Tuesday, August 19, 2008

စစ်တွေမြို့တွင် ဖမ်းဆီးခံနေရသည့် သံဃာများကို ရဟန်းအတုများ အဖြစ် နအဖမှ စွပ်စွဲ

Narinjara News 8/19/2008

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွှေဝါရောင် တော်လှန်ရေး အတွင်းက ဖမ်းဆီးခံခဲ့ရသည့် သံဃာတော် များမှာ ရဟန်းတု ရဟန်းယောင်များသာ ဖြစ်ကြောင်း ဗွီဒီယို မှတ်တမ်းတခုကို ရခိုင်ပြည်နယ် သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား ပင့်ဖိတ်ပြီး အာဏာပိုင်များက ပြသခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ ပြသမှုကို ယမန်နေ့က စစ်တွေမြို့ရှိ လောကာ နန္ဒာစေတီတော်ရှိ ဝေဇယန်တာ ခန်းမဆောင်တွင် သံဃာမဟာနာယ ဆရာတော် ၁၈ ပါးကို ပင့်ဖိတ်ဆွမ်းကျွေးပြီး ပြသခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များမှ ပြသသည့် ဗွီဒီယို ပြကွက်များထဲတွင် သံဃာများမှာ အမျိုးသမီးများနှင့် အတူ နေထိုင် သည့် ပြကွက်များ အပြင် တကာမများထံမှ ငွေအလှူခံသည့် ပြကွက်များ ပါဝင်ကြောင်း သိရှိရသည်။

ဆွမ်းကျွေးပွဲကို ဌာနပေါင်းစုံမှ အရာရှိကြီးများနှင့် စစ်တွေမြို့ မြို့မိ မြို့ဘများ တက်ရောက်ခဲ့ပြီး ဖမ်းဆီး ထားသည့် သံဃာတော်များမှာ အတုအယောင် များသာ ဖြစ်ကြောင်း စစ်အာဏာပိုင်များက ပြောကြားခဲ့သည်ဟု တက်ရောက်ခဲ့သူ တဦးက ပြောသည်။

အာဏာပိုင်များမှ ပြသသည့် ဒီဗွီဒီယို ပြကွက်များကို မည်ကဲ့သို့ ရိုက်ကူးခဲ့သည်ကို မသိရှိကြောင်းနှင့် တချို့ပြကွက်များမှာ လုပ်ကြံ ဖန်တီးထားသည့် ပြကွက်များ ဖြစ်နိုင်ကြောင်း သူက ဆက်လက် ပြောသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ စစ်တွေမြို့မှာ စစ်အစိုးရကို ဆန့်ကျင်သည့် နေရာတွင် အတက်ကြွဆုံးမြို့ ဖြစ်သည့် အတွက် စစ်တွေမြို့မှ သံဃာများကို ပြည်သူများ အယုံအကြည် မေ့စေရန် ရည်ရွယ်ချက်ဖြင့် စစ်အစိုးရမှ ဆောင်ရွက် ခြင်းဖြစ်နိုင်သည်ဟု စစ်တွေမြို့လူထု အကြားမှာ ယုံကြည်နေကြကြောင်း သတင်းရရှိသည်။

Source

No comments: