Saturday, August 16, 2008

နှစ်ပေါင်းနှစ်ဆယ်

ကျော်ဗလ

ရှစ်လေးလုံးအရေးတော်ပုံသည် ယခု နှစ်ပေါင်းနှစ်ဆယ်တိုင်ခဲ့ပြီ
ယင်းသို့သော အခါသမယတွင် အတွေ့အကြုံကို သင်ခန်းစာထုတ် နိဂုံးချုပ်ရန် လိုပေလိမ့်မည်။ အတိတ်က သင်ခန်းစာထုတ်ခြင်းမှာ သမိုင်းတရားခံရှာပြီး နိုင်ငံရေးစွဲချက်တင်ရန် မဟုတ်ပါ။ နောင်မမှားအောင် ပြုပြင်ဖို့သာဖြစ်ရပါလိမ့်မည်။ ထိုသို့ဖြစ်ရန် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ စသည့်အစွဲအလမ်းများကင်းပ၍ ဓမ္မဓိဋ္ဌာန်ကျစွာ ပကတိဖြစ်ရပ်များနှင့် ကိုက်ညီလက်တွေ့ ကျရန် လိုပါလိမ့်မည်။

ရှစ်လေးလုံး အရေးအခင်းကြီးမှာ ဘာကြောင့် ဒီမိုကရေစီတိုက်ပွဲဟာ အောင်ပွဲမရခဲ့တာလဲ။ နိုင်ငံရေးအင်အားစုနှင့် ပြည်သူလူထုဘက်က ပြောရရင် တစည်းတလုံးတည်း မညီညွတ်နိုင် ခဲ့ကြလို့ ပြောရပါလိမ့်မည်။

ဘယ်သူတွေ မညီညွတ်တာလဲဆိုရင် အဓိကကျတဲ့ခေါင်းဆောင်တွေ မညီညွတ်တာလို့ဆိုရမှာပါ။ ဒါကို “ခေါင်းဆောင်မှုပြဿနာ” လို့ ယေဘုယျပြောဆိုနေကြတာ မပြည့်စုံ မလုံလောက်ပါဘူး။

ဒီခေါင်းဆောင်မှုပြဿနာကို ဗမာပြည်က အရေးအခင်းတွေ နောက်ပိုင်းမှ ဖြစ်ပေါ်ခဲ့တဲ့ ဖိလစ် ပိုင်ပြည်သူ့တော်လှန်ရေး အောင်ပွဲရခဲ့တာနှင့် ယှဉ်ထိုး ပေါင်းချုပ် သင်ခန်းစာထုတ်ရရင် “ဗမာပြည်မှာ ကိုရာဇန်အကွီနိုလို ခေါင်းဆောင်မျိုးရှိခဲ့ပေမယ့် ရာမို့စ်လိုခေါင်းဆောင်မျိုးတော့ မရှိခဲ့ဘူး” လို့ ပြောရပါလိမ့်မယ်။

အကွီနိုလို ရဲရင့်တက်ကြွပြီး ပြည်သူချစ်မြတ်နိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရှိခဲ့ပေမယ့် စစ်တပ်ကို ဖြိုခွဲပြီး အာဏာရှင်တွေဘက်ကို သေနတ်ပြောင်းလှည့်ပေးနိုင်စွမ်းတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ရာမို့စ် လို ပုဂ္ဂိုလ်မျိုး မပေါ်ခဲ့ဘူး။ စစ်တပ် မပြိုကွဲတော့ စစ်အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်သလို၊ ဒီမို ကရေစီလည်း မရနိုင်ခဲ့ကြဘူး။

စစ်တပ်ပြိုကွဲအောင် ဘာကြောင့် မဖြိုခွဲနိုင်တာလဲ

တကယ်က ရှစ်လေးလုံးကာလမှာ ဗိုလ်နေ၀င်း စစ်တပ်လည်း ကွဲအက်ပဲ့ထွက်နေကြပါပြီ။ ဒါကို ခေါင်းဆောင်မှုက အလေးထား ကိုင်တွယ်မှု အားနည်းခဲ့ကြတာပါ။ ဒီလိုဖြစ်ရတာ ခေါင်းဆောင် မှုမှာ တော်လှန်ရေး စကားလုံးသာရှိပြီး တော်လှန်ရေးစိတ်ဓာတ်နှင့် အတွေးအခေါ် မရှိခဲ့ကြလို့ပါ။ စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုး စစ်တပ်ကို ဖြိုခွဲပြီး ပြည်သူ့လက်နက်ကိုင် အင်အားတရပ်ကို ထူထောင်ဖို့ မကြိုးစားခဲ့ကြဘူး။ အဆိုးဆုံးကတော့ ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ် နိုးကြားတက်ကြွမှုအမြင့်မားဆုံးအချိန်မှာ “တပ်မတော်ကို စိတ်နှင့်တောင် မပြစ်မှားနှင့်” လို့ ထကြွေးကြော် ဒေါက်ဖြုတ်ခဲ့တဲ့ နိုင်ငံရေးဖျက်မြင်းတွေက အဓိက ခေါင်းဆောင်မှုထဲမှာ နေရာ ယူထားတာပဲ။

ပြတ်သားမှန်ကန်တဲ့ တိုက်ပွဲသဏ္ဌာန်တရပ် မချမှတ်နိုင်ခဲ့ကြ

ဗမာပြည်သမိုင်းတလျှောက်မှာ ပြည်သူတွေရဲ့ သွေးအသက်ပေါင်းများစွာ စတေးခဲ့ကြပေမယ့် တော်လှန်ရေးတွေ ရှည်ကြာပြီး အောင်ပွဲ မရ နိုင်ခဲ့တာ ခေါင်းဆောင်မှုက ပြတ်သားမှန်ကန်တဲ့ တိုက်ပွဲသဏ္ဌာန်တရပ် မချမှတ်နိုင်ခဲ့လို့ဆိုတဲ့ အကြောင်းအချက်တရပ် ပါဝင်ပါတယ်။ နိုင်ငံရေး တိုက်ပွဲ အားကောင်းနေပြီဆိုရင် စစ်ရေးတိုက်ပွဲနှင့် ပေါင်းစပ်ဖို့ ပျက်ကွက်ခဲ့ကြတယ်။

ငြိမ်းချမ်းရေးတိုက်ပွဲ အရှိန်အဟုန် ကောင်းနေပြီဆိုရင် လက်နက်ကိုင်တိုက်ပွဲနှင့် ပေါင်းစပ်ရေး ဖင့်နှေးအားနည်းနေတတ်တယ်။ ဥပဒေ အတွင်း တိုက်ပွဲကို အလေးထားပြီဆိုရင် ဥပဒေတိုက် ပွဲကို မေ့လျော့ပစ်ပယ်ထားတတ်ကြတာ အစဉ်အလာလိုဖြစ်နေပါပြီ။ တိုက်ပွဲသဏ္ဌာန်မျိုးစုံကို အဓိကတိုက်ပွဲနှင့် အပြန်အလှန် ပေါင်းစပ်ပေးရေးမှာ ဘယ်ခေါင်းဆောင်မှ ဟန်ချက်ညီ လှုပ်ရှား ပေးနိုင်စွမ်းမရှိခဲ့ပါ။

ဒါကြောင့်လည်း ရှစ်လေးလုံးကာလအတွင်းက လွတ်လပ်စွာ ဆန္ဒပြခွင့်၊ စည်းရုံးလှုပ်ရှားခွင့် ရခဲ့ တာကို လုံးဝဒီမိုကရေစီရပြီလို့ ထင်မှတ်မှားခဲ့ကြခြင်းဖြစ်ပါတယ်။ အစိုးရယန္တရား ရပ်ဆိုင်းပြီး ကိုယ့်မြို့တွင်း ရပ်ကွက်တွင်းမှာ အုပ်ချုပ်ခွင့်ရတာကို ပြည်သူတွေ အာဏာရပြီလို့ စိတ်ကူး ယဉ်ခဲ့မိကြတယ်။ တကယ်တမ်း အာဏာစက်ကို ဖန်တီးပေးနိုင်တဲ့ လက်နက်တွေကိုတော့ ဘုန်းကြီးကျောင်း အောက်က ထင်းပုံကြားမှာ ထိုးထားခဲ့ကြတယ်။ စစ်အာဏာရှင်တွေကတော့ နည်းတောင်နည်းသေးတယ်လို့ မှတ်ချက်ချနေပါလိမ့်မည်။

ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးဦးတည်ချက်ကို တညီတညွတ်တည်း မချမှတ်နိုင်ခဲ့ကြ

ရှစ်လေးလုံးကာလအတွင်းက “ကြားဖြတ်အစိုးရဖွဲ့စည်းရေး” တောင်းဆိုချက်ဟာ အခြေအနေနှင့် ကိုက်ညီမှန်ကန်ခဲ့ပါတယ်။ မကိုက်ညီ မမှန်ကန်ခဲ့တာက ဒီတောင်းဆိုချက်အတိုင်း ခေါင်း ဆောင်မှုက ညီညီညာညာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ခဲ့ကြတာပါပဲ။ တချို့က “အာဏာပြန်အပ် ရေး” ကို တောင်းဆိုပြီး အစိုးရအဖွဲ့ဖွဲ့ဖို့အထိ ကြိုးပမ်းလာတော့ ခေါင်းဆောင်အင်အားတွေ အကွဲကွဲအပြားပြား ဖြစ်ကုန်ကြတာပေါ့။

အစိုးရအဖွဲ့ ဖွဲ့တယ်ဆိုတာ ဆိုင်းဘုတ်လေးချိတ်လိုက်ရုံနှင့် ကြေညာချက်လေး ထုတ်ပြန်လိုက် ရုံနှင့် ဖြစ်တာမဟုတ်ဘူး။ ဒီအစိုးရရဲ့အာဏာကို ကျောထောက်နောက်ခံပြုပေးမည့် စစ်တပ် တတပ်နှင့် အာဏာကို ဖြန့်ကြက်သက်ဝင်လှုပ်ရှားစေမည့် အစိုးရယန္တရားတရပ် ရှိဖို့လည်း လိုအပ်ပါတယ်။ အဲဒီအချိန်က ရှစ်လေးလုံးအရေးတော်ပုံကြောင့် အစိုးရယန္တရား ရပ်ဆိုင်းသွား တာကို ဒီမိုကရေစီ ရပြီထင်ပြီး အစိုးရအဖွဲ့ ဖွဲ့ဖို့ စိတ်ကူးယဉ်ခဲ့ကြပုံရပါတယ်။ ဒီလိုစိတ်ကူး ယဉ်ပြီး အာဏာရတော့မည် ထင်လာတော့လည်း သဘာဝကျစွာပဲ ခေါင်းဆောင်ပိုင်းမှာ ဂိုဏ်း ဂဏနှင့် အာဃာတတွေ ခေါင်းထောင်လာပြီး ညီညွတ်ရေး ပြိုကွဲပျက်စီးခဲ့ရတာပါပဲ။

အာဏာပါးဝနေပြီဖြစ်တဲ့ ဗိုလ်နေ၀င်းကတော့ မဆလပါတီ ပြိုကျနေတာကို လက်ခုပ်တီးပေး နေပြီး အစိုးရယန္တရား ရပ်ဆိုင်းသွားတာကို ထိုင်ကြည့်နေခဲ့တယ်။ အာဏာရဲ့ ကျောရိုးဖြစ်တဲ့ စစ်တပ်ကိုပဲ လက်ထဲမှာ မြဲမြဲဆုပ်ထားခဲ့တယ်။ လူထုအုံကြွမှု အရှိန်မြင့်တက်လာပြီး စစ်တပ်ထဲကို အနည်းအပါး ဂယက်ရိုက် ပဲ့ထွက်လာလိုက်တာနှင့် တပြိုင်နက် ဗိုလ်နေ၀င်းက အာဏာ ကောက်သိမ်းလိုက်တော့တာပါပဲ။

အာဏာသိမ်းပွဲမှာ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်ပြီးနောက် ရွေးကောက်ပွဲ ကျင်းပပေးမည်လို့ ကြေညာလိုက်တာဟာ လူထုကို ဒီမိုကရေစီပေးဖို့ မဟုတ် ပါဘူး။ သွေးဆူနေတဲ့ ကျောင်းသားတွေနှင့် သွေးတက်နေတဲ့ နိုင်ငံရေးသမားတွေ သွေးပျက်ကွဲ ထွက်သွားအောင် နိုင်ငံရေး သပ်ရိုက်ထည့်ပေးလိုက်တာပါ။ ရွေးကောက်ပွဲဝင်မည့် ပါတီပေါင်း နှစ်ရာကျော်တောင် ပေါ်လာတယ်ဆိုတော့ န၀တရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ပဲ ဆိုရ မှာပေါ့။

အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်မှုအနေအထား

တကယ်တော့ န၀တလိုလားတဲ့ နိုင်ငံရေးမီဒီယာသမားတချို့ ပြောနေကြသလို အန်အယ်လ်ဒီ ပါတီရဲ့ လက်ဝဲလက်ယာ အမှားတွေကြောင့် ဗမာပြည်မှာ ဒီနေ့လို နိုင်ငံရေးအကျပ်အတည်း တွေ့ကြုံနေရတာဆိုတဲ့ ကောက်ချက်မှာ အမှန်တရား တရွေးသားတောင် မပါပါဘူး။ န၀တရဲ့ “၈၉ ရွေးကောက်ပွဲဥပဒေ၊ ၁/၉၀ ကြေညာချက်” တွေမှာ ဘာတွေပဲရေးထားထား၊ ဘယ်လို MANDATE တွေပေးပေး မပေးပေး နိုင်ငံရေးပါတီတွေကို အာဏာလွှဲပြောင်းပေးရေးဆိုတာကို သူတို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ စစ်တပ်ပါတီဖြစ်တဲ့ မဆလ ပါတီတဖြစ်လည်း တစည ပါတီအာဏာရရေးအတွက်သာ န၀တက အစွမ်းကုန် အားပေးကူညီခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးအတွေ့အကြုံ ကြီးမားပြီး အမြော်အမြင်ရှိတဲ့ ပြည်သူတွေက အန်အယ်လ်ဒီ ကိုပဲ ၀ိုင်းဝန်းစုပြုံပြီး မဲပေးလိုက်တဲ့အခါ န၀တခမျာ နိုင်ငံရေးအရ ရုတ်တရက် အရှိုက်အထိုးခံ လိုက်ရကာ အကြီးအကျယ် နိုင်ငံရေးအရ အကြပ်ရိုက်သွားခဲ့တာပဲဖြစ်တယ်။ ဒီအကျပ်အတည်း ကို ပေးခဲ့တဲ့ ကတိက၀တ်မှန်သမျှ ဗိုလ်ချုပ်စောမောင်အပေါ် ပုံချ စတေးလိုက်ကြပြီး န၀တက ကိုယ်လွတ်ရုံးဖို့ ကြိုးစားခဲ့ကြတာပါပဲ။

န၀တ ဗိုလ်ချုပ်တွေအနေဖြင့် ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လာရင် ဘယ်ဥပဒေ၊ အမိန့်၊ ဘယ် အခြေခံဥပဒေကိုမဆို ချိုးဖောက်ဖို့ အသင့်ရှိသလို ဘယ်သူ့ကိုမဆို သစ္စာဖောက်ဖို့ရာလည်း ၀န် မလေးကြပါဘူး။ အခုနောက်ဆုံး တပ်မတော်ရဲ့ ခေါင်းကိုင်ဖခင် (God Father) အဖြစ် သဘော ထားခဲ့ကြတဲ့ ဗိုလ်နေ၀င်းကိုတောင် အာခံသစ္စာဖောက်လာကြတဲ့အထိ လက်ရဲဇက်ရဲ နိုင်လာ ခဲ့ကြပါပြီ။ နအဖ အဖွဲ့ရဲ့ ဒီလိုအာဏာအရူးချီးပန်းစိတ်နှင့် ကောက်ကျစ်ယုတ်မာစွာ ထင်ရာလုပ် လာခဲ့လို့ ဖြစ်လာခဲ့တဲ့ အကျိုးရလဒ်၊ အကျပ်အတည်းမှန်သမျှ အန်အယ်လ်ဒီပါတီ အပေါ် ပုံချ နေကြတာ အလွန်ရက်စက် ရိုင်းပျတဲ့ နိုင်ငံရေးလုပ်ကြံမှုတွေပါပဲ။

အန်အယ်လ်ဒီပါတီအနေဖြင့် ပြည်သူလူထုတရပ်လုံးက ထောက်ခံအပ်နှင်းတဲ့ ၉၀ ရွေးကောက် ပွဲရလဒ်တွေ၊ အသီးအပွင့်တွေကို ကာကွယ်ရပ်တည်ရင်း မိုးသက်မုန်တိုင်းကြားမှာ ပေးဆပ်ခဲ့ရတဲ့ တန်ဖိုးများစွာ ရှိခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ ဦးနှောက်လို့ ပြောရမယ့် အရေးပါတဲ့ခေါင်း ဆောင်တွေဟာ ထောင်ထဲမှာနေ၊ ထောင်ထဲမှာ သေနေကြရတာ ယနေ့အထိပါပဲ။

အန်အယ်လ်ဒီပါတီရဲ့ ခြေလက်လို့ပြောရမယ့် အင်အားစုတွေဟာလည်း ရေရှည် တိုက်ပွဲစဉ် အဆင့်ဆင့်မှာ ပါဝင်ရင်း နှောင်ကြိုးတည်း ခြေချုပ်မိနေသူတွေ၊ ကျဆုံးရသူတွေ အနတက္ကမ များလှပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အန်အယ်လ်ဒီပါတီအနေနှင့် ယနေ့တိုင် ၉၀ ပြည့်နှစ်ရလဒ်တွေကို ဆက်ခံကာကွယ်ရင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအလံ လွှင့်ထူရပ်တည်နိုင်စွမ်းရှိနေတာကို ဒီမိုကရေစီအင်အားစုများ အားလုံးက အသိအမှတ်ပြု ထောက်ခံကြိုဆိုရမှာဖြစ်ပါတယ်။

ဒီလိုပြောလို့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်မှုအပေါ် ဝေဖန်ထောက်ပြစရာ ချို့ယွင်းအား နည်းချက်တွေ မရှိဘူးလို့ မဆိုလိုပါဘူး။ အန်အယ်လ်ဒီပါတီရဲ့ ရပ်တည်မှုဟာ ဒီနေ့အထိ အခြေခံအားဖြင့် မှန်ကန်တယ်လို့ ထောက်ခံအသိအမှတ်ပြုခြင်းသာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှစ်လေးလုံး လှုပ်ရှားမှုအတွင်းက ပြည်သူလူထုဟာ အန်အယ်လ်ဒီအလံကို ဂန္ဒီခန်းမအထိ သယ်ဆောင်ဝန်းရံပေးခဲ့ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်တက်ကြွမှုသာရှိပြီး ခြေလှမ်းမရှိ၊ နည်း ပရိယာယ်မရှိတဲ့ ခေါင်းဆောင်မှုဟာ လူထုကို အောင်ပွဲဆီအထိ ပို့ဆောင်မပေးနိုင်ခဲ့ပါဘူး။ စစ်အစိုးရက “အမျိုးသားညီလာခံ” ဆိုတဲ့ သင်္ကြန်အမြောက် ပစ်ဖောက်လိုက်တော့လည်း သဘောထားလုပ်ငန်းစဉ် ပီပီပြင်ပြင်မရှိတဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေကိုယ်တိုင် ၀င်နွှဲ လိုက်ကြပါသေးတယ်။

ရှစ်လေးလုံးကျောင်းသားလူငယ်တွေ စတင်ဖောက်ခွဲလိုက်တဲ့ ရဟန်းသံဃာတော်များရဲ့ စက်တင်ဘာအရေးအခင်းအတွင်းမှာ အန်အယ်လ်ဒီပါတီ ရဲဘော်တွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နှင့် စွန့်လွှတ်မှုဟာ လေးစားစရာကောင်းသလောက် ခေါင်းဆောင်မှုရဲ့ ဖော်ပြချက်တွေကတော့ အတော်စိတ်ပျက်စရာပါပဲ။ ဒီစက်တင်ဘာ လူထုတိုက်ပွဲဟာ နအဖအဖွဲ့ကို တုန်လှုပ်ချောက် ချားသွားစေခဲ့သလို အန်အယ်လ်ဒီခေါင်းဆောင်မှုရဲ့ အားနည်းချက်ကို ဖုံးဖိလို့မရအောင် ဖွင့်ပြလိုက်သလိုလည်း ဖြစ်စေခဲ့ပါတယ်။ လက်တွေ့တိုက်ပွဲထဲမှာ အန်အယ်လ်ဒီခေါင်းဆောင် တွေကို ခေါင်းရှောင်တွေ၊ နောက်မြီးဆွဲတွေလို့ လူထုတချို့က မြင်လာကြပါတယ်။
တဆက်တည်းဆိုသလို---

အန်အယ်လ်ဒီခေါင်းဆောင်တွေဟာ နိုင်ငံရေးခေါင်းဆောင်တွေနှင့် မတူဘဲ ကြေညာချက်တွေ၊ သတင်းတွေ ထုတ်ပြန်ရုံသာ လုပ်တတ်တဲ့ အစိုးရရုံးဌာနက အရာရှိကြီးတွေနှင့် တူနေပြီး ပါတီကို နိုင်ငံရေးပါတီတရပ်အဖြစ် စည်းရုံးတည်ဆောက်နိုင်ဖို့ မကြိုးပမ်းဘဲ နာရေးကူညီစောင့်ရှောက် ရေးအသင်းတသင်းလောက်ပဲ လှုပ်ရှားနေကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်စုမရှိရင် ခေါင်းဆောင်မရှိ၊ ဘာလှုပ်ရှားမှုမှမရှိ၊ အားလုံးဟာ အရုပ်ကြိုးပြတ် ဖြစ်နေကြပြီ။ စတဲ့ အမြင် အမျိုးမျိုးတွေ ထွက်ပေါ်လာနေတယ်။ ဒီလို ဘာကြောင့် ဖြစ်နေရတာလဲ။

ရှင်းပါတယ်။ အန်အယ်လ်ဒီပါတီမှာ ခေါင်းဆောင်တွေသာရှိပြီး လမ်းညွှန်အဖြစ် ကိုင်စွဲကျင့်သုံး ရမယ့် လုပ်ငန်းစဉ် လမ်းစဉ်မရှိလို့ပါပဲ။ အန်အယ်လ်ဒီပါတီမှာ တပါတီလုံး ၀ိုင်းဝန်းဆွေးနွေး ချမှတ်ထားတဲ့ လုပ်ငန်းစဉ် လမ်းစဉ်မရှိသလို၊ ပေါ်လစီ နည်းနာလုပ်ဟန် စတဲ့ နိုင်ငံရေးပါတီ တရပ်ရဲ့ လမ်းညွှန်တွေလည်း မရှိပါဘူး။ ဒီတော့လည်း လတ်တလော ဖြစ်ရပ်တွေနောက်ကို သန့်စင်ရာ ကျည်ပွေ့လိုက် ဖြေရှင်းနေကြရတာပေါ့။

“ဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှလုပ်ကြတာပေါ့” သဘောထားမယ်ဆို ရင်တော့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အတော်တာဝန်မဲ့ရာ ကျပါလိမ့်မည်။ ဒေါ်အောင် ဆန်းစုကြည် ဘယ်တော့လွတ်မယ်ဆိုတာ ဗိုလ်သန်းရွှေကလွဲလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အနည်းဆုံး ၂၀၁၀ ပြည့်နှစ် မတိုင်မီတော့ လွတ်လာနိုင်စရာမရှိပါဘူး။ ဒါကို ခေါင်းဆောင်တွေ အနေနဲ့ ရုံးခန်းထဲက ထိုင်စောင့်နေနိုင်ပေမယ့် ဖြစ်ရပ်တွေကတော့ ထိုင်စောင့်နေမှာ မဟုတ်ပါ ဘူး။ အချိန်နှင့်အမျှ ပြောင်းလဲနေမှာပါပဲ။

မြင်သာသလောက် ပြောရရင် အခုဆို ပြဿနာတွေက တန်းစီစောင့်နေပါပြီ။ နအဖရဲ့ လမ်းပြ မြေပုံအရကို မကြာခင် နိုင်ငံရေးပါတီတွေ ဖွဲ့စည်းတည်ထောင်ခွင့်ပြုရတော့မည်။ ရွေးကောက် ပွဲအတွက် စည်းရုံးလှုပ်ရှားခွင့် ပြုကြရတော့မည်။ တဆက်တည်းမှာ နိုင်ငံရေးအရ ရှင်းလင်း အောင် အဖြေပေးရမည့် မွေးခွန်းတွေကလည်း နည်းမှာမဟုတ်ဘူး။ ရွေးကောက်ပွဲအပေါ် သဘောထား ဘာလဲ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပေါ် သဘောထား ဘာလဲ၊ ဖွဲ့စည်း မည့်လွှတ်တော်အပေါ် သဘောထား ဖြေကြားပေးကြရပါလိမ့်မည်။

အခုလာမည့် (၂) နှစ်တာကာလာဟာ ဗမာပြည်ရဲ့နိုင်ငံရေးကံကြမ္မာအတွက် အရေးကြီးလှသလို အန်အယ်လ်ဒီပါတီရဲ အနာဂတ်အတွက်လည်း အရေးပါလှပါတယ်။ ဒီလို ဗမာပြည်ရဲ့ နိုင်ငံရေး ကံကြမ္မာအတွက် အရေးပါလှတဲ့ကာလမှာ ပြည်သူတွေဘက်က တခုတည်းသော အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်များအနေနဲ့ မလွဲမသွေ လမ်းညွှန် သဘောထား တွေ အဖြေပေးရပါတော့မည်။ ဒီအချိန်မှာ လမ်းညွှန်သဘောထား မှန်ကန်ဖို့ အရေးကြီးသလို အဖြေမမှားဖို့လည်း လိုအပ်ပါလိမ့်မည်။

လတ်တလောလုပ်ငန်းစဉ်ဆိုင်ရာ အကြံပေးချက်

(၁) ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူတွေအနေနှင့် ရှစ်လေးလုံးအရေး အခင်းကြီးက မွေးထုတ်ပေးလိုက်တဲ့ အန်အယ်လ်ဒီပါတီကိုပဲ အားပေးဝန်းရံ ထောက်ခံရမှာပါ။ အန်အယ်လ်ဒီပါတီရဲ့ ၉၀ ပြည့်နှစ်ရလဒ်ကို အသိအမှတ်ပြုရေး အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်မှာ အခိုင်အမာရပ်တည်ကြရပါလိမ့်မည်။

(၂) တချိန်တည်းမှာ ဒီမိုကရေစီအင်အားစုတွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစု တွေ၊ လူထုအဖွဲ့အစည်းတွေနှင့်အတူ ပူးတွဲလှုပ်ရှားနိုင်မည့် ဘုံလုပ်ငန်းစဉ်တရပ် (သို့မဟုတ်) လက်တလော လုပ်ငန်းစဉ်တရပ်ကို အန်အယ်လ်ဒီပါတီအနေဖြင့် ဦးဆောင်ဖော်ထုတ်သင့်ပါ တယ်။ အဆိုပါ ဘုံလုပ်ငန်းစဉ်ရဲ့ လတ်တလောဦးတည်ချက်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင် တိုက်ဖျက်ရေးဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မည်။ တချိန်တည်းမှာ ကျယ်ပြန့်တဲ့ အင်အားစုများ
ပါဝင်နိုင်မည့် လုပ်ငန်းစဉ်နှင့် ခြေလှမ်းတွေလည်း ပါဝင်သင့်ပါတယ်။

(၃) အဆိုပါ ဘုံလုပ်ငန်းစဉ်တရပ် ဖော်ထုတ်အကောင်အထည်ဖော်တဲ့ ဖြစ်စဉ်အတွင်းမှာ ကျယ်ပြန့်တဲ့ ဒီမိုကရေစီတပ်ပေါင်းစုတရပ် ဖော်ထုတ်နိုင်ရေးအတွက်လည်း အားထုတ်ကြိုးပမ်းဖို့ အရေးကြီးပါတယ်။ တော်လှန်ရေး လှုပ်ရှားမှုတရပ်ရဲ့ အောင်ပွဲကို အာမခံချက်ပေးတာ ပါတီ၊ တပ်နှင့် တပ်ပေါင်းစုဆိုတဲ့ ပြဒါးရှင် (၃) လုံးဖြစ်ပါတယ်။ ဒါပေမယ့် ပါတီတွေဟာ နိုင်ငံရေးအရ အောင်မြင်နေပြီဆိုရင် တပ်ပေါင်းစုကို ချောင်ထိုးထားတတ်ပြီး အကျပ်အတည်း ဆိုက်ပြီဆိုမှ သတိရတတ်တဲ့ အမှားမျိုးကို သတိထားဖို့ လိုအပ်ပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အန်အယ်လ်ဒီအနေ ဖြင့် လူထုလူတန်းစား အဖွဲ့အစည်း၊ အမျိုးသားအဖွဲ့အစည်း မျိုးစုံပါဝင်တဲ့ ဒီမိုကရေစီတပ်ပေါင်း စုတရပ် ဦးဆောင်ဖွဲ့စည်းဖို့ လိုအပ်ပါပြီ။

(၄) အထက်မှာ ဖော်ပြခဲ့တဲ့ ပြဒါးရှင် (၃) လုံးဟာ အောင်ပွဲအတွက် အာမခံချက်ပေးမည့် အခြေခံ အင်အားဖြစ်ပေမယ့် တကယ်တမ်း အောင်ပွဲခံမည့် ခြေလှမ်းတွေကို အဆုံးအဖြတ်ပေးမှာ နည်းပရိယာယ် လုပ်ငန်းစဉ် လမ်းစဉ်ဖြစ်ပါတယ်။ နည်းပရိယာယ်လုပ်ငန်းစဉ် မှန်ကန်မှ မဟာဗျူဟာ ရည်မှန်းချက်အောင်မြင်မှာ ဖြစ်ပါတယ်။ နည်းပရိယာယ်လုပ်ငန်းစဉ်မှန်ကန်ဖို့
လက်ဝဲလက်ယာ တိမ်းစောင်းမှုတွေကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါလိမ့်မည်။

နည်းပရိယာယ်လုပ်ငန်းစဉ်ဆိုတာ ငြိမ်းချမ်းတဲ့နည်းလမ်းနှင့် အကြမ်းဖက်တဲ့နည်းလမ်း၊ ဥပဒေ တွင်းနှင့် ဥပဒေပလုပ်ငန်း၊ နိုင်ငံရေးနည်းလမ်းနှင့် အုပ်ချုပ်ရေးနည်းလမ်း စတဲ့ တိုက်ပွဲသဏ္ဌာန် မျိုးစုံကို အချိန်အခါ အခြေအနေအလိုက် သမမျှတအောင် ပေါင်းစပ်ပေးရတာဖြစ်လို့ ခေါင်း ဆောင်မှုအနုပညာကို စမ်းသပ်တဲ့ မှတ်ကျောက်ကြီးဖြစ်ပါတယ်။ အခု ဒီမှတ်ကျောက်ပေါ်မှာ အန်အယ်လ်ဒီခေါင်းဆောင်တွေဝင်ပြီး အစစ်ဆေးခံကြရပါလိမ့်မည်။
(က) အခြေခံဥပဒေကို အာခံမှာလား၊ နာခံမှာလား။
(ခ) ရွေးကောက်ပွဲဝင်ရေးလား၊ ကြဉ်ရေးလား။
(ဂ) ၉၀ ရလဒ်စွန့်ရေးလား၊ ပါတီစွန့်ရေးလား။
ဒီအရေးကြီးတဲ့ မေးခွန်းတွေကို မကြာမီ မလွဲမသွေ အဖြေပေးကြရပါတော့မည်။

(၅) ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဦးစီးဦးဆောင်ပြုနေတဲ့ အန်အယ်လ် ဒီပါတီ ဒီနေ့ထမ်းဆောင်နေရတဲ့ တာဝန်ကြီးလေးသလို ရင်ဆိုင်နေရတဲ့ နိုင်ငံရေးဖိအားကလည်း အလွန်ကြီးမားလှကြောင်းကို အားလုံးက အသိအမှတ်ပြုကြရပါလိမ့်မည်။ ဒါ့အပြင် ပြင်းထန်တဲ့ နိုင်ငံရေး မိုးသက်မုန်တိုင်းကြားမှာ ဖြတ်သန်းခဲ့ကြရတဲ့ ခယောင်းလမ်းကလည်း နှစ်ပေါင်း (၂၀) တိုင်ခဲ့ပါပြီ။ ပြောရရင် ရှစ်လေးလုံးကာလက တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ (၆၀) တန်း ခေါင်း ဆောင်များသည်ပင်လျှင် ယခုအခါ အသက် (၈၀) ကျော် အိုမင်းတွင်းဆုံးဘ၀ ရောက်နေကြပါပြီ။ ဒီနေ့ထိ အန်အယ်လ်ဒီပါတီရဲ့ ဒီမိုကရေစီအလံ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလံ၊ အမျိုးသားပြန် လည်သင့်မြတ်ရေးအလံတွေ ဆက်လက်လွင့်ပျံနေနိုင်တာ လက်ရှိခေါင်းဆောင်တွေရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြု ဂုဏ်ပြုကြရမှာပါ။

တချိန်တည်းမှာ အန်အယ်လ်ဒီပါတီ ဒီကနေ့ ကြုံတွေ့နေရတဲ့ အကျပ်အတည်း ကြီးမားလှသလို ရှေ့ဆက်ထမ်းဆောင်ရမည့် တာဝန်တွေကလည်း များပြားလေးလံလှတာကို သတိပြုရမှာပါ။ ဒီလိုအချိန်အခါမျိုးမှာ လက်ရှိခေါင်းဆောင်မှု၊ ဖယ်ရှားပယ်လှန်ရေး သဘောထားမျိုး မထား အပ်ပါ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာခံဝန်းရံရေးသဘောထားမျိုးသာ ထားရှိ ထိုက်ပါတယ်။

အခြားတဖက်မှ အရွယ်နှင့်မမျှအောင် မနိုင်ဝန်ထမ်းနေကြရသော လူကြီးများကလည်း လက်ရှိ အခြေအနေ တောင်းဆိုမှုနှင့် ကိုက်ညီမျှတမည့် ခေါင်းဆောင်မှုအင်အား ဖြည့်တင်းရေးကို အလေးပေး စဉ်းစားသင့်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ်ကြာ ဖြတ်သန်းလာခဲ့တဲ့ အန်အယ်လ်ဒီ ပါတီမှာ အစမ်းသပ်ခံပြီး လူကြီး၊ လူလတ်၊ လူငယ်များ ရှိထားပြီးဖြစ်ပါတယ်။ ရှစ်လေးလုံးမှ စက်တင်ဘာ အရေးအခင်း အထိ ဖြတ်သန်းလာခဲ့သော မျိုးဆက်သစ်လူငယ် ကျောင်းသားများ ကိုလည်း စည်းရုံးသိမ်းသွင်း မွေးမြူတည်ထောင်သင့်ပါတယ်။ သမင်မွေးရင်း ကျားစားရင်း ကိန်းဆိုက်နေသော ခေတ်သမယတွင် ခေါင်းဆောင်မျိုးဆက် မပြတ်ရေးကို အလေးထားဖို့ လိုပါလိမ့်မည်။ ခေါင်းဆောင်မှုပြဿနာ ဖြေရှင်းနိုင်ရင် အရေးတော် အောင်မြင်ဖို့ (၅၀) ရာခိုင်နှုန်း သေချာနိုင်ပါတယ်။ ဒီနေ့လို ဗမာပြည်ရဲ့ အရေးကြီးတဲ့ နိုင်ငံရေးအချိုးအကွေ့မှာ ဒီမိုကရေစီ အရေးတော် အောင်ပွဲရရေးရဲ့ အဓိကဆက်ထုံးဟာ ခေါင်းဆောင်မှုပြဿနာကို မှန်ကန်စွာ ဖြေရှင်းနိုင်စွမ်း ရှိမရှိအပေါ်မှာ မူတည်နေပါတယ်။


No comments: