Monday, August 18, 2008

ဝန်ကြီးဌာနများကို မကြာခင် စာရင်းစစ်တော့မည်ဝန်ကြီးများက အောက်ခြေ၀န်ထမ်းများအပေါ် တာဝန်ပုံချရန် အဆင့်ဆင့် ကြိုးစား

NEJ/ ၁၈ သြဂုတ် ၂၀၀၈

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်အုပ်ချုပ်ရေး စာရင်းပိတ်ရန် နေပြည်တော် ၀န်ကြီးဌာန (၁၄) ခုကို အရေးပေါ် စာရင်းစစ်ခိုင်းသည့်အတွက် သက်ဆိုင်ရာဝန်ကြီးများက လက်အောက်ခံ စက်ရုံများကို အပူတပြင်းစာရင်းရှင်းဖို့ ပြင်ဆင်နေသည်ဟု စုံစမ်းသိရသည်။

တချိန်တုံးက စာရင်းတွေလိမ်ခဲ့ပြီး စာရင်းစစ်ချုပ်ရုံးက ၀င်တော့မည်ဆိုမှ ၀န်ကြီးများ သူ့ထံ လာ ကန်တော့ရန် မလိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကိုယ်လွတ်ရုန်းစကား ပြောထားသဖြင့် ၀န်ကြီးများက အောက်ခြေ၀န်ထမ်းများအပေါ် တာဝန်ပုံချရန် အဆင့်ဆင့် ကြိုးစားနေသည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာနဆိုလျှင် အောက်ခြေစက်ရုံမှူးများအား နှစ်ချုပ်စာရင်း မှန်မှန်သွင်းပါမည် စသည့် ကြိုတင်ဝန်ခံကတိများကို ၀န်ကြီးဦးအောင်သောင်းက အဓမ္မ လက်မှတ်ထိုးခိုင်းပြီး ချည် နှောင်နေ၍ စက်ရုံမှူးများ မကျေနပ်ဖြစ်နေသည်ဟု စက်ရုံမှူးတဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေခိုင်းသည့် စာရင်းစစ်ချုပ်ရုံး စာရင်းစစ်များမလာမီ စာရင်းဖျောက်နိုင်ရန်
ဝန်ကြီး ဦးအောင်သောင်းက စက်မှု (၁) စာရင်းစစ်များကို ကြိုလွှတ်ထားသည်ဟုပါ ပြောသည်။

စက်မှု (၁) ၀န်ကြီးဌာနအောက်ရှိ အချို့စက်ရုံများမှာ စက်ရုံမလည်သေးဘဲ အလည်ပြပြီး လိမ်နေ သည့်အတွက် မည်သူတရားခံဖြစ်မည်ကို အောက်ခြေအရာရှိများ စိုးရိမ်နေကြသည်ဟု စုံစမ်းသိရ သည်။ ဥပမာ- မကွေး ပခုက္ကူ မြင်းခြံမြို့များရှိ ဆေးဆိုးပန်းရိုက်စက်ရုံများ ဖြစ်သည်။

စစ်တပ်ကြိုးကိုင်မည့် အရပ်ဘက်အုပ်ချုပ်ရေးကို အုပ်ချုပ်ရေးလွှဲပြောင်းရာတွင် သေသေသပ်သပ် နှင့် ပြောင်းရမည်ဆိုသည်ကို ၀န်ကြီးဦးအောင်သောင်း မကြာခဏပြောသည်ဟု ၀န်ထမ်းများက ပြောသည်။

သို့သော် ကျပ်ငွေ သိန်း (၅၀) အောက် အရှုံးပေါ်လျှင် သက်ဆိုင်ရာ စက်ရုံမှူးများအား အလျှော် ခိုင်းပြီး ကျပ်ငွေ သိန်း (၅၀) အထက် ကွာနေလျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်အစီရင်ခံ အရေးယူမည်ဖြစ်သည့်အတွက် စက်ရုံမှူးများ ပိုပြီး မကျေနပ်ဖြစ်နေသည်ဟု သိရသည်။

Source

No comments: