Thursday, August 14, 2008

ပိုင်ရာဆိုင်ရာတို့  ရိုက်စားခွင်

သန်းတိုးရှိန်

ကျနော်ပြည်ပကိုရောက်နေတာ ၆ နှစ်ကျော် ရှိလာပေမယ့် ကိုယ့်ဌာနေမြန်မာနိုင်ငံအကြောင်း အဆက်မပြတ်ရအောင် ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ တို့လို မြန်မာလိုနား ထောင်လို့ရတဲ့ အသံလွှင့် ချက်တွေ မြန်မာဝက်ဆိုကတွေ နေ့တိုင်းနီးပါး ဖတ်ဖြစ်ပါတယ်၊ အမှန်အတိုင်း ပြောရရင် ကျနော်ကလွဲရင် ကျနော့အိမ်က ကျနော့မိသားစုမှာတောင် မြန်မာပြည်အကြောင်း သိချင်စိတ်သိပ်ရှိကြတာ မဟုတ်ပါဘူး၊ ကျနော်တို့ အနီးဝတ်ဝန်းကျင်မှာရှိတဲ့ မြန်မာ အများစုကလည်း ထိုနည်း လည်းကောင်းထဲမှာ အများစုဖြစ်နေကြတာပါ။

ဘီဘီစီ ကမ္ဘာ့ ရုပ်မြင်သံကြားကနေ ရွှေဝါရောင်တော်လှန်ရေးမြင်ရတာ စိတ်တိုဒေါသဖြစ်ကြမယ်၊ မြန်မာပြည်မှာ နာဂစ်မုန်တိုင်း ဖြစ်နေတာ ၀မ်းနည်းဒေါသဖြစ်ကြမယ် ငွေအလှူ လာကောက်ရင် ငွေထည့်မယ်ဆိုတဲ့ မြန်မာ စိတ်လောက်ပဲရှိကြတာများပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေ နဲ့ ကိုယ်လက်ရှိရောက်နေတဲ့ တိုင်းပြည်မှာ ဘယ်လို ကွာခြား တယ်၊ အဲဒီလိုကွားချက်တွေထဲက အဆိုးတွေ ဘယ်လိုရှာင်ပြီး ကောင်းတဲ့ နမူနာတွေ ဘယ်လိုကျိုးရှိအောင်ဖြန့် ဝေ အသိပေး အသုံးချမယ်ဆိုတာက နဲမယ်ထင်ပါရဲ့ ။

ကျနော်အခုလို ပြောနေတာက ကျနော်လက်ရှိရောက်နေတဲ့ နော်ဝနိုင်ငံ အစိုးရ လုပ်ဆောင်ချက်နဲ့ မြန်မာပြည်က စစ်အစိုးရ လုပ်နေတာ တွေ ထဲက ကွာဟချက်တခုကိုနှိုင်းယှဉ် ပြောချင်လို့ပါ။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေးကြပ်တည်းမှုကြောင့် စားဝတ်နေရေး ပြေလည်စေဖို့ ချဲထီ၊ နှစ်လုံးထီ၊ ဘောလုံးအပါအ၀င် လောင်းကစားလုပ်ငန်း တွေကို ၀င်ငွေရှာသည့် လုပ်ငန်းများအဖြစ် လူအများ လုပ်ကိုင်နေ ကြတာ ရိုးနေတဲ့ မြင်ကွင်းပါ။ပြီးတော့ ရန်ကုန် မြို့မှာပဲ ကလေးကစားကွင်းတွေနဲ့် တွဲဖက်ပြီး ဖွင့်လှစ်ထားတဲ့ ဖျော်ဖြေ ရေးအပန်းဖြေ စင်တာ တွေမှာ ငွေကြေးအခြေခံ လောင်းကစားမှုများ အကြီးအကျယ် ပြုလုပ်နေကြကြောင်း ကျနော် ဧရာဝတီဆိုတဲ့ အင်တာနက် သတင်းစာမျက်နှာ ဖတ်လိုက်ရပါ တယ်။ကျနော်ရန်ကုန်မှာ ရှိနေတုန်းကတော့ ဒါတွေက အပန်းဖြေ ဖို့ သီးသန့် ထူးရှယ် နေရာတွေပါ။

ငွေကြေးမပါဝင်ဘဲ အပျော်တမ်း ဖျော်ဖြေရေးအတွက်သာ ခွင့်ပြုခြင်းဖြစ်တယ်ဆိုတော့ ဖဲရိုက်ခြင်း၊ အကြွေစေ့လှည့်ခြင်း အပါအ၀င် ကွန်ပျူတာ နည်းပညာဖြင့် ပြုလုပ်ထားတဲ့ လောင်းကစားစက်များရှိရာ ဖန်တက်စီဝေါနှင့် အာလာဒင် အပန်းဖြေ စင်တာများတွင် တနေ့တခြား လောင်းက စားသူများ တိုးတက်များပြားလာပြီး နေ့စဉ် လောင်းကစားသူ နှစ်ထောင်နှင့် ငါးထောင်အကြားရှိကြောင်း၊ တနေ့တနေ့ ဘာအလုပ်မှ မယ်မယ်ရရ မရှိတော့ ဖန်တက်စီဝေါကိုသွား အကြွေစေ့ဝယ် လောင်းကစားကြတယ်။ ဖဲရိုက်တာ တွေ၊ အကြွေစေ့လှည့်တာတွေနဲ့ တခြားလောင်းကစား နည်းတွေ ကို ဆယ်ကျော် သက်တွေနဲ့ လူကြီးပိုင်းတွေ၊ ပွဲစားတွေ တော်တော်များများ လာကစားကြတယ်ဆိုပြီး သတင်းမှာ ဖော်ပြပါတယ်။

ကျနော်နေတဲ့ နော်ဝေမှာလဲ ကျနော်တို့ ရောက်ခါစ ၂၀၀၄ ခုနှစ် ဒီဇင်ဘာမှာတုံးက ကုန်တိုက်ပြီးတွေမှာ ထားရှိပါတယ်၊ အပန်းဖြေ သဘောမျိုး ကစားလို့ ရအောင် လုပ်ပေးထားတာပါ၊ ကစားနည်းကတော့ မြန်မာနိုင်ငံလိုမှာ ပါပဲ၊ အကြွေစေ့ကို ကုန်တိုက်က ကောင်တာမှာ သွားလဲပြီး စက်ထဲမှာထဲ့ပြီး ကိုယ်ထိုးချင်သလောက် စက်မှာထဲ့ ၊ပြီးတော့ (ပန်းသီး၊ ဖရဲသီး၊ စပျစ်သီး အစရှိသည့် အသီးအနှံများကိုရွေးချယ်ပြီး စက်ကို နှိပ်လိုက်ရင် ကိုယ်ရွေးချယ်တဲ့ အစီးအနှံကျရင် စက်က အလျှော်ပြန်ပေးတယ်၊ကိုယ်ထိုးတဲ့အသီး မကျခဲ့ရင် စက်ကစား တယ်။ အကြွေစေ့ထိုး၊ လှည့်ပြီး အလျော် အစားပြုလုပ်ပေးတဲ့ လောင်းကစားနည်းတမျိုးပေါ့။ထူးခြားတာက စက်ကနေ လောင်းကစားလို့ မြတ်တဲ့ငွေတွေကို နော်ဝနိုင်ငံ ကြက်ခြေနီ အသင်းက ယူပြီး ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေ အာရှက ဆင်းရဲတဲ့ နိုင်ငံတွေကို လှူပါတယ်လို့ စက်ရဲ့ နောက်ကျော်မှာ တရားဝင် ရေးထားပါတယ်။ လူတိုင်း ယောင်္ကျားတွေ ရော၊ မိန်းမတွေ ရော လူငယ်တွေပါ လာကစားတာ မြင်ရပါတယ်၊ ပင်စင်စား အသက်ကြီးတဲ့ အဖိုး ကြီး၊အဖွားကြီးတွေကတော့ အများဆုံးကစားတာ မြင်ရပါတယ်၊ စိတ်အပန်းဖြေ ထွက် ပေါက် ရှာတဲ့ သဘောပေါ့လေ၊ စက်ထိုးတဲ့ လူကနိုင်ရင် ကုန်တိုက် ကောင်တာက၀န်ထမ်းတွေဆီမှာ ငွေနဲ့ ပြန်လဲယူလို့ ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဖန်တက်စီဝေါနဲ့  အာလာဒင် အပန်းဖြေစင်တို့မှာ အကြွေစေ့များ တရားမ၀င် ရောင်းဝယ်ကြခြင်းနှင့် လောင်း ကစားပြုလုပ် ခြင်းများ လုံးဝခွင့်မပြုဆိုတဲ့ သတိပေး စာတန်းများ ကပ်ထားပေမယ့် စင်တာဝန်ထမ်းများ ကိုယ်တိုင် လောင်းကစားရာမှာ အသုံးပြုရတဲ့ အကြွေစေ့များ ပြန်လည်ဝယ်ယူမှုများ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ခက်တာက ဒီအပန်းဖြေစင်တာတွေက လောင်းကစားဖို့ အကြွေစေ့ ရောင်းပေးတယ်။ လောင်းကစားလို့ရလာတဲ့ အကြွေစေ့တွေကို စင်တာကပဲ တခြားအကြွေစေ့ ပွဲစားတွေဆီက တဆင့်ပြန်ဝယ် တယ်။ ဒါပေမယ့် လောင်းကစားရာကနိုင်တဲ့ အကြွေစေ့တွေ ငွေပြန်မလဲပေးဘဲ လက်ဆောင်ပစ္စည်းသာ ထုတ်ယူရန်ဆိုတဲ့ စာတန်းတွေကတော့ စင်တာတွေ အားလုံးမှာ ကပ်ထား တယ်တဲ့ဗျာ။ ရိုက်ချက်ကတော့ ဒီစင်တာများက လောင်းကစားရန် အကြွေစေ့များကို တစေ့လျှင် ငွေတရာကျပ်နှုန်းဖြင့် ရောင်းချပြီး လောင်းကစားပြီး ရရှိတဲ့ အကြွေစေ့များကို ပွဲစားများမှတဆင့် တစေ့ ငွေကိုးဆယ်ကျပ်နှုန်းဖြင့် မူလ ရောင်းဈေးထက် ငွေ ၁၀ ဈေးနှိမ်ပြီး ပြန်လည်ဝယ်ယူကြသတဲ့ဗျာ။ ကောင်းကြရောပေါ့။

လာကစားကြတဲ့သူတွေလဲကြည့်ကြပါဦး၊ လာရောက်လောင်းကစားကြသူများတွင် ဆယ်ကျော်သက်အရွယ် လူငယ်များမှ သက်ကြီးပိုင်း ၅၀ ကျော် အရွယ်လူကြီးများလည်းပါဝင်ပြီး အမျိုးသမီးအများအပြားလဲ ပါသတဲ့၊ ထမင်းချိုင့်နဲ့လာပြီး မနက် ၁၀ နာရီလောက်ကနေ ည ၁၀ နာရီ ထိုးမှပြန်ကြတယ်။ စီးပွားရေး လုပ်တဲ့ပုံစံနဲ့ကို လာကစားကြတာတဲ့။ တနေ့ကို အနည်းဆုံး လောင်းကစားတဲ့သူ ငါးရာလောက်ရှိတယ်။ စနေ၊ တနင်္ဂနွေနေ့တွေ ဆိုရင်တော့ ကစားသူ ထောင်ကျော်တယ်ဆိုပဲ၊ လာကစားတဲ့ သူတွေဘက် အပြောအရတော့ မနက် ၁၁ နာရီလောက်ကနေ ညနေ ၄ နာရီလောက်အထိ လာကစားတယ်။ တနေ့ကို အရင်းက တသောင်းရှိတယ်။ အမြတ်ကတော့ ၃၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ရတယ်။ အိမ်စရိတ် ကာမိသတဲ့။ အမြတ်ကျန်ဖို့ ဒီကစားနည်းတွေကို အမြဲတမ်းလေ့လာကစားရင် ဘယ်လိုကစားရမယ်ဆိုတာ သိလာတယ်။ အဓိက လောဘမကြီးဖို့နဲ့ စိတ်ရှည်ဖို့ပဲလို သတဲ့။နိုင်တဲ့သူ တွေရှိသလို၊ ရှုံးတဲ့သူတွေလည်း အများကြီးပဲတဲ့။ နောက်ဆုံး တကယ်နိုင်တာက ဒိုင် (အပန်း ဖြေစင်တာ) ပေါ့။ ဒါပေ မယ့် အသုံးစရိတ်လေး ရနိုးနိုးနဲ့ နေ့စဉ်သွားကစားဖြစ်တာတဲ့ဗျာ။

ရန်ကုန်မြို့မှာတော့ တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားတဲ့ လောင်းကစား အပန်းဖြေစင်တာ သုံးခုရှိပြီး သိမ်ကြီးဈေးတွင် ဖန်တက်စီဝေါစင်တာတ ခု၊ မဟာဗန္ဓုလပန်းခြံဘေးမှာ ဖန်တက်စီဝေါစင်တာတခုနှင့်ဗိုလ်အောင်ကျော်လမ်းတွင် အာလာဒင် အပန်းဖြေစင်တာတခု ရှိကြောင်း၊ တရားဝင် မဟုတ်သည့် လောင်းကစားစင်တာ အများအပြားလည်း ရန်ကုန်မြို့တွင်ရှိနေပြီး ၎င်းစင်တာများမှာ ရဲများကို ငွေပေး၍ ဖွင့်လှစ်ကြခြင်းဖြစ် ကြောင်း၊ အပန်းဖြေစင်တာများမှာ မနက် ၉ နာရီမှ ည ၁၁ နာရီ အထိ ဖွင့်လှစ်ကြပြီး အမြတ်ငွေမှာလည်း နေ့စဉ် ကျပ် သိန်း ၃၀ နှင့် ၅၀ အကြား တွင်ရှိကြောင်း အခု မဟာဗန္ဓုလပန်းခြံဘေးက ဖန်တက်စီဝေါကို အခန်းတွေ ထပ်ချဲ့ပြီး စက်တွေထပ်ပြီးတပ်ဖို့ လုပ်နေတယ်။ သိမ်ကြီးဈေးက ဖန်တက်စီဝေါကိုလည်း မကြာခင် ထပ်တိုးချဲ့ သွားမယ်လို့တောင် ပြင်နေတယ်ဆိုပဲ။

နော်ဝေနိုင်ငံမှာတော့ မြန်မာနိုင်ငံက ရောက်လာတဲ့ မြန်မာတွေရော၊ ပြည်ပနိုင်ငံတွေက ရောက် လာကြတဲ့ အခြားနိုင်ငံသားတွေပါ လောဘဇော တက်ပြီး ထိုးကြ၊လောင်းကြတာ ကွဲသူကွဲ ၊ မွဲသူ မွဲကုန်ကြတယ်၊ နော်ဝေ ကျောင်းသားလူငယ်တွေ စက်တွေကို လောင်းကစားလုပ်လာကြတော့ အမြင်မတော်သူတွေ ၊ကျောင်းသားမိဘတွေက ဒီအချက်တွေကို ထောက်ပြပြီး သတင်းစာတွေ က အော်တယ်၊ ရေးကြတယ်၊ ကွန်မြူးနာ လို့ခေါ်တဲ့ မြို့ နယ်အုပ်ချုပ်ရေးရုံးကို တင်ကြ၊ အစိုးရ အဖွဲ့ တွေဆီ တိုက်ရိုက် တိုင်တန်းကြတော့ အစိုးရလဲ မနေနိုင်၊ အရေးပေါ် အစည်း အဝေး တွေ လုပ်ပြီး နိုင်ငံတော်ကနေ တရားဝင် လောင်းကစား စက်တွေ ပိတ်တဲ့ အကြောင်း ပြေငြာပြီး ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလကုန်မှာပိတ်ပြီး စက်တွေကို နော်ဝေ ကြက်ခြေနီအဖွဲ့ က လိုက်သိမ်း သွား ကြတယ်။ အခုဆို အဲဒီလောင်းကစားစက်တွေ ကုန်တိုက်တွေမှာမမြင်ရတော့ပါဘူး။

ရန်ကုန်မြို့မှာတော့ အပန်းဖြေစင်တာတွေမှာ ကွန်ပျူတာ နည်းပညာဖြင့်ပြုလုပ်ထားတဲ့ လောင်း ကစားနည်း အများအပြားရှိရာ Fire Train (ပန်းသီး၊ ဖရဲသီး၊ စပျစ်သီး အစရှိတဲ့ အသီးအနှံများ ကို အကြွေစေ့ထိုး၊ လှည့်ပြီး အလျော် အစားပြုလုပ်ပေး သည့် လောင်းကစားနည်း)၊ Caribbean Boule (ဖဲချပ်များကို အကြွေစေ့ထိုးရွေးချယ် အလောင်းအစားပြုလုပ် လောင်း ကစားနည်း)၊ Doubble Cherries (အကြွေစေ့လှည့် လောင်းကစားနည်း)၊ Bingo party (နံပါတ်ရေးထိုး ထား သည့် ဘောလုံး များကို ရွေးချယ်လောင်းကစားရသည့် လောင်းကစားနည်း)၊ Black Jack (ဖဲချပ်ဖြင့် အလျော်အစားပြုလုပ်လောင်းကစား နည်း)၊ Uruma (အကြွေစေ့လှည့် လောင်းကစားနည်း) နှင့် Magic Circus (မြန်မာသုံး ကောင် ဂျင်ကစားနည်းကဲ့သို့သော လောင်းကစားနည်း) တို့မှာ ရန်ကုန်မြို့ခံများ အများဆုံးကစားကြသည့် လောင်းကစားနည်းများနဲ့ ဆက်လက်ချီတက်နေကြောင်း စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး ဝေစား မျှစား ရိုက်စားခွင်တွေ ဖောက်သယ်ချ လိုက်ပါတယ်။

ကိုင်း ဒီမိုကရေစီအစိုးရနဲ့  အာဏာရှင်အစိုးရတို့ ဘယ်လောက် နိုင်ငံအုပ်ချုပ်တဲ့ အစိုးရခြင်း ကွာသလဲ၊ စဉ်းစားသာကြည့်ကြပါတော့ဗျာ၊

No comments: