Friday, April 18, 2008

စင်ကာပူ မြန်မာသံရုံး၌ ဆန္ဒခံယူပွဲစတင် ကျင်းပတော့မည်

NEJ / ၁၈ ဧပြီ ၂၀၀၈

နအဖ စစ်အစိုးရ၏ ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုရေးအတွက် လာမည့်သီတင်းပတ်၌ စင်ကာပူ နိုင်ငံ၌ ဆန္ဒခံယူပွဲ စတင်ကျင်းပ မည်ဖြစ်ပြီး လာရောက်ဆန္ဒမဲ ပေးကြရန် စင်ကာပူရှိ မြန်မာသံရုံးက တရားဝင်ဖိတ်ကြားစာများ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

ဆန္ဒခံယူပွဲကို စင်ကာပူမြို့ မြန်မာသံရုံး၌ ဧပြီ (၂၅) ရက်မှ (၂၉) အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူတို့အနေဖြင့် နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း မြန်မာနိုင်ငံကူး လက်မှတ်၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ကိုင်ဆောင်၍ မြန်မာသံရုံးသို့ လာရောက်ကြရမည် ဖြစ်သည်ဟု ဖိတ်ကြားချက်တွင် ပါရှိသည်။

ယင်းဖိတ်ကြားချက်ကို သံမှူး ဦးကျော်ဆွေတင့်က သံအမတ်ကြီး ကိုယ်စား ထုတ်ပြန်ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံရောက် မြန်မာ နိုင်ငံသား များထံ စာတိုက်မှတဆင့် ပေးပို့သည်ဟု စာလက်ခံရရှိသည့် စင်ကာပူရောက် မြန်မာတဦးက ပြောသည်။

၎င်းက “အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲဆန္ဒပေးခွင့်ရှိတယ်ဆိုတော့ မဲသွားပေးမှာပါ။ တသက် လုံး တခါမှ မဲပေးမှ မပေးဘူးတာ။ ဒီတခါ ပထမဦးဆုံးပဲလေ မဲပေးမှာ။ ယုံကြည်မှုတော့မရှိဘူး ကန့်ကွက်မဲပေးပေး၊ ထောက်ခံမဲပဲပေးပေး သူတို့ လုပ်ချင်သလို လုပ်ပစ်မှာ။ ဒါပေမယ့် စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူမှာဆိုတော့ ကန့်ကွက်မဲ ပေးမှာပေါ့” ဟု ပြောသည်။

ယင်းဖိတ်ကြားစာများကို သံရုံး၌ အခွန်ဆောင်ထားသူများသာ ရရှိပြီး အခွန်မဆောင်သူများနှင့် နေရပ်လိပ်စာ အတည်တကျမရှိသူတို့ လက်ခံရရှိခြင်း မရှိဟု သိရသည်။

စင်ကာပူရောက် မြန်မာများအနေဖြင့် လာမည့် ဧပြီ (၂၆)၊ (၂၇) ဖြစ်သည့် စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များ၌ သံရုံးသို့ သွားရောက် မဲပေးကြရန် အစီအစဉ်ရှိကြောင်း သိရသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မြန်မာနိုင်ငံတွင်း၌ မပြုလုပ်မီ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၌ ကြိုတင် ကျင်းပပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်း၌ မေလ (၁၀) ရက်တွင် တပြည်လုံး အတိုင်း အတာဖြင့် ကျင်းပမည်ဟု စစ်အစိုးရက သင်္ကြန်မတိုင်မီက ကြေညာထားသည်။

Source

No comments: