Tuesday, August 19, 2008

ကုန်ဈေးနှုန်း သို့မဟုတ် စစ်အစိုးရမကိုင်နိုင်သည့် မီးခဲ

ပီတာအောင်

သံဃာတော်များဦးဆောင်သည့် စက်တင်ဘာအရေးအခင်းကို အစပျိုးစေသည့် လောင်စာဆီဈေး နှုန်းများ တိုးမြှင့်ခဲ့သည်မှာ (၁) နှစ်ကာလ ကြာမြင့်ပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းနှင့် လောင်စာဆီ ဈေးနှုန်းများ ချက်ချင်းလျှော့ချပေးရေး သံဃာနှင့် လူထုတို့၏ တောင်းဆိုချက်များမှာ မပြည့်ဝသေးဘဲ ကုန်ဈေးနှုန်းများ တရိပ်ရိပ်တက်မြဲ တက်နေဆဲဖြစ်သည်။ ပြည်သူတွေ၏ စီးပွားရေး အကျပ်အတည်းကို စစ်အစိုးရဘက်က တနှစ်တာကာလအတွင်း မည်သို့ဆောင်ရွက်ပေးသနည်း ဆိုသည်ကိုပါ ဆန်းစစ်ကြည့်ဖို့လိုသည်။

ယမန်နှစ် သြဂုတ် (၁၅) ရက်၌ နအဖစစ်အစိုးရက တရားဝင် ရောင်းချပေးနေသည့် ဓာတ်ဆီ ဈေးနှုန်းကို တဂါလန်ကျပ် (၁,၅၀၀) မှ (၂,၅၀၀) ကျပ်သို့လည်းကောင်း၊ ဒီဇယ်ဈေးကို တဂါလန် ကျပ် (၁,၅၀၀) မှ (၃,၀၀၀) ကျပ်သို့လည်းကောင်း ဈေးနှုန်း ရုတ်တရက် တိုးမြှင့်သတ်မှတ်ခဲ့သည်။

ထိုစဉ်က မှောင်ခိုဈေးကွက်၌ ဆီဈေး ဓာတ်ဆီတဂါလန် ကျပ် (၃,၀၀၀) ကျော်၊ ဒီဇယ်ဆီတဂါလန် ကျပ် (၄,၀၀၀) ခန့် တက်သွားပြီး အကျိုးဆက်အဖြစ် ဘတ်စ်ကားခများ (၂) ဆတိုးသွားကာ သယ်ယူပို့ဆောင်ခစရိတ်များ မြင့်လာသည်နှင့်အမျှ အခြားကုန်ဈေးနှုန်းများလည်း ဒီရေအလား တိုးမြင့်လာခဲ့သည်။

ကုန်ဈေးနှုန်းတက်သည့် မီးပွားသည် ရပ်တန့်မနေဘဲ လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ လျှော့ ချပေးရေး လမ်းလျှောက်ဆန္ဒပြပွဲများ မြန်မာပြည်အနှံ့အပြား ပေါ်ပေါက်လာခဲ့ပြီး စက်တင်ဘာအ ရေးအခင်း ဖြစ်ပွားခဲ့ရသည်အထိ အရှိန်မြင့်တက်ခဲ့သည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားပြီး (၁) နှစ်အကြာတွင် ယနေ့ လောင်စာဆီဈေးနှုန်းမှာ ယခင်နှစ်က ထက် (၅၀) ရာနှုန်းခန့် တိုးပြီး ဓာတ်ဆီတဂါလန် ကျပ် (၄,၅၀၀) ခန့်နှင့် ဒီဇယ်တဂါလန် (၆,၀၀၀) ခန့်ထိ ဖြစ်နေသည်။ အခြား ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများလည်း ယမန်နှစ်ကထက်စာလျှင် ပျမ်းမျှ (၅၀) ရာခိုင်နှုန်းခန့် တက်သွားသည်။

ယမန်နှစ် သြဂုတ်လ ဆန်ဈေးမှာ ပေါ်ဆန်းမွှေးတပြည်လျှင် (၉၅၀) ကျပ်ရှိရာမှ ယခု (၁,၅၀၀) ခန့် ရှိသည်။ ပေါ်ကျွဲ (ရိုးရိုး) တပြည် (၈၃၀) မှ (၁,၀၀၀) ကျပ်၊ ဧည့်မထ (ရိုးရိုး) တပြည် (၆၅၀) မှ (၉၀၀) ကျပ်ခန့် ရောက်ရှိနေသည်။

မြန်မာနိုင်ငံ၏ စားသောက်ကုန်ဈေးနှုန်း ညွှန်းကိန်းသည် ၂၀၀၇- ၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် (၃၃) ရာခိုင်နှုန်းနီးပါး တိုးမြင့်ခဲ့သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ ၀ိကလီးအလဲဗင်းဂျာနယ်သတင်းတွင် ဖော်ပြသည်။ သို့သော် အမှန်တကယ် ငွေဖောင်းပွမှုမှာ ၎င်းထက်ပိုများနိုင်သည်ဟု မြန်မာစီးပွားရေးပညာရှင်များက ခန့်မှန်းသည်။

လောင်စာဆီဈေးတက်မှုနှင့် နာဂစ်မုန်တိုင်းဒဏ် ခံလိုက်ရမှုတို့သည် ကုန်ဈေးနှုန်းများတက်လာ ရခြင်း၏ အဓိကအကြောင်းအရင်းများ ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

၎င်းက “လောင်စာဈေးတက်တော့ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်ကုန်တာပေါ့။ ကျန်တာ တွေလည်း အကုန်လိုက်တက်ကုန်တာပေါ့။ ပြီးခဲ့တဲ့ တနှစ်အတွင်းမှာ ထူးထူးခြားခြားဆိုလို့ လောင်စာဈေးတက်တာပဲရှိတာ။ တခုကတော့ နာဂစ်အတွက် ပြည်တွင်းရော၊ ပြည်ပကရော ၀ိုင်း
သုံးနေကြတာပေါ့။ ဒီဟာက ငွေဖောင်းပွမှုကို ဖြစ်စေတဲ့အကြောင်းတရားတွေထဲမှာ ပါတာပေါ့” ဟု ပြောသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးမော့လာပြီး ထုတ်လုပ်မှု တိုးတက်လာပါက ငွေကြေးဖောင်း ပွမှုကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း၊ သို့သော် မည်မျှအတိုင်းအတာအထိ ထူထောင်ရေး ပြန်လုပ် နိုင်မည်ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဟု ဒေါက်တာခင်မောင်ညိုက ဆက်လက်ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းမှာ ၂၀၀၇ ခုတွင် (၃၄) ရာနှုန်းရှိရာမှ ၂၀၀၈ ခုတွင် (၄၀) ရာနှုန်းထိ ထောင်တက်သွားနိုင်ပြီး မြန်မာ စီးပွားရေးအတွက် စိုးရိမ်ဖွယ်အခြေအနေမှာ ဆက်လက်ရှိနေမည်ဟု ဇူလိုင် (၂၁) ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့မှ ထုတ်ပြန်သည့် PONJA အစီရင်ခံစာက ထောက်ပြထားသည်။

မြန်မာ့ဒီမိုကရေစီ ရန်ပုံငွေအဖွဲ့မှ စီးပွားရေးသုတေသီ ဦးစိန်ဌေးကမူ မုန်တိုင်းဒဏ်ကြောင့် ရုပ်
ဝတ္တုပစ္စည်းများသာမက အလုပ်လုပ်မည့်သူများပါ သေဆုံးကုန်ပြီဖြစ်သည့်အတွက် ပြန်လည်ထူ ထောင်နိုင်မည့် အလားအလာမရှိဘဲ စီးပွားရေး အကျပ်အတည်း ရှေ့ဆက် ပိုမိုဆိုးလာဦးမည်ဟု ယူဆသည်။

ကုန်ဈေးနှုန်းများကျဆင်းလာရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာအောင် ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှု တိုးတက်ရေးလုပ်ဆောင်ရန်မှာ အခရာကျသည်။ သို့သော် စစ်အစိုးရအ နေဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်အောင် စီမံနိုင်စွမ်းမရှိဘဲ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ခံရမှုကြောင့် တိုင်းပြည် စီးပွားရေးကျပ်တည်းရသည်ဟုသာ တတွင်တွင်အော်၍နေသည်။

အမှန်စင်စစ်၌ အရှုံးပြနေသည့် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ၊ နေပြည်တော်၊ ရတနာပုံ စသည့် အမြတ်ရစရာမရှိသည့် တည်ဆောက်ရေး စီမံကိန်းများနှင့် စစ်အသုံးစရိတ် ကြီးမားမှုတို့က အစိုးရ အတွက် ဘတ်ဂျတ်လိုငွေပြမှု တောက်လျှောက်ဖြစ်ပေါ်စေသည့်အပြင် နာဂစ်ပြန်လည်ထူထောင် ရေးအသုံးစရိတ်ပါ ထပ်တိုးနေသဖြင့် စစ်အစိုးရ ခေါင်းခဲစရာ ဖြစ်နေသည်။

ခေါင်းခဲနေသည့် စစ်အစိုးရ အအိပ်အစား မပျက်သော်လည်း နိုင်ငံဝန်ထမ်းများ အပါအ၀င် အခြေခံ လူထုလူတန်းစားအလွှာ အသီးသီးတို့မှာ မုန်တိုင်းအလွန်ကာလ၌ စီးပွားရေး ကျပ်တည်းမှုဒဏ် ပိုမို ခါးစည်းခံနေရသည်။

လှိုင်သာယာကဲ့သို့ အလုပ်သမားလူတန်းစားများ နေထိုင်သည့်နေရာတွင် ထမင်းတလှည့်၊ ဆန်ပြုတ် တလှည့် စားနေရသည့် အခြေစိုက်နေသည်။ ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရ၀န်ထမ်း စာရေး၊ စာချီများကလည်း လစာငွေ (၄-၅) သောင်းဖြင့် လောက်ငအောင် မနည်းရုန်းကန် ရပ်တည်နေ ရသည်။

နေ့စဉ် ထမင်းနှင့် တွဲစားနေရသည့် ငါးပိရည်ချိုပင်လျှင် တပိဿာ ကျပ် (၅,၀၀၀) ဈေး ဖြစ်နေ၍ တနေ့ ထမင်းတလုပ် နပ်မှန်အောင် ရှာဖွေစားသောက်နေရသည့် ပြည်သူလူထုအဖို့ အခြားလိုအပ် သည့် အသုံးအဆောင်ပစ္စည်းများ လူတမ်းစေ့ ၀ယ်ယူသုံးစွဲနိုင်ရန်မှာ အလှမ်းဝေးနေဆဲဖြစ်သည်။ အချို့က ပြည်တွင်း၌ ၀င်ငွေကောင်း၍မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မိသားစုများ ပြန်ပို့သည့်ငွေဖြင့် အတိုင်းအတာတခုထိ ရှင်သန်ရပ်တည်နေ နိုင်ကြခြင်းဖြစ်သည်။

စီးပွားရေးအကျပ်အတည်းဒုက္ခများကို မခံနိုင်သည့်အဆုံး ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်၌ လူ ငယ်တဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း၍ မီးရှို့သတ်သေမှု ပြီးခဲ့သည့် ဧပြီလက ဖြစ်ပွားခဲ့သည့် သာဓကရှိသည်။

တက်သည့်ကုန်ဈေနှုန်းကို စစ်အစိုးရက ယခုအတိုင်း လက်ပိုက်ကြည့်နေသည်တော့ မဟုတ်၊ ကုန် ဈေးနှုန်း မတက်စေရန်အတွက် ဈေးကစားမှုများနှင့် ကုန်စည်စီးဆင်းမှုတို့ကို အစိုးရက အာဏာ သုံး၍ ထိန်းကြောင်းပေးမှုတို့ရှိသည်။ ထိုအချက်သည် ဈေးကွက်စီးပွားရေးကို အစိုးရက ၀င်ရောက်
စွက်ဖက်ခြင်းဖြစ်သည်။ သို့သော် ရောင်းလိုအားနှင့် ၀ယ်လိုအားအပေါ်မှုတည်၍ ပြောင်းလဲနေသည့် ကုန်ဈေးနှုန်းကို အာဏာဖြင့် အခိုက်အတန့်သာ ထိန်း၍ရသော်လည်း ကုန်ဈေးနှုန်းကတော့ တက်မြဲပင်။

န၀တ-နအဖ စစ်အစိုးရလက်ထက်တွင် နိုင်ငံဝန်ထမ်းများအတွက် လစာတိုးမြှင့်ပေးမှု (၄) ကြိမ်ပြု လုပ်ခဲ့သော်လည်း ၀င်ငွေသည် တက်သည့်ကုန်ဈေးနှုန်းကို လိုက်မမီနိုင်ဘဲ လိုက်တမ်းပြေးတမ်း ကစားနေရသည့်နှယ် ဖြစ်နေသည်။

“တိုင်းပြည်အတွင်းမှာ အရင်တုန်းက လုပ်ခဲ့တဲ့ ကုန်ထုတ်လုပ်မှုကို တိုးတက်အောင် လုပ်မပေးနိုင် တဲ့အတွက် ကုန်ဈေးနှုန်းတွေဟာ တက်လာတယ်။ ကုန်ဈေးနှုန်းတွေကျဖို့ ကုန်ထုတ်လုပ်မှု တိုး တက်အောင် လုပ်ရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် လိုအပ်တဲ့နေရာတွေမှာ အချိုးကျ ရင်းနှီးမြှုပ်နှံမှုလုပ်ရမယ်။ စစ်အသုံးစရိတ်လျော့သုံးရမယ်။ ပညာရှင်တွေနဲ့ တိုင်ပင်ရမယ်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေလာအောင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရမယ်။ အဓိကကတော့ တိုင်းပြည် အပေါ် စေတနာထားဖို့ပဲ” ဟု ဦးစိန်ဌေးက ပြောသည်။

လက်ရှိခြေအနေသည် မိုးတွင်းကာလဖြစ်၍ ခရီးအသွားအလာ နည်းပါးသည့်အပြင် စစ်အစိုးရက လည်း ယမန်နှစ်က သင်ခန်းစာရပြီးဖြစ်၍ လောင်စာဆီဈေးတက်ရေးနှင့် ဆီခွဲတမ်းလျှော့ချရေးတို့ လုပ်မည့် အနေအထားမရှိကြောင်း၊ ဆန်အ၀င်အထွက်ကို စစ်အစိုးရက ထိန်းချုပ်ထားသဖြင့် လက်ရှိ ရန်ကုန်ဆန်ဈေးမှာ တည်ငြိမ်နေပြီး ပြဿနာမဖြစ်နိုင်သေးဟု ရန်ကုန်မြို့ခံအချို့က ယူဆကြသည်။

သို့သော် စစ်အစိုးရ မကိုင်တွယ်နိုင်သည့် ကုန်ဈေးနှုန်းမီးခဲသည် လာမည့်ပွင့်လင်းရာသီနှင့် မိုးစပါး မပေါ်မီစပ်ကြား ပြည်သူလူထု၏ စီးပွားရေးကျပ်တည်းမှု အပူမီးနှင့် ထိတွေ့ပြီး မီးတောက်မီးလျှံ အဖြစ် ကူးပြောင်းတောက်လောင်သွားမည် မသွားမည်ဆိုသည်ကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

No comments: