Friday, August 22, 2008

တာချီလိတ်မြို့တွင်ရေကြီးသော်လည်း သက်ဆိုင်ရာမှ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိ

ကိုထွေး | သြဂုတ် ၂၂၊ ၂၀၀၈

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရေကြီးရေလျှံ ဖြစ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့ သော်လည်း သက်ဆိုင်ရာမှ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိသည့် အတွက် ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

မယ်ဆိုင် တောင်ကျချောင်းမှ ရေလျှံကာ ရေလွှမ်းမူကြောင့် ယနေ့အထိ တာချီလိတ် ပုန်းထို လမ်းမကြီး တလျှောက် ကား အ၀င်အထွက် ခက်ခဲလျှက်ရှိပြီး တာလော့ဈေးဘက်တွင် ကားများသွားလာ၍ မရသကဲ့သို သန့်ရှင်းရေး ကိစ္စများကိုလည်း မိမိအစီအစဉ်ဖြင့် ဆောင်ရွက်နေရကြောင်း တာချီလိတ် မြို့ခံ တဦးက ဧရာဝတီ သို့ ပြောသည်။

တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက“တောင်ပေါ်မှာမိုးအရမ်းကောင်းတော့ တောင်ကျရေတွေ တအား ဆင်းလာ တယ်။ တာလော့ဈေး ရေလွှမ်းသွားတော့ ဆုံးရူံးမူတွေ များတာပေါ၊ သန့်ရှင်းရေးကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ၊ စည်ပင် သာယာက ဘယ်ရောက်နေလဲမသိဘူး၊ အမှိုက်နဲ့ နွံတွေကိုလမ်းမပေါ်မှာ ပုံထားရတယ်၊စည်ပင်သာယာက လာသိမ်းရင် လည်း ပိုက်ဆံကောက်တယ်၊ တအိမ်ကိုဘတ်(၁၀၀၀)လောက် ကောက် လိမ့်မယ်၊သူတို့က ပိုက်ဆံရတဲ့နေရာတွေမှာပဲ အလုပ်လုပ်တယ်၊ အထက်အရာရှိတွေအနေနဲ့ လည်း ဒီကိစ္စကို သိသိနဲ့ လျစ်လျှူရှုထားတယ်၊ စည်ပင်သာယာထက် အခ ကြေးငွေယူပြီး လက်တွန်းလှည်းနဲ့ အမှိုက်ကျုံးနေတဲ့သူတွေကိုပဲ အားကိုးနေရတယ်၊ ဒုက္ခရောက်နေတာ မကူညီတဲ့အပြင် ဖိအားပိုပေးတယ် ” ဟု ပြောသည်။

တာချီလိတ် တာလော့ဈေးအတွင်းသို့ သြဂုတ်လ ၂၀ ရက်နေ့ မနက်(၂း၃၀)နာရီ ခန့်မှစတင်၍ ရေများဝင်ရောက်ခဲ့ရာ (၄း၀၀) နာရီခန့်တွင် တံခါးများကြိုးပဲ့၍ ပစ္စည်းများရေစီ်းနှင့် အတူ မျောပါသွားသည် ဟုလည်း သိရသည်။

တာလော့ဈေးတွင် ဆိုင်ခန်းပေါင်း (၁၂၀၀) ကျော်ခန့်ရှိပြီး အမြင်ပိုင်းကျသောဆိုင်ခန်း (၂၀၀) ကျော်ခန့်သာ ရေလွတ်ပြီး တချို့သောနေရာများတွင် ခါးလည်ခန့်၊ ပုခုးံခန့် အထိရေတက်ခဲ့ကြောင်း အထက်ပါ မြို့ခံက ပြောသည်။

“တာလော့ဈေးထဲလည်း ရေတော်တော်များများ ၀င်တယ်လို့ကြားတယ်၊ ရေမကျသေးဘူးလို့လည်း ပြောတယ်၊ လူတွေ အသက်ထိခိုက် ဆုံးရူံးမှုကတော့ မရှိပါဘူး” ဟုတာချီလိတ်မှ ဆရာဝန်တဦးက ပြော သည်။

ပုန်းထိုရပ်၊ မယ်ခေါင်ရပ်၊ပါလျှံရပ်၊ ချောင်းနှင့် နီးသည့် တခြားသော အနိမ့်ပိုင်းရပ်ကွက်များနှင့်တာလော့ဈေး အတွင်းရေများ ၀င်ရောက်သောကြောင့် လူသုံးကုန် ပစ္စည်းများ၊ အသုးံဆောင်များ ပျက်စီးသွားခဲ့ပြီး ဈေးကို လည်း ခေတ္တပိတ်ထားခဲ့ ရသည်ဟု ဆိုသည်။

သြဂုတ်လ(၂၁) နံနက်(၁၀)နာရီခန့်တွင် ရေပြန်ကျသွားကြောင်း၊ ယနေ့ သြဂုတ်လ(၂၂) နံနက် အစောပိုင်းက ရေပြန်တက် ခဲ့သော်လည်း နံနက်(၈)နာရီတွင် ရေပြန်ကျသွားကြောင်း၊ ယခုအချိန်ထိ သက်ဆိုင်ရာမှ တစုံတရာ တာဝန်ယူဆောင်ရွက် ပေးခြင်းမရှိကြောင်း တာချီလိတ်မြိုခံ တဦးက ဧရာဝတီသို့ပြောသည်။

တာချီလိတ်မြို့သည် အိမ်ခြေ(၄၀၀၀၀)ကျော်ရှိပြီး တနှစ်တွင်(၃)ကြိမ်ခန့် ရေကြီးလေ့ရှိသည်။ ယခုဖြစ်ရပ်မှာ ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက်ဖြစ်သည်။ လွန်ခဲ့သော(၂)နှစ်ခန့်ကလည်း ယခုကဲ့သို့ပင် ရေကြီးခဲ့ဖူး သည်။

ယခုကဲ့သို့ရေကြီးရသည့် အကြောင်းအရင်းမှာရေမြောင်းများကို သန့်ရှင်းရေးမလုပ်သဖြင့် ရေမြောင်းများမှာတိမ်၍ ပိတ်ဆိုပြီး လူများအနေဖြင့်လည်း အိမ်များကို ချောင်းဘက်သို့ချဲ့၍ ဆောက်လုပ်ခဲ့သဖြင့် ချောင်းမှာ တဖြည်းဖြည်းကျဉ်းလာပြီး ရေကြီး မှုများ မကြာခဏဖြစ်ပွားခြင်းဖြစ်ကြောင်းသိရသည်။

တာချီလိတ် တဘက်ကမ်းရှိ မယ်ဆိုင်တွင်လည်း ကော့ဆိုင်းဈေးနှင့် တခြားသောနေရာ များတွင် ရေများ ၀င်ရောက်ခဲ့ပြီး ဆုးံရှုံးမှုများရှိကြောင်း သိရသည်။

“မယ်ဆိုင်ဘက်မှာတော့ မနက်(၃း၃၀)လောက်မှာ တာဝန်ရှိတဲ့သူတွေက လှုံ့ဆော်မူတွေ လုပ်ကြသလို သဲအိတ်တွေချပေး တာတို့၊ အကူအညီပေးတာတွေ ရှိတာကြောင့် ဆုးံရှုံးမှုသိပ်မရှိဘူး ၊ရေမြောင်းတွေ က လည်းကောင်းတော့ ရေကခံမနေဘူး၊ ရေကျသွားပြီးတော့လည်း မီးသတ်ကားတွေက လမ်းတွေပေါ်မှာ သန့်ရှင်းရေးအနေနဲ့ ဆေးကြောမူတွေလုပ်ပေးတော့ ပိုအဆင်ပြေတာပေါ့၊ ဒီနေ့လည်း ဆုံးရှုံးသွားတဲ့ ပစ္စည်းစာရင်း တွေကိုလိုက်ကောက်နေတယ်၊ အလျော်ပြန်ပေးမယ့် သဘောပဲ”ဟုမယ်ဆိုင်တွင် အလုပ် လုပ်နေသူတဦး က ပြောသည်။

မကြာခဏ ဖြစ်ပေါ်လေ့ရှိသော ရေလွှမ်းမိုးမူကို ကာကွယ်ရန် မယ်ဆိုင်တောင်ကျချောင်းအား ထိုင်းဘက်မှ တာဝန်ရှိသူ များက တူးဖော်တိုးချဲ့ရန် တာချီလိတ်မှ အာဏာပိုင်များကို ကမ်းလှမ်းခဲ့သော်လည်း ယခုအချိန် အထိ နေပြည်တော်သို့ တင်ပြထားဆဲ ဖြစ်ကြောင်း လည်းသိရသည်။

Source

No comments: