Monday, April 21, 2008

တရုတ်က ပညာပေးမှုအစီအစဉ် တိဘက်တွင် စတင်လုပ်ဆောင်

ခေတ်ပြိုင်
တရုတ်ကွန်မြူနစ်ပါတီက (၂) လကြာမည့် နိုင်ငံရေး လှုံ့ဆော်ပညာပေးမှု လုပ်ငန်းစဉ်တခုအား တိဘက်မြို့တော် လာဆာတွင် အကောင်အထည်ဖော်လျက်ရှိသည်။

ဘုန်းတော်ကြီး ဒလိုင်လားမားအား အားပေးထောက်ခံမှုနှင့် တိဘက်လွတ်လပ်ရေး အယူအဆ များကို တိုက်ဖျက်ရန်အတွက် လည်းကောင်း၊ တပ်အင်အား ဖြည့်တင်း၍ လာဆာမြို့ကို ဆက် လက် ထိန်းချုပ်ထားနိုင်ရေး ကြိုးစားသည့်အနေဖြင့်လည်းကောင်း ရည်ရွယ်၍ အစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်သည်။

တိဘက်ရှိ တရုတ်အစိုးရ အရာရှိများနှင့် ပါတီအဖွဲ့ဝင်များကို အဓိကထား၍ နိုင်ငံရေးလှုံ့ဆော် ပညာပေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တိဘက်သတင်းတပုဒ်၌ ယနေ့ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ခွဲထွက်မှု တိုက်ဖျက်ရေး၊ တည်ငြိမ်မှု ကာကွယ်ရေးနှင့် ဖွံ့ဖြိုးမှု မြှင့်တင် အားပေးရေးတို့အတွက် ရည်ရွယ်သည့် အဆိုပါ ပညာပေးရေး လှုပ်ရှားမှုသည် အရာရှိများနှင့် လူထုအကြား အတွေးအခေါ်တခုတည်းရှိပြီး စည်းလုံးသော အင်အား ဖြစ်ပေါ်လာစေရန်၊ ခွဲထွက် ရေး အတွေးအခေါ်ကို နက်ရှိုင်းစွာ ဆန့်ကျင်သွားရန်နှင့် ခွဲထွက်ရေး ကြိုးပမ်းသူ ဒလိုင်လားမား အုပ်စုများကို တန်ပြန်တိုက်ခိုက်သွားရန်တို့အတွက် အာရုံစိုက်သွားမည်ဖြစ်ကြောင်း တိဘက် နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။

ရုပ်သံအစီအစဉ်များနှင့် အကဲဖြတ် ဝေဖန်မှုဆိုင်ရာ ပညာပေးမှုများ ပါဝင်မည့် အဆိုပါ (၂) လကြာ လှုပ်ရှားမှုအစီအစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များနှင့် အစိုးရအရာရှိများသည် ၎င်း တို့၏ ပါဝင်လုပ်ဆောင်မှုများအတွက် အကဲဖြတ်ခံရမည် ဖြစ်သည်။

ယခု နောက်ဆုံး အကောင်အထည်ဖော်နေသော လူထုပညာပေးလှုပ်ရှားမှုအစီအစဉ်သည် အစိုးရကိုယ်တိုင်က အရာရှိများနှင့် ပါတီအဖွဲ့ဝင်များကပါ ၎င်းတို့အား ပိုမိုကျယ်ပြန်စွာ ဆန့် ကျင်လာမည်ကို စိုးရိမ်ရာရောက်ကြောင်း ပြသခြင်းဖြစ်သည်။

တိဘက်ဘုန်းတော်ကြီးများက ဦးဆောင်၍ မြို့တော်လာဆာ၌ ယခင်လမှ စတင်ခဲ့သော တရုတ် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများအား တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်နှိမ်နင်းခဲ့ပြီး နောက် တိဘက်ဒေသအပါအ၀င် အနီးအနားရှိ တိဘက်လူမျိုး အများစု အခြေချရာ ပြည်နယ် များသို့ပါ မတည်ငြိမ်မှုများ ပျံ့နှံ့သွားခဲ့သည်။

ထိုသို့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆူပူမတည်ငြိမ်မှုများ ဖြစ်ပေါ်လာရခြင်းသည် ပြည်ပ ရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်လားမားကြောင့်ဟု တရုတ် အစိုးရက စွပ်စွဲခဲ့သည်။

ဘုန်းတော်ကြီးဒလိုင်လားမားကမူ ဆူပူအကြမ်းဖက်မှုများအား ဝေဖန်ပြစ်တင်ခဲ့သော်လည်း ပေကျင်း၌ လာမည့် သြဂုတ်လတွင် ကျင်းပမည့် အိုလံပစ်အားကစားပွဲတော်အား ထောက်ခံ အားပေးကြောင်း ပြောကြားခဲ့သည်။ သို့သော် တိဘက်တွင် ယဉ်ကျေးမှု အလုံးစုံ ပျက်သုဉ်း သွားစေရန် တရုတ်အစိုးရက ဖန်တီးလုပ်ဆောင်နေသည်ဟုလည်း ဘုန်းတော်ကြီးက စွပ်စွဲ ပြောဆိုလိုက်သည်။

ယင်းဆန္ဒပြဆူပူမှုများအား အကြောင်းပြု၍ တရုတ်အစိုးရက တိဘက်ဒေသ တ၀န်းတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင် အမြောက်အမြားကို နေရာချထားခဲ့သည့်အပြင် အစုအဖွဲ့ဖြင့် သွားလာမှုများ၊ နိုင်ငံ ခြားခရီးသွားလုပ်ငန်းများကိုလည်း ပိတ်ပင်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အကုန်၌မူ တရုတ်အစိုးရက ဆန္ဒပြမှုများကို တင်းကြပ်ထားရာမှ ဒေါသ ထွက်နေသောနိုင်ငံသားများအား ဒလိုင်လားမားနှင့် ၎င်းအား ထောက်ခံသူများ၏ စီးပွားရေး လုပ်ငန်းများကို စုဝေးဆန္ဒပြခွင့်ပြုခဲ့သည်။ အထူးသဖြင့် ပြင်သစ်ပိုင် (Carrefour) ကုန်တိုက်အား ဆန့်ကျင်ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ဒလိုင်လားမားနှင့် ထောက်ခံသူများကို ဆန့်ကျင်ဆန္ဒပြမှုနှင့် ပတ်သက်၍ ယနေ့ထုတ် တရုတ် အစိုးရပိုင် ပြည်သူ့နေ့စဉ် သတင်းစာတွင် “ကျွန်ုပ်တို့တွင် ထက်သန်ပြင်းပြသည့် မျိုးချစ်စိတ် ရှိရမည်ဖြစ်သကဲ့သို့ တချိန်တည်း၌ တရားမျှတပြီး ဥပဒေစိုးမိုးသည့် အင်အားကြီး နိုင်ငံတခု လည်းဖြစ်ရပါမည်” ဟု ရေးသားဖော်ပြခဲ့သည်။

Source

No comments: