Thursday, August 21, 2008

ရေလှောင်တမန်များ ဖောက်ချသောကြောင့် ယခုနှစ် ပဲခူးရေဘေးဒုက္ခ ပိုကြီးရ

ကြည်ဝေ/ပဲခူး

ပဲခူးမြစ်ပေါ်၌ ဆောက်လုပ်ထားသော ဇောင်းတူနှင့် မာဇင်းရေလှောင်တမန်များ ဖောက်ထုတ်လိုက်သောကြောင့် ယခု နှစ်တွင် ပဲခူးမြို့နယ်အတွင်း၌ ရေဘေးပိုမို ဆိုးရွားသွားရခြင်း ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

“မြစ်ရေက နှစ်တိုင်းကြီးတယ်ဆိုပေမယ့် ဒီနှစ်လောက်တော့ တခါမှ မဆိုးပါဘူး။ ဒီနှစ်ကတော့ မြစ်ရေကြီးတဲ့ အပြင် ရေလှောင်တမံကျိုးမှာစိုးလို့ ဆိုပြီး ရေ ၆ ပေါက်လုံး ဖောက်ချလိုက်တော့ တော်တော်ဆိုးသွားတာပေါ့” ဟု ပဲခူးမြို့ပေါ်တွင် နှစ်ပေါင်း ၄၀ ကြာနေထိုင်ခဲ့သော ၎င်းမြို့ခံက ဆိုသည်။

သြဂုတ်လ ၁၁ ရက်နေ့က ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်ကာ ပဲခူးမြို့ အနိမ့်ပိုင်းရှိ လူနေအိမ်များ အတွင်း စတင်ဝင်ရောက်ခဲ့ပြီး ၁၂ ရက်နေ့တွင် ဇောင်းတူဆည် ရေကို ဖောက်ချခဲ့ကြောင်း သိရသည်။

ဇောင်းတူရေလှောင်တမံ ဖောက်ထုတ်မည်ကို အာဏာပိုင်များက ၂ နာရီခန့်သာ ကြိုတင် သတိပေး သောကြောင့် ၎င်းဆည်ပတ်ဝန်းကျင်ဒေသနေအိမ်များရှိ ပစ္စည်းများ ဆုံးရှုံးသွားရသည်ဟု ဇောင်းတူ ရွာသား တဦးက ပြောသည်။

“ည ၆နာရီ ဆည်ရေဖောက်တော့မယ်ဆိုတာကို ညနေ ၄ နာရီလောက်မှ လိုက်ပြောတယ်။ ဘာမှပြင်ဆင်ချိန် မရဘူး။ ကျနော်တို့ လူချည်းပဲ ပြောင်းချိန်ရတော့တယ်။ ပစ္စည်းတွေ ရေစီးနဲ့မျောကုန်တယ်။ အိမ်တွေလည်း တော်တော်ပျက်စီး ကုန်ကြတယ်” ဟု ၎င်းက ပြောသည်။

ထိုရေလှောင်တမံ ဖောက်ထုတ်လိုက်သောကြောင့် ဇောင်းတူရွာ၊ ဇီးတော၊ တိုက်ကြီး၊ ၀ါးပျံကုန်း၊ ဘောနပ်ကြီး ရွာ၊ သံစို့ ပင်ရွာ၊ ထန်းတောကြီးရွာ၊ တရုတ်လယ်ကျင်းရွာ စသည့် လူနေအိမ်ခြေ ၁ ထောင် ၀န်းကျင်ခန့်ရှိ ရွာကြီးများမှာ ရေအောက်သို့ စုန်းစုန်းမြုပ်ခဲ့ရသည်ဟု သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းတွင်လည်း ပဲခူးမြို့ထိပ်ပိုင်းတွင်ရှိသော မာဇင်းဆည်ကို ဆည်ကျိုးမည် စိုးသောကြောင့် ဟုဆိုကာ ရေဖောက်ထုတ်လိုက်သဖြင့် အနီးတ၀ိုက်တွင်ရှိသော ကျေးရွာပေါင်း ၁၂ ရွာမှာ ရေလွတ်ရာ နေရာများသို့ ညတွင်း ချင်းပြောင်းရွှေ့နေထိုင်ရကြောင်း မာဇင်းရွာ သားတဦးထံမှ သိရသည်။

မာဇင်းဆည်ရေဖောက်ထုတ်မှုကြောင့် မြစ်ရေ ထပ်တက်လာခဲ့ပြီး ပြန်မဆင်းတော့ဘဲ ၀ပ်နေသည်မှာ ၃ ရက်ခန့်ကြာကြောင်း ပဲခူးမြို့ခံများ၏ ပြောပြချက်အရ သိရသည်။

၁၆ ရက်နေ့မှ စ၍ အနည်းငယ် ပြန်ဆင်းနေသော ရေသည် မိုးဆက်လက်ရွာသွန်းနေမှု ကြောင့် ၁၈ ရက်နေ့ ညပိုင်း တွင် အနည်းငယ် ပြန်တက်လာခဲ့သည်။

ပဲခူးမြို့အနိမ့်ပိုင်းရှိ လူနေအိမ်များ၊ လမ်းများအတွင်းသို့ ပဲခူးမြစ်ရေ ၀င်ရောက်နေသည်မှာ ၁ ပတ် ကျော် ခဲ့ပြီဖြစ်ရာ တချို့ နေရာများတွင် ရေပြန်ကျသွားသောကြောင့် ခြေမျက်စေ့ အထက်ပိုင်းထိသာ ရေ ရှိတော့သော်လည်း တချို့နေရာများတွင် ဒူးဆစ်အထက်ပိုင်းထိ ကျန်ရှိနေသေးသည်။

ပဲခူးမြို့၏ နေရာတချို့တွင် လှေဖြင့်သာ သွားလာနေရပြီး ဆိုင်ကယ် ကယ်ရီများ၊ ဆိုက်ကားများမှာ စီးလျက် ရှိသော ရေအားထဲတွင် တိုးမပေါက်သည့်အတွက် လှေအငှားလိုက်သူများ အခြေအနေအရ အလုပ်ဖြစ်လျှက်ရှိ သည်။ ပဲခူးမြို့ရှိ တခြားသော စီးပွားရေးလုပ်ငန်းတချို့ကိုမူ မြစ်ရေစကြီးသည့် နေ့ကတည်းက ပိတ်ထားရသည် မှာ ယနေ့ထိပင်ဖြစ်ကြောင်း သိရှိရသည်။

ဇောင်းတူရေလှောင်တမံ ရေဖောက်ချသော ညမှာပင် ပဲခူးမြို့ တဘက်ကမ်း တွင်ရှိသော ကျောက်ကြီးစု ရပ်ကွက်တခုလုံး ရေမြုပ်သွားခဲ့ရပြီး ပဲခူးမြို့အနိမ့်ပိုင်းတွင်ရှိသော ရွှေနံ့သာ၊ ခေါင်းဆေးကျွန်း၊ ဇိုင်းကနိုင်း တောင်ပိုင်းရှိ မိသားစုများမှာ အမြင့်ပိုင်းတွင်ရှိသော ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ ပြောင်းရွှေ့ နေထိုင်ကြရကြောင်း ရွှေနံ့သာရပ်ကွက် တွင် နေထိုင်သူတဦးက ပြောပြသည်။

ထိုနေ့ညက ပဲခူးမြို့နယ်ထဲတွင် ရှိသော တခြားရွာငယ်ပေါင်း ၂၀ ခန့်ကိုလည်း ရေ၀င်သဖြင့် ရေဘေး ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့လာကြသူများရှိသကဲ့သို့ နီးစပ်ရာ ဆွေမျိုးသားချင်းများထံ သွားရောက် ခိုလှုံနေကြရသူများလည်း ရှိကြောင်း သိရှိရသည်။

“ပဲခူးမြို့ပေါ်မှာတောင် ဒီလောက်ဖြစ်တာ ကျုပ်တို့ ရွာတွေမှာဆိုရင် ပိုဆိုးတာပေါ့။ အားလုံး ရေပြင်ကြီးပဲ။ ရေပြန်ကျတယ် ဆိုလို့ ရွာပြန်ကြည့်တာ ကျုပ်တို့ အိမ်တောင် ရှာမတွေ့တော့ဘူး” ဟု ထန်းတောကြီး ရွာသားတဦးက ဆိုသည်။

ပဲခူးမြို့ပေါ်တွင် သြဂုတ်လ ၁၃ ရက်နေ့မှ စပြီး ရေဘေးဒဏ်ကြောင့် ပြောင်းရွှေ့ရသူများ အတွက် ကယ်ဆယ်ရေး စခန်း ပေါင်း ၂၀ ကျော်ဖွင့်ထားခဲ့ကာ စုစုပေါင်း ရေဘေးဒုက္ခသည်ပေါင်း ၁ သောင်းကျော် ခိုလှုံခဲ့ကြောင်း သိရ သည်။ သြဂုတ် ၁၇ ရက်နေ့တွင် သက်ဆိုင်ရာမှ ကယ်ဆယ်ရေးစခန်းတချို့ပြန်သိမ်းသွားပြီး ရေတ၀က်တပျက် မြုပ်လျက်ရှိသော နေအိမ်များသို့ ပြန်နေစေခဲ့ကြောင်း ကယ်ဆယ်ရေးစခန်းတွင်း ခိုလှုံနေသူများ၏ ပြောပြချက် များအရ သိရသည်။

“အိမ်တလုံးလုံး မြုပ်နေတဲ့သူတွေပဲ စခန်းမှာ ထားတော့မယ်ဆိုပြီး ကျန်တဲ့သူတွေကို အကုန်ပြန်ခိုင်းတယ်” ဟု ရွှေနံ့သာ ဘုန်းကြီးကျောင်းဝန်း ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ တဦးက ပြောဆိုသည်။

ကယ်ဆယ်ရေးစခန်းများသို့ ပဲခူးမြို့နှင့်အနီးတ၀ိုက်ရှိ လှည်းကူး အစရှိသော ဒေသများမှ စေတနာရှင်များက ထမင်းထုပ် များပေးပို့ ခဲ့ကြသော်လည်း အစိုးရဘက်မှ ထောက်ပံ့ကူညီပေးခြင်း မရှိကြောင်းသိရသည်။

ပဲခူးမြစ်တဘက်ခြမ်းတွင်တည်ရှိသော ကျောက်ကြီးစုရပ်ကွက်မှာ ၁၉၉၅ ခုနှစ်ကစ၍ နှစ်စဉ် ပဲခူးမြစ်ရေကြီးတိုင်း ပြောင်းရွှေ့ ရသော ရပ်ကွက် ဖြစ်ပြီး အဆိုပါရပ်ကွက် အတွင်းနေထိုင်သူများမှာ လက်လုပ်လက်စားသမား အများစု ဖြစ်ကြောင်း သိရသည်။

“ခုဆို အလုပ်မလုပ်ရတာ ၇ ရက်ရှိပြီ။ သူများဝေတဲ့ ထမင်းထုပ်ပဲ စားနေရတယ်။ ထမင်းထုပ်ကလည်း မိသားစု ၄ ယောက်မှ ၁ ထုပ်နှုန်းပဲရတယ်” ဟု ကျောက်ကြီးစု ရပ်ကွက်တွင် နေထိုင်သူ တဦးကပြောဆိုသည်။

ရေဖောက်ထုတ်ခဲ့ရသော ဇောင်းတူရေလှောင်တမံနှင့် မာဇင်းဆည်မှာ နအဖ အစိုးရ လက်ထက်တွင် ပဲခူးမြစ်ကို ကန့်လန့် ပိတ်၍ တည်ဆောက်ခဲ့သော ရေလှောင်တမံကြီး ဖြစ်သည်။

အဆိုပါ ဆည်၊ တာတမံများကြောင့် ၁၉၉၄ ခုနှစ်မှ စတင်ပြီး ပဲခူးမြစ်မှာ နှစ်စဉ်ရေကြီး လာရခြင်းဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် တဦးက သုံးသပ်သည်။

“မြစ်ပေါ်မှာ ဆည်တွေဆောက်တာလောက် မြစ်ကို ထိခိုက်စေတာ မရှိဘူး။ စီးနေတဲ့ ရေကို တားလိုက်တဲ့အတွက် ရေစီး လည်း အပြောင်းအလဲဖြစ်သွားသလို မြစ်ကြောင်းတွေလည်း ထောက်ကုန်တယ်။ အဲဒါကြောင့် ပဲခူးမြစ်က မိုးတွင်းဆိုရင် စိုးရိမ်ရေမှတ်ထက် ကျော်ကုန်တာ သူ့မှာ သဘာဝအတိုင်း ရေစီးစရာနေရာမရှိတော့ဘူး” ဟု အဆိုပါ ပညာရှင်က သုံးသပ်သည်။


နအဖ အစိုးရသည် ပဲခူးတိုင်းအတွင်း စီးဆင်းလျက်ရှိသော ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ ဧရာဝတီမြစ်များပေါ်တွင် ဆည်၊ ကန်၊ တာတမံရေနုတ်မြောင်းပေါင်း ၄၄ ခု ထပ်မံတိုးချဲ့ ဆောက်လုပ်ခဲ့ပြီး မြစ်ရေတင်လုပ်ငန်းပေါင်း ၅၅ ခုတိုးချဲ့ခဲ့ကြောင်း တပ်မတော်အစိုးရ လက်ထက် မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

No comments: