Thursday, August 14, 2008

ဇာဂနာကို တတိယအကြိမ် ရုံးထုတ်စစ်ဆေးရှေ့နေပြန်လည်ချေပခွင့်ရ

ပီတာအောင်/ ၁၄ သြဂုတ် ၂၀၀၈

လူရွှင်တော် ဇာဂနာခေါ် ကိုသူရ၊ အားကစားဂျာနယ်အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် ကိုသန့်ဇင်အောင်၊ မောင်တင်မောင်အေးတို့ကို အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး၌ ယနေ့ရုံးထုတ် အမှုစစ်ဆေးခဲ့သည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။

ကိုသူရကို နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာသာသနာကို စော်ကားမှု ပုဒ်မ ၂၉၅(က)၊ မတရားအသင်း ဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေ အပါအ၀င် စုစုပေါင်း(၇) မှုဖြင့် စွဲချက်တင်ထားပြီး ကိုဇော်သက်ထွေးကို ၅၀၅ (ခ)၊ ၂၉၅(က) ဖြင့် စွဲချက် တင်ထားသည်ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

၎င်းက “ဒီနေ့ ကိုသူရတယောက်တည်းကို ဆွဲတဲ့ ၅၀၅ (ခ) မှု စစစ်တယ်။ တရားလိုကတော့ ရဲတပ်ဖွဲ့က ရဲမှူးရဲညွှန့်။ ကိုသူရရဲ့ဆောင်ရွက်မှုက သတင်းဌာနတွေနဲ့ဆက်သွယ်တာ စွပ်စွဲ ထားတယ်။ အဓိကက သတင်းစာမှာပါတဲ့ ဧရာဝတီတိုင်းမှာ နောင်နှစ်ဆိုရင် စပါးတွေရွှေရောင်
ဝင်းပြီး ပေါများမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကိုသူရရဲ့ လောလောဆယ် ငါးရဖို့မပြောနဲ့ လူသားတွေပဲ ဖဲ့စားနေရတယ်ဆိုတဲ့ စကားမျိုးတွေဟာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးမှုစီမံကိန်းကို ဖျက်လိုဖျက်ဆီး လုပ်တယ်ဆိုပြီး စွပ်စွဲတယ်” ဟု ပြောသည်။

လူရွှင်တော်တယောက်အနေဖြင့် ပကတိအဖြစ်အပျက်များကို ပြန်လည်ပြောဆိုသည့်အခါ အများ သိအောင် လွယ်လွယ်ကူကူ ပြောဆိုခြင်းဖြစ်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေခြင်းမရှိဟု ကိုသူရ၏ ရှေ့နေက ပြည်လည်ချေပခဲ့ကြောင်း သိရသည်။

ကိုသူရ၏အမှုကို ထပ်မံစစ်ဆေးရန် လာမည် သြဂုတ်လ (၂၁) ရက်ထပ်မံရုံးချိန်းထားကြောင်းနှင့် ကိုသူရ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း ၎င်း၏ရှေ့နေက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် (၃၀) ရက်နှင့် သြဂုတ်လ (၇) ရက်တို့တွင်လည်း ရုံးထုတ်ခဲ့ပြီး ထိုစဉ်က ရှေ့နေ လိုက်ပါခွင့်မရဘဲ ယခုပထမဆုံးအကြိမ် ရှေ့နေလိုက်ပါခွင့်ရခြင်းဖြစ်သည်။

ဇာဂနာနှင့် ဇော်သက်ထွေးတို့သည် နာဂစ်မုန်တိုင်း ဒဏ်ခံရသည့် ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခ သည်များကို အခြားစာပေ အနုပညာရှင်များနှင့် ပူးပေါင်း၍ မုန်တိုင်းပြီးစကတည်းက သွားရောက် အကူအညီပေးနေသူများဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ထိန်းသိမ်းခံခဲ့ရသည်။

Source

No comments: