Tuesday, August 26, 2008

နေပြည်တော် ရန်ကုန် ကားခဈေးကြီးလစာနည်းဝန်ထမ်းတွေ ရန်ကုန်မပြန်နိုင်

NEJ/ ၂၆ သြဂုတ် ၂၀၀၈

နေပြည်တော်ဝန်ကြီးများ အဆင့်မြင့်အရာရှိများ ရန်ကုန်ကို အပတ်စဉ် အလုပ်ကိစ္စနှင့် ပြန်ခွင့်ရ နေသော်လည်း သာမန် လစာနည်းဝန်ထမ်းများ ကားခဈေးတက်၍ မပြန်နိုင်ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

၎င်းက "ရန်ကုန်နေပြည်တော် ကားခက အရင် (၅,၇၀၀) ကျပ် ရှိရာကနေ ခု ကျပ် (၆,၉၀၀) ထိ တက်သွားတယ်လေ။ (၂၁) ရာနှုန်း တက်သွားတော့ လခ ကျပ် (၃၀,၀၀၀) ၀န်းကျင်ရတဲ့ နေပြည် တော်ဝန်ထမ်းတွေ စနေ တနင်္ဂနွေတောင် ရန်ကုန်ပြန်ဘို့ ခက်နေ တယ်လေ။ ၀န်ထမ်းတွေ ရန်ကုန် ခိုးပြန်မှာစိုးလို့ ညရထားကိုတောင် ပိတ်ထားတယ်ဗျာ ခုတော့ (၆) လတခါလောက်သာ ရန်ကုန် ပြန်နိုင်တော့တယ်" ဟု ပြောသည်။

လစာနည်းဝန်ထမ်းများ ရန်ကုန်ပြန်ဘို့ စားရိတ် မတတ်နိုင် ဖြစ်နေချိန်တွင် နေပြည်တော်ရှိ ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်စသည့် အရာရှိများကိုမူ ပြည်ကြီးတံခွန်လမ်းတွင် လုံးချင်းတိုက်များ ဆောက်ပေးထားပြီး အရာရှိတဦးကို ရုံးကား လေးငါးစီး ပေးထားသည်ဟု စုံစမ်းသိရသည်။ သို့သော် ထိုအရာရှိကြီးများသည် ဇနီးသည်များကို ရန်ကုန်မှာထားပြီး ရန်ကုန် အိမ်အတွက်လည်း ဖမ်းဆီးထားသည့် နောက်ဆုံးပေါ် လိုင်စင်မဲ့ကားများ ပေးထားသည်ဟု အရာရှိတဦးက ပြောသည်။

၎င်းက "ခုဆို စက်မှု (၁) ၀န်ကြီးဌာန စက်ရုံတွေကို တပ်ချုပ်ကြီးအမိန့်နဲ့ စာရင်းစစ်ဝင်နေတော့
ဝန်ထမ်းတွေကို အမေသေတောင်မပြန်နဲ့ဆိုပြီး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းက အမိန့် ထုတ်ထားတယ်။ သူကတော့ ရန်ကုန် ခဏခဏအကြောင်းပြသွားတယ် ဘယ်သူမှ မကျေနပ်ဘူး" ဟု ပြောသည်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေပြည်တော်မှာ ၀န်ကြီးအစည်းအဝေး ပြီးသည်နှင့် ၀န်ကြီးများနှင့် ဦးဆောင်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် စသည့် အရာရှိများ အလုပ်တခုခု စစ်ဆေးရန် အကြောင်းပြပြီး ရန်ကုန်ပြန်သည်ကို နေပြည်တော် လစာနည်းဝန်ထမ်းများ တွေ့နေရသဖြင့် ပို၍ မကျေမနပ် ဖြစ်နေသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

Source

No comments: