပို့လျှောက်တာ အသက် (၁၀) နှစ်ပြည့် နိုင်ငံ သားစိစစ်ရေးကတ်ကို လက်မခံဘူး။ အဲဒီလိုပဲ အခုထုတ်ပေးမယ့် ယာယီသက်သေခံကတ်ပြား ပန်းရောင်ကိုလည်း လက်မခံပြန်ဘူး။ ဒီတော့ ဘာလုပ်ရမှာလဲ၊ အတော့ကို ခက်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ပြည်သူများအား နိုင်ငံ သားစိစစ်ရေးကတ် ထုတ်ပေးမှု၊ ပျက်စီးနှင့် ပျောက်ဆုံးကတ်များကို အသစ်လဲလှယ်ပေးမှု၊ (၁၈) နှစ်ပြည့် ကတ်ပြား ပြောင်းလဲပေးမှု၊ ဧည့်နိုင်ငံသားများအား ဧည့်နိုင်ငံသားကတ် ထုတ်ပေးမှု စသည်တို့နှင့် ပတ်သက်၍ အလွယ်တကူ လုပ်ဆောင်ပေးခြင်း မရှိဘဲ ငွေကြေး အမြောက်အမြား လာဘ်ယူလေ့ ရှိသည်ဟု ပြည်သူအများထံမှ သိရသည်။

တိုင်းရင်းသားဖြစ်ပါလျက် နိုင်ငံသားစိစစ်ရေးကတ် မရှိသည့် ပြည်သူများနှင့် မိဘဘိုးဘွားစဉ် ဆက် နေထိုင်ခဲ့သော်လည်း မည်သည့်သက်သေခံ အထောက်အထား လက်မှတ်မှ မရှိသည့် ဧည့်နိုင်ငံသားများ မြန်မာနိုင်ငံအနှံ့အပြားတွင် အမြောက်အမြား ရှိနေသည်။

Source

No comments: