Sunday, August 31, 2008

ရဲရင့်ထက်မြက်တဲ့ သူမရဲ့ ဆုံးဖြတ်ချက်

စိုးနေလင်း

ကုလသမဂ္ဂရဲ့ အထူးသံတမန်ကြီး မစ္စတာ ဂမ်ဘာရီကတော့ သူ့ရဲ့ တရက်တိုး ၆ ရက်တာခရီးစဉ်ကို သြဂုတ်လ ၂၃ ရက်နေ့က အဆုံးသတ် ပြန်လည် ထွက်ခွာသွားခဲ့ပြန်ပါပြီ။ ဒီတကြိမ်မှာတော့ သံတမန်ကြီးခမျာ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ မင်းနေပြည်တော်ကိုတောင် ဖိတ်ကြားတာ မခံခဲ့ရရှာပါဘူး။ တကယ့် အာဏာရှင် ဗိုလ်ချုပ်ကြီး ဆိုသူရဲ့ အနားကိုတောင် သီခွင့် မရခဲ့တာပါ။ ရုပ်သေးဝန်ကြီးတချို့၊ အကြီးအကဲ တချို့နဲ့ စစ်အစိုးရရဲ့ ကျောရိုးပါတီ တချို့က တာဝန်ရှိ ပုဂ္ဂိုလ်လေးတချို့နဲ့ ခဏ တွေ့ခွင့်ရသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ တကယ့် မြန်မာ့ ဒီမိုကရေစီရေးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့် မရခဲ့ရှာပါဘူး။

ထူးခြားတာကတော့ စစ်အစိုးရက တွေ့ဆုံခွင့်မပေးလို့ တွေ့ဆုံခွင့် မရခဲ့တာမဟုတ်ဘဲ သံတမန်ကြီးက တွေ့ဆုံဖို့ ကြိုးစားခဲ့ပါရဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ့ကိုတွေ့ဆုံဖို့ ငြင်းပယ်လိုက်တာပဲ ဖြစ်ပါတယ်။ သတင်းအရတော့ သံတမန်ကြီးက မပြန်ခင်မှာ တွေ့ဆုံခွင့်ရဖို့ ထပ်ပြီး ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ စိတ်မကောင်း ဖြစ်စရာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အဲဒီလို လုပ်လိုက်ရတာကို စိတ်ကောင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို လုပ်သင့်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန် သင့်မြတ်လှပါတယ်။ သံတမန် တချို့ကတော့ အာရှ မဆန်ဘူး၊ သံခင်းတမန်ခင်းအရ မဖြစ်သင့်ဘူး ဘာညာ ဝေဖန်ပြောဆိုကြပေမယ့် မှန်ကန် ရဲရင့်ထက်မြက်တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ဒီမိုကရေစီ ချစ်မြတ်နိုးကြသူ မြန်မာနိုင်ငံသား ပြည်သူအများစုကလည်း နှစ်ထောင်းအားရ ထောက်ခံကြမယ် ဆိုတာလည်း အသေအချာပါပဲ။ အခုတခေါက်ဟာ သံတမန်ကြီးရဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စတုတ္ထမြောက်ခရီးစဉ် ဖြစ်ပါတယ်။

အရင်ခရီးစဉ်တချို့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။ စစ်အစိုးရက နိုင်ငံတကာကို လှည့်စားဖို့သက်သက် ခန့်ထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်အောင်ကြည်နဲ့လည်း တွေ့ဆုံခွင့်ရခဲ့တာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လောက်လောက်လားလားရှိတဲ့ ရလဒ် ဘာတခုမှ ထွက်ပေါ်မလာခဲ့ပါဘူး။ အနိမ့်ဆုံး လွှတ်သင့်လွှတ်ထိုက်နေပြီ ဖြစ်တဲ့၊ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်တဲ့၊ ကျန်းမာရေး မကောင်းတဲ့ နိုင်ငံရေး အကျဉ်းသားကြီးတွေကိုတောင် လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်စွမ်း မရှိပါဘူး။ ရှင်းလင်းပေါ်လွင်နေတဲ့ အချက်ကတော့ စစ်အစိုးရဟာ ကုလ သံတမန်ကြီးကို စတင်တွေ့ဆုံခဲ့ကတည်းက ရည်ရွယ်ချက် မမှန်ကန်ဘူး ဆိုတာပါပဲ။

ကမ္ဘာကို သံတမန်ရေး ကစားကွက်နဲ့ လှည့်စားဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။ သံတမန်ကြီးခမျာလည်း မြန်မာအာဏာရှင် ဗိုလ်ချုပ်တွေ ကြိုးဆွဲတဲ့အတိုင်း လိုက်ကရ၊ ခေါင်းညိမ့်ရ၊ အလိုက်သင့် ပြောဆိုဆက်ဆံရနဲ့ ဘာမှထူးခြားတဲ့ ရလဒ် ထွက်ပေါ်မလာခဲ့တော့ နိုင်ငံတကာ အလယ်မှာ မျက်နှာပျက်၊ သိက္ခာကျရတာပဲ အဖတ်တင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအရာရှိ David Scott Mathieson ကတော့ "မြန်မာစစ်အစိုးရဟာ မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို သူတို့ အကျိုးစီးပွားအတွက် သူတို့လုပ်နေတာတွေကို ပြဖို့သက်သက် အသုံးချလိုက်တာပါပဲ။"

"မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခွင့် ရခဲ့တဲ့ သံတမန်တိုင်းဟာ ဒီလိုပါပဲ၊ သူတို့ဟာ စစ်အစိုးရက သူတို့ကို ကြည့်စေချင် တွေ့စေချင်တာတွေကို သွားကြည့်၊ သွားတွေ့ကြမယ်။ အဲဒီတော့ စစ်အစိုးရ လုပ်ကြံဖန်တီး ထားတာတွေကိုပဲ သူတို့ မြင်ရမှာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် အဓိက ဦးဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း အကျယ်ချုပ် ဖမ်းဆီးနေရတဲ့ ကာလက များနေတော့ နိုင်ငံရေးအရ လှုပ်ရှားဦးဆောင်မှုပေးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့်လည်း ကုလ သံတမန်ကြီးကများ ထိထိရောက်ရောက် မြန်မာ့ဒီမိုကရေစီရေးမှာ ကူညီပေးနိုင်မလားဆိုပြီး တွေ့ဆုံခဲ့၊ ဆွေးနွေးပြောဆိုခဲ့တာပါပဲ။ ဒါပေမဲ့ တဖက်က အာဏာရယူထားတဲ့ စစ်အစိုးရကိုယ်နှိုက်ရဲ့ စေတနာနဲ့ ရည်ရွယ်ဦးတည်ချက်က မမှန်ကန်လေတော့ သံတမန်ကြီးအနေနဲ့လည်း ဒီထက် ဘာမှ ပိုပြီး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ကလည်း မြန်မာနိုင်ငံ စစ်အစိုးရကို မလိုက်နာမနေရ (binding) အရေးယူဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ဘဲ ထိထိရောက်ရောက် ဖိအားပေးအရေးယူမှု လက်တွေ့မရှိတဲ့အတွက် စစ်အစိုးရ အတွက်ကတော့ နေသာသပ လေညာက ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ တခါ တရုတ်နဲ့ ရုရှတို့လို ဗီတိုအာဏာ သုံးခွင့်ရ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံကို အကျိုးစီးပွား မက်လုံးပေးပြီး အကာအကွယ် ယူထားနိုင်လေတော့ စစ်အစိုးရ ငရဲခွေးကြီးဟာ လွတ်ချင်တိုင်း လွတ်နေတော့တာပါပဲ။

ဒါပေမဲ့ ဒီတကြိမ်မှာတော့ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ကြိုးဆွဲတိုင်းကနေတဲ့ သံတမန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးနေလို့လည်း မြန်မာ့ ဒီမိုကရေစီရေးအတွက် ဘာမှ အကျိုးမရှိနိုင်ဘူး၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ၊ သံတမန် စေလွှတ်နေတာတွေဟာလည်း ဘာမှ အရာမရောက်တဲ့အတွက် သူမအနေနဲ့ အရေးတယူ လက်ခံဆွေးနွေးနေရင် သူ့ပြည်သူလူထုကို မှားယွင်းတဲ့ အားကိုး ယုံကြည်မှုတွေ ပေးနေရာ ကျတော့မယ်လို့ ယုံကြည်လာတဲ့အတွက် တွေ့ဆုံဖို့ ငြင်းဆိုလိုက်တာ ဖြစ်မှာပါပဲ။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ဟာ စစ်အစိုးရက ခင်းပေးတဲ့အတိုင်း မျှောလိုက်မနေဘူး၊ နိုင်ငံတကာ သံခင်းတမန်ခင်းအရ အခွင့်အရေး ရသမျှ ဆွေးနွေးပြီးရင်း ဆွေးနွေး မျောမနေဘူးဆိုတာ၊ ခိုင်မာပြတ်သားတဲ့ ယုံကြည်မှု ရည်ရွယ်ချက်နဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လုပ်နိုင်တယ်၊ လုပ်ရဲတဲ့သတ္တိ ရှိတယ်ဆိုတာကို အထင်အရှား ပြသလိုက်တာပါပဲ။

ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတ၊ီ အပြည်ြပည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ မီဒီယာရေးရာ ဥက္ကဌ Son Chhay ကတော့ "သူတို့နှစ်ယောက်စလုံး (ကုလ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ မစ္စတာ ဂမ်ဘာရီ) မြန်မာနိုင်ငံသားတွေ ခံစားနေရတဲ့ ဒုက္ခတွေကို စုံစမ်းစစ်ဆေးပြီး အဲဒါတွေအတွက် အဖြေရှာပေးပါမယ်လို့ ကတိပေးထားခဲ့ကြတယ်လေ။ ဒါပေမဲ့ အခုထိ ဒီကတိတွေအတိုင်း လောက်လောက်လားလား လုပ်ပြတာ၊ လက်တွေ့ အကောင်အထည်ဖော်တာ ဘာတခုမှ မတွေ့ရသေးပါဘူး" တဲ့။

"ကျနော်တို့က ပိုပြီးလေးနက်တဲ့ လှုပ်ရှားမှုကို လိုချင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ တခြား တယောက်ယောက်ကို ခန့်အပ်သင့်ပါတယ်" လို့ မကြာသေးခင်က ပြောဆိုဝေဖန်သွားခဲ့ပါတယ်။

စစ်အာဏာရှင် အစိုးရကတော့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံတွေရဲ့ ပြောစကား၊ မေတ္တာရပ်ခံချက်၊ သတိပေးချက်ကိုမှ လက်မခံဘဲ စစ်အာဏာ တည်မြဲရေးအတွက် တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတင်းပြဌာန်း၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုတော့ဘဲ ရွေးကောက်ပွဲသစ် ကျင်းပဖို့ အတင်းစီစဉ်၊ ဒီမိုကရေစီလိုလားသူ ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတွေကို အင်အားသုံး ပိတ်ပင်တားဆီး၊ တက်ကြွှလှုပ်ရှားသူတွေကို ဥပဒေမဲ့ ဖမ်းဆီး ထောင်ချနေတာတွေကို တိုးမြှင့်၊ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေကို ပိုပြီး ချိုးဖောက်လာတာတွေကို တွေ့နေရပါပြီ။

တကယ်တော့ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ စစ်အစိုးရရဲ့ မတရား ဖိစီးနှိပ်ကွပ်မှုတွေ၊ ဥပဒေမဲ့ လုပ်ရပ်တွေကို အများကြီးသည်းခံ အလျှော့ပေး ဆက်ဆံလာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လူထုထောက်ခံမဲ အပြတ်အသတ်နဲ့ အနိုင်ရပြီးတော့လည်း ဒီလိုပါပဲ။ အမြဲလျှော့ပေးပြီး အပျော့ပြောင်းဆုံး ဆက်ဆံခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းပြောဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြင်သာထင်ရှား လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဒီပဲယင်း လူသတ်ပွဲကြီးအပြီး အသက်အန္တရာယ်က သီသီကလေး လွတ်မြောက်လာတဲ့ လူထုခေါင်းဆောင်နဲ့ ဒုဥက္ကဌ ဦးတင်ဦးကို ဆက်ပြီး မတရား ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

ဒါကိုလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုကြီးက သည်းခံအလျှော့ပေးခဲ့တာပါပဲ။ ရက်စက် ကြမ်းတမ်းလွန်းတဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် မနိုင်လို့ သည်းခံရခြင်းတွေကတော့ အများစုပေါ့လေ။

ဒီအချိန်မှာတော့ အနှစ်နှစ် အလလ မျောလာတဲ့ ဖြစ်စဉ်ကြီးကို ပြန်စဉ်းစားသုံးသပ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် မဟာဗျူဟာသစ် နည်းပရိယာယ်သစ်တွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအတိုင်းတော့ ဆက်ပြီး လက်မခံနိုင်တော့ဘူးဆိုပြီး ကုလသမဂ္ဂသံတမန်ကြီးကို တွေ့ဆုံဖို့ကိုတောင် ငြင်းဆန်ပစ်ခဲ့ပါပြီ။ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း လူထုက ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို လူထုကို ယုံယုံကြည်ကြည်နဲ့ ဥပဒေတွင်း တိုက်ပွဲတွေ မြန်မာနိုင်ငံတ၀ှမ်းလုံး အုံးအုံးကျွက်ကျွက် တခဲနက် ဖြစ်ပေါ်လာအောင် ဦးဆောင်လမ်းညွှန်မှု ပေးဖို့ ကြိုးစားသင့်ပါပြီ။ စစ်အစိုးရ ခင်းပေးထားတဲ့ လမ်းအတိုင်းလျှောက်၊ ဥပဒေကြောင်းအရ တောင်းဆိုကန့်ကွက်နေရုံနဲ့တော့ စစ်အာဏာရှင်အစိုးရဟာ ပြည်သူလူထု ပိုင်ဆိုင်ထားတဲ့ အာဏာကို ပြည်သူတွေလက်ထဲ ပြန်ပြီး အသာတကြည် ပေးအပ်လိမ့်မယ် မဟုတ်ပါဘူး။ ဒီအချက်ကတော့ အထူး သက်သေပြနေစရာ လိုအပ်မှာ မဟုတ်ဘူးလို့ ကျနော်က ယုံကြည်ပါတယ်။

ကျနော့်အမြင်အရတော့ စစ်အစိုးရဟာ "ပြုပြင်လို့မရအောင် ကမ်းကုန်နေပါပြီ"

အဲဒီတော့ လူထုအုံကြွမှုနဲ့ ဆက်စပ်ပြီး အာဏာရှင်စနစ်ကို မြေလှန်ဖြိုလှဲပစ်ကြပါစို့။



No comments: