Friday, August 15, 2008

ကိုဇာဂနာ ကို ပုဒ်မ ၇ ခုနဲ့ တရားစွဲပြီ

ဖနိဒါ

ချင်းမိုင်။ ။ ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင်တွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးက တတိယအကြိမ် အဖြစ် ယနေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ရာ ဥပဒေပုဒ်မ ၇ ခုဖြင့် တရားစွဲဆိုရန် စွဲချက်တင်လိုက်သည်။

ကိုဇာဂနာနှင့်အတူ အားကာစား ဆောင်းပါးရေးသားသူ ကိုဇော်သက်ထွေး၊ ကိုသန့်ဇင်အောင်နှင့် ကတုံး ခေါ် မောင်တင်မောင်အေး တို့ကိုလည်း ယနေ့တွင် ရုံးထုတ် စစ်ဆေးကာ ပုဒ်မများဖြင့် စတင် စွဲဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီနေ့ ရုံးထုတ် ဖြစ်ပါတယ်။ ကိုသူရ ခေါ် ဇာဂနာကို အားလုံး ၇ မှု။ ၄ ယောက်မှာ ကိုဇော်သက်ထွေးက ၂ မှု။ ဇာဂနာကတော့ အကုန်ပါတယ်ပေါ့နော်။ ဒီနေ့ စစ်ဖြစ်တာကတော့ ကိုဇာဂနာကို ၅ဝ၅ (ခ) တခု စွဲထားတဲ့ အမှု စွဲဖြစ်တယ်။ တရားလို အပြန်အလှန် မေးခွန်း အန်ကယ်တို့ဘက်မှ ဖြေတာ မပြီးသေးဘူး” ဟု ဗဟိုတရားရုံး ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ကိုဇာဂနာကို အထူးသတင်းတပ်ဖွဲ့မှ ရဲမှူးကြီးရဲညွန့်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)၊ ဘာသာသာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ ၁၉၅၊ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၂၊ ဗီဒီယိုအက် ဥပဒေ ပုဒ်မ ၃၂(ခ)/၃၆ နှင့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃(က)/၃၈ တို့ဖြင့် စွဲဆိုထားသည်။

“အမှုတွေကတော့ မဇ္ဈိမ သတင်းဌာနတို့၊ ဧရာဝတီ သတင်းဌာနတွေမှာ ပါတဲ့ ဇာဂနာပုံတွေ၊ အဲဒါတွေ အားလုံး အစိုးရကို အကြည်ညို ပျက်စေတဲ့ ထိခိုက်စေတာတွေ ပါတယ်ဆိုပြီး အမှုတွဲမှာ ထည့်ထားတယ်။ အများကြီး ဗီအိုအေ၊ ဘီဘီစီမှာ ပြောတာတွေ အကုန်တွဲထားတယ်” ဟု ဗဟိုတရားရုံးရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ယခုကဲ့သို့ ကိုဇာဂနာအား ပုဒ်မများစွာ တပ်သည့်အပေါ် ယောက္ခမဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးက “အဘွားအနေနဲ့တော့ အစကတည်းက သူများသားတွေ ဖြစ်တုန်းကလည်း ကိုယ့်သားလို ခံစားခဲ့ရတယ်။ အခု ကိုယ့်သားဖြစ်နေတော့ ထုံသွားပါပြီ။ ပုဒ်မ ၁ဝဝ ပဲ တပ်တပ်၊ ဘယ်လောက်ပဲ တပ်တပ်၊ အဘွားရဲ့ သားက တိုင်းပြည်အတွက် လုပ်တာပဲလေ။ အဲဒီတော့ ကိစ္စမရှိဘူး။ အဘွားရဲ့ ခံစားချက်အနေနဲ့ ပြောတာပါ” ဟု ပြောသည်။

ကိုဇော်သက်ထွေးကိုမူ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅ဝ၅(ခ)၊ ၁၉၅ နှင့် အီလက်ထရောနစ် ပုဒ်မ ၃၃(က)၊၃၈၊ ကိုသူရနှင့်အတူ ကိုသန့်စင်အောင်အား ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ)၊၃၆၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇၊၂ ၊ ကိုကတုံး ခေါ် ကိုတင်မောင်အေးအား ၃၂(က)၊၃၈ တို့ဖြင့် စွဲဆိုထားသည်။

ပြစ်မှုမြောက်မည်ဆိုလျှင် အီလက်ထရောနစ် ဥပဒေ ပုဒ်မ၃၃(က)၊၃၈ က အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ၁၅ နှစ်၊ ပုဒ်မ ၅ဝ၅ (ခ) အရ ၂ နှစ် ပြစ်ဒဏ်ချနိုင်ကြောင်း ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

၁၉၈၈ ခုနှစ်မှ စတင်ကာ ကိုဇာဂနာသည် ၅ ကြိမ်မြောက် ဖမ်းဆီးခြင်းခံရပြီး ၂ဝဝ၆ ခုနှစ် မေလမှ စတင်ကာ အနုပညာ လုပ်ငန်းများတွင် သရုပ်ဆောင် ဖျော်ဖြေခွင့်နှင့် ဒါရိုက်တာ လုပ်ခွင့်ကို အာဏာပိုင်များက ပိတ်ပင် တားမြစ်ခဲ့သည်။

ကိုဇာဂနာ၊ ကိုသန့်စင်အောင်တို့အား ရှေ့နေ ဦးခင်မောင်ရှိန်၊ ဦးအောင်သိန်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ လွှဲစာရပြီး၊ ကိုဇော်သက်ထွေးနှင့် ကိုတင်မောင်အေး ခေါ် ကတုံးကို ရှေ့နေ ဦးဇော်လင်းက ဆောင်ရွက်ပေးမည် ဖြစ်သည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့အား လေဘေး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေချိန် ဇွန်လအတွင်း အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သူသည် မြန်မာ့အားကစား လောကတွင် အဂတိ လိုက်စားမှုများအကြောင်း ရေးသားခဲ့သည့် ဆောင်းပါး တပုဒ်ကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ၂ဝဝ၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ် စီရင်ခြင်း ခံခဲ့ရသော်လည်း ပြစ်ဒဏ် လျှော့ချပေးခဲ့ကာ ထောင်ဒဏ် ၃ နှစ်သို့ လျှော့ချပြီး ပြန်လည် လွတ်မြောက်ခဲ့သည်။

ကိုဇာဂနာအား ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ၉ ဦးက နေအိမ်အတွင်း ရှာဖွေမှုများ ပိုက်စိတ်တိုက် လုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသမီး သန္တာရွှေ၊ မင်္ဂလာဆောင် မှတ်တမ်းတင် ဗီဒီယိုခွေ၊ ရမ်ဘိုအပိုင်း ၄၊ နာဂစ်ရဲ့ ဘဝဆိုးည ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်သည့် ကလေးသူငယ်များ သီဆိုထားသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်၊ FEC ၃ဝ၊ ဒေါ်လာ ၁ဝဝဝ နှင့် ကွန်ပြူတာ အစိတ်အပိုင်းတခုကို သိမ်းဆည်းသွားခဲ့သည်။

ကိုဇော်သက်ထွေးသည်လည်း ဧရာဝတီတိုင်းရှိ လေဘေးသင့် ဒုက္ခသည်များကို ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည့်အပြင် နေအိမ်တွင် ဝင်ရောက် ရှာဖွေပြီးနောက် လက်ကိုင်ဖုန်း တလုံး၊ ကွန်ပြူတာ၊ စီဒီချပ်နှင့် မှတ်တမ်းမှတ်ရာများကို သိမ်းဆည်းခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၊ သံလျင်မှ ကိုဇော်မင်း၊ ဘောင်းဘောင် ခေါ် မင်းမင်းတို့ကိုလည်း ရုံးထုတ်စစ်ဆေးပြီး မြောက်ဥပက္ကလာပ မြို့နယ်မှ ကိုကျော်စိုးနှင့် မခင်မိုးဝေတို့ကိုလည်း နိုင်ငံခြားငွေ လဲလှယ်မှု ပုဒ်မ ၂၄ ဖြင့် စွဲဆိုထားရာ စွဲချက်မတင်သင့်ကြောင်း လျှောက်လဲချက် တင်ခဲ့ကြောင်း သိရသည်။

No comments: