Friday, August 15, 2008

နေပြည်တော်မှာ ၀န်ထမ်းအိမ်ရာများ စတင်ပျက်စီး အိမ်ထောင်သည် နေပြည်တော်ဝန်ထမ်းများကြား လူမှုရေးဖောက်ပြန်

NEJ/ ၁၅ သြဂုတ် ၂၀၀၈

နေပြည်တော်ဝန်ကြီးဌာန အတော်များများကို စာရင်းစစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့် ပေးထားသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ မပြီးပြတ်သည့်အပြင် ပြီးစီးသည့် ၀န်ထမ်း အိမ်ရာများမှာလည်း ပျက်စီးမှုများစွာ ကြုံနေရသည်ဟု နေပြည်တော် အင်ဂျင်နီယာများက ပြောသည်။

ဆောက်လက်စ နေပြည်တော် ၀န်ထမ်းအိမ်ရာများအနက် (၄) ထပ် အလုံး (၁၀၀) ကျော်ပါသည့် အကွက် (၅) ခုကို သြဂုတ်လအပြီး အပ်ရန် အမိန့်ပေးထားသော်လည်း အပြီးမသတ်နိုင် ဖြစ်နေ သည်ဟု စုံစမ်းသိရသည်။ ထိုအတောအတွင်း ၀န်ထမ်းများနေထိုင်သည့် အိမ်ရာတိုက်များမှာ ရေပိုက်ပျက်ခြင်း၊ ရေတင်မော်တာများလောင်ခြင်း၊ ရေတိုင်ကီများ ကွဲခြင်း စသည့် ပြဿနာများ ကြုံနေရသည်ဟု ၀န်ထမ်းတဦးက ပြောသည်။

သို့သော် နေပြည်တော်ပတ်လည်တွင် မိုင် (၂၀၀) ၀န်းကျင်ရှိ (၆) လမ်းသွား၊ (၈) လမ်းသွား ကွန်ကရစ်လမ်းမကြီး များကို စစ်အစိုးရက အသားပေး ဖောက်လုပ်ထားသည့်အတွက် ထိုလမ်း မကြီးများတွင်သုံးသည့် ကွန်ကရစ်ကို ကတ္တရာလမ်းအတွက်သုံးလျှင် မိုင် (၄) သောင်းကျော် သုံးနိုင်သည်ဟု အင်ဂျင်နီ ယာတဦးက ထောက်ပြသည်။

ဆောက်လက်စ ပြည်သူ့လွှတ်တော် အဆောက်အအုံ အ၀င်လမ်းမကြီးများအနက် (၃) လမ်းသာ ကွန်ကရစ်လောင်းနိုင်ပြီး ကျန် (၂) လမ်းမှာ မြေဖို့သည့် အဆင့်သာ ရှိသေးသည်ဟု မျက်မြင် သက်သေများက ပြောသည်။

နေပြည်တော်အ၀င်မှာရှိသည့် တည်းခိုခန်းများသည်လည်း တည်းခိုခ တည စောင်မပါ ကျပ် (၁,၂၀၀)၊ စောင်ပါလျှင် (၁,၅၀၀) ယူနေသော်လည်း မီးမလာသည့်အတွက် ဖယောင်းတိုင်နှင့် တည်းခိုရသည်ဟု ခရီးသွားများက ပြောသည်။

ရန်ကုန်မှ ၀န်ထမ်းများကို နေပြည်တော် အဓမ္မပြောင်းခိုင်းထားသည့်အတွက် လောလောဆယ် ကြုံနေရသည့်ပြဿနာမှာ အိမ်ထောင်သည် ၀န်ထမ်းများကြား လူမှုရေး ဖောက်ပြန်မှုမျိုးစုံ ကြုံနေ ရခြင်းဖြစ်သည်ဟု အရာရှိတဦးက ပြောသည်။

ထိုသို့ လူမှုရေးဖောက်ပြန်မှု များပြားနေသည့်အတွက် ရန်ကုန်က မိသားစုမခေါ်လျှင် အိမ်ထောင် သည်လိုင်း မနေရ၊ အိမ်ထောင်သည်လိုင်း၌ အပျို၊ လူပျို၊ မနေရ စသည့်အမိန့်များ မကြာခင်က ထုတ်ထားရသည်ဟု စုံစမ်းသိရသည်။

Source

No comments: